တူတာတွေ

မျိုးမြင့်ချို(20 December 15)


မဆလ မိုက်ဇာတ်နဲ့ ၁၉၇၄ ဖွဲ့စည်းပုံကို ၈၈ အရေးတော်ပုံနဲ့ လူထုကသိမ်းပေးရတာပါ။ ဒါတောင် အကင်းမသေလို့ တစညတွေ လုပ်/စည်း၊ လယ်/စည်းတွေနဲ့ ခုထိ အငုတ်အတက်နဲ့အသက်ငွေ့ငွေ့ ကျန်သေးတယ်။ ၆၂ နှစ် အာဏာသိမ်းဗိုလ်နေဝင်းစစ်အုပ်စုဟာ ၁၂ နှစ်ကြာ ပြီးနောက် ဦးဆောင်နိုင်ငံရေးပါတီ(မဆလ)နဲ့၊ ဖွဲ့စည်းပုံနဲ့၊ ရွေးကောက်ပွဲတွေနဲ့၊ လွှတ်တော်နဲ့၊ သမ္မတနဲ့၊ အစိုးရအဖွဲ့ ဘာနဲ့ညာနဲ့ အထိုင်ချလိုက်တယ်ဆိုပေမယ့် လူထုဟာ ဓနရှင်ဒီမိုကရေစီလည်းမမြင်ရ၊ ဆိုရှစ်လစ်ဒီမိုကရေစီလည်း မတွေ့ရ၊ ပြည်သူ့ဒီမိုကရေစီဆို ဝေးစွ ခြောက်ပါးပဲ။






--------------------------------------------------------------------


သူခင်းထားတဲ့လမ်းအတိုင်း လျှောက်ချင်လျှောက် မလျှောက်နိုင်ရင် တိုက်။ တိုက်လို့ရှူံးရင် ထောင်ထဲ တောထဲသွားနေ ဒါပဲ။ ရှင်းတယ်။ ဒီမိုကရေစီ မရှိဘူး။ ဒီမိုကရေစီစနစ်ကြီးအကောင်အထည်ဖော်နေပါတယ် ဘာညာလည်းမပြောဘူး။ ဆိုတော့ ဒီမိုကရေစီရေးအကြပ်အတည်း ရှိတယ်လို့ မထင်ရဘူး။

သူ့ဖွဲ့စည်းပုံမှာလည်း ရှင်းတယ်။ တစ်ပါတီစနစ်ပဲ။ သူတို့ပါတီပဲ ဦးဆောင်မယ်။ လွှတ်တော်ထဲလညူ်း ဘယ်သကောင့်သားမှ ဝင်မထိုင်နဲ့။ ဖွဲ့စည်းပုံလည်း မပြင်ချင်ရင် မပြင်ပဲနေမယ်။ ပြင်စရာရှိလည်း သူတို့ဘာသာသူတို့ပြင်မယ်။ ဆိုတော့ ဖွဲ့စည်းပုံအကြပ်အတည်းရှိတယ်လို့လည်း မမြင်ရဘူး။

သမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ဗဟိုတရားသူကြီးဥက္ကဌတွေလည်းရှိတယ်။ စင် ကိုယ်စီဆောက်ထားတာဆိုပေမယ့် အာဏာကိုတော့ ပါတီက ကိုင်ထားတယ်။ ပါတီဟာ အရာရာဖြစ်တယ်။ ပါတီဟာ အလံ။ ပါတီကို မလွန်ဆန်ရ။ ပါတီကျော်ပြီး ရုံးတရုံးဓားတစင်း လုပ်ပြရုံလေးတောင် မရဘူး။ ဆိုတော့ အစိုးရနဲ့လွှတ်တော်ကြား၊ လွှတ်တော်နဲ့ဖွဲ့စည်းပုံခုံရုံးအကြားပွတ်တိုက်မှုတို့ဘာတို့ဆိုတဲ့ အကြပ်အတည်းရှိတယ်လို့ မမြင်ရဘူး။






--------------------------------------------------------------------


ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မယ်လို့ တခွန်းမှမပြောဘူး။ ဘာကတိကဝတ် ဘာ အာမဘန္တေမှ ခံမထားဘူး။ ငြိမ်းချမ်းရေးတွေ အပစ်အခတ်ရပ်စဲရေးတွေလာမပြောနဲ့။ မြိ့ပေါ်နေ နိုင်ငံရေးလုပ်ချင်ရင် လက်နက်ချ။ မဆလထဲဝင်။ မဝင်ချင်ရင် ပေးတာစား ကျွေးတာယူ အေးအေးနေ ဘယ်နေရာမှဝင်မရှုပ်နဲ့မူပဲ။ မနေနိုင်ရင် တောထဲကနေ နိုင်ငံအောင်တိုက်။ ဆိုတော့ ဖက်ဒရယ်လ်တို့၊ ပြည်တွင်းစစ်ရပ်စဲရေးတို့ဆိုတဲ့အကြပ်အတည်းရှိတယ်လို့ မပြောသာဘူး။

တပ်ကိုကိုင်ဖို့ အစိုးရရှိတယ်။ အစိုးရကိုကိုင်ဖို့ ပါတီရှိထားတယ်။ အစိုးရက ပါတီကို နာခံရမယ်။ သေနတ်သည် ပါတီကိုနာခံရတယ်ဆိုတဲ့ ရုပ်အပြကောင်းခြင်း ရှိနေတယ်။ သေနတ်ပြောင်းကို မဆလပါတီက အမိန့်ပေးတယ်။ ဆိုတော့ စစ်တပ်က အစိုးရအမိန့်နာခံတယ် မနာခံဘူး ဆိုတဲ့ပြဿနာရှိတယ်လို့ မဆိုသာဘူး။

အတွင်းသဘော တကယ့်အနှစ်သာရသဘောမှာ တိုင်းပြည်နဲ့လူထုအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြည်တွင်းစစ်၊ လူမျိုးစုရေး စတဲ့ ပြသနာသောင်းခြောက်ထောင်နဲ့ မကြေနပ်ချက်တွေ၊ သူတို့အချင်းချင်း စားခွက်လု စောင်မန်ခုတ် ဝေစုမတည့်တွေရှိတာမှန်ပေမယ့် ပါတီ့ခေါင်းဆောင်မှုနဲ့ အားလုံးကိုဝိုင်းကြီးချုပ် ချုပ်ထားတာဆိုတော့ ဘယ်အကောင်မှသိတ်လှုပ်မရဘူး။ အားလုံးဟာ ပါတီကို နာခံရတယ်။ ပါတီကို ဗဟိုကော်မတီကဦးဆောင်တယ်၊ ဗဟိုကော်မတီကိုချုပ်ထားနိုင်တဲ့ နံပတ်ဝမ်းရှိနေတယ်။ ဗိုလ်နေဝင်း ရှိနေတယ်။ စစ်အာဏာရှင် စနစ်မှာ နံပတ်ဝမ်းဟာ အရာရာပဲ။ အခရာပဲ။ သူဟာနိုင်ငံတော်၊ သူဟာ ဥပဒေ၊ သူဟာ မှု နဲ့ ဆုံးဖြတ်သူဖြစ်တယ်။

ခုလက်ရှိစစ်အုပ်စုအခြေအနေမှာ ဟိုတုန်းကနဲ့ကွဲလွဲတဲ့ ဖွဲ့စည်းပုံ၊ လွှတ်တော်၊ ရွေးကောက်ပွဲ၊ အစိုးရ၊ နိုင်ငံရေးပါတီ(များ)ရှိနေတယ်။ မတူဘူး ပြောင်းပြန်ဖြစ်သွားပြီလို့ ထင်ချင်စရာကောင်းတဲ့အနေအထားရောက်နေတယ်။ စစ်အုပ်စုရဲ့ ခေတ်အလိုက် ပြည်တွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံရေးမီးစင်ကြည့်ကတဲ့ဇာတ်ကွက်မှာကိုပဲ ကိုယ့်ဘာသာပြန် ကြပ်နေတာတာတွေရှိတယ်။ဟိုတုန်းကနဲ့မတူတဲ့အကြပ်အတည်းတွေ သူတို့ဘက်မှာရော ကိုယ့်ဘက်မှာပါရှိနေတယ်။ ဒါ ငြင်းမရတဲ့အနေအထားပါ။ အသေအချာ အချက်အလက် ဝေဝေဆာဆာနဲ့ ပြောကြ ဆိုကြတာတွေလည်း မနည်းပါဘူး။ ကျနော်လည်း ခင်ဗျားနည်းတူ မြင်နေ တွေ့နေ ဖတ်နေ ကြားနေ သိနေတာပါပဲ။

ဒါတွေကို ဂဃနဏ စိစစ်ဖို့တော့ လိုလိမ့်မယ်တွေးပါတယ်။ “ဟိုတုန်းကနဲ့မတူဘူး၊ ဟိုတုန်းကနဲ့ မတူတော့ဘူး”လို့ ပတ်တောပိတ်ပြောပြီး ယတိပြတ်ဆုံးဖြတ်မယ်ဆိုရင်တော့ တက်တက်စင်မဟုတ်တောင် အလွဲကြီးလွဲမှာပါပဲ။ တူတာတွေရှိနေတာလည်း မျက်စေ့သျှမ်းမသွားဖို့ လိုမှာပါ။ စစ်ဗျူရိုကရေစီယန္တယား၊ စစ်အုပ်စုနဲ့ စစ်အုပ်စုကို မလွဲမသွေနာခံရတဲ့အစိုးရရှိနေတာ တူပါတယ်။ တပ်ကို ပြည်သူက မချုပ်ကိုင်နိုင်သေးတာ တူပါတယ်။ အမိန့်ရလိုက်တာနဲ့ လက်ရဲဇက်ရဲ ပစ်ခတ်သတ်ဖြတ်ဖို့ ဝန်မလေးတဲ့စစ်တပ်ရှိနေတာမှာ တူပါတယ်။

ဘာတွေနဲ့ ဘယ်လိုယောင်ပြယောင်ပြ ဘာအရေပဲခြုံခြုံ စစ်အာဏာရှင်ဆိုတာ အချိန်တန်ရင် သေနတ်ဆွဲထွက်လာတာပဲမဟုတ်လား။

မျိုးမြင့်ချို(ဒီဇင်ဘာ ၂ဝ ရက်၊ ၂ဝ၁၅



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org