(မဟန+ မဘသ)= စစ်အစိုးရ… ဖတ်သင့်တဲ့စာစု

(အရှင်ထာဝရ)- ခေတ္တ နော်ဝေးနိူင်ငံ။(2 June 15)




-----------------------------------------------------------------------

ခေတ်နဲ့အညီလက်ခံဖို့အရေးကြီးပြီ..

ဘာသာတရား ဆိ်ုတာ အဆုံးအမတွေပါပဲ။ အဲဒီအဆုံးမတွေကို မျိုးဆက်သစ်လူငယ်တွေ လက်ထဲ ရောက်အောင် ပြုလုပ်ပေးကြရမှာက သံဃာတော်တွေရဲ့အလုပ်ပါ။

အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာလို့ ဆိုတဲ့အတိုင်း မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ထဲကို ဗုဒ္ဓရဲ့ အဆုံးအမတွေ ကိန်းအောင်းဖို့ အရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် မဘသ အဖွဲ့ကြီးရဲ့ အမျိုး၊ ဘာသာ၊ သာသနာအတွက် စည်းရိုးတွေ ထိုးဖိုး နံရိုးတွေ စုနေစရာ လိုမယ်မထင်ပါဘူး။

အခုတော့ သံဃာတွေက ကိုယ်အလုပ့်ကိုယ် မလုပ်ကြတဲ့အခါ စစ်အာဏာရှင်တွေရဲ့ လှည့်စားမှုအောက်မှာ သံဃာဂိုဏ်းကွဲ၊ ဆရာဒကာ အစိပ်စိပ်အမွှာမွှာ ကွဲပြဲကြတဲ့ အဖြစ်ကို ရောက်နေရတဲ့အပြင် တစ်ချိန်က အများသူငါ လေးစားကြတဲ့ မြန်မာနိုင်ငံရဲ့ ထေရဝါဒဗုဒ္ဓသာသနာ ဟာ အခြားသူတွေရဲ့ အထင်အမြင်သေးစွာနဲ့ ပြောဆိုအဝေဖန်ခံလာရတာကြောင့် စိတ်မကောင်းစွာနဲ့ သုံးသပ်တင်ပြဆွေးနွေးရပါတော့မယ်။

အဓိကအနေနဲ့ မ.ဘ.သ အဖွဲ့ကြီးရဲ့ မလျော်ညီတဲ့အပြုအမူလုပ်ရပ်တွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းမှာ မျက်နှာပျက်စရာတွေနဲ့အလွန့်ကို များပြားနေပြီးဖြစ်ပါတယ်။ အမုန်းတရားတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ လှုံ့ဆော်ဟောပြောရမယ့် အလုပ်ဟာ သံဃာတွေရဲ့ အလုပ်မဟုတ်ပါဘူး။



-----------------------------------------------------------------------

မေတ္တာတရားလက်ကိုင်ထားပြီး လူသားတွေ ငြိမ်းချမ်းဖို့အတွက် ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီ သာသနာပြုကြ ရမှာ ဖြစ်ပါတယ်။ စစ်တပိုင်းအစိုးရရဲ့ အထောက်ပံတွေနဲ့ လည်ပတ်လှုပ်ရှားနေတဲ့ မ.ဘ.သ.အောက်ခြေ သံဃာငယ်တွေရဲ့ ဟောပြောမှုတွေကို နားထောင်ကြည့်တဲ့အခါ စကားအပြောဆို ဟာ ကြမ်းတမ်းလှပါတယ်။ ဗုဒ္ဓသာသနာတော်မှာ အပြစ်ရှိတဲ့ လူတွေက ပြန်လည်ဝန်ချတောင်းပန်ရင် ခွင့်လွတ်ပေးရတဲ့ မေတ္တာရားကို ဥပက္ခောပြုပြီး မ.ဘ.သ အဖွဲ့အနေနဲ့ အာဏာရှင်အကြိုက် လုပ်ဆောင်နေတာကို ဆရာထင်လင်းဦးဖြစ်ရပ်နဲ့ အတူ မျက်မြင်တွေနေရပြီ ဖြစ်ပါတယ်။

ရဟန်းသံဃာတွေမှာ ဝိနည်းအရ လူတစ်ယောက်ကို တရားရုံးရောက်အောင် တရားစွဲဆိုအောင် တိုက်တွန်းပိုင်ခွင့်မရှိဘူး။ ရဟန်းဆိုတာ ဝိနည်းဥပဒေအရ တောင်းပန်ရင် ကျေအေးရမှာပါ။ ဆရာထင်လင်း ဦး အနေနဲ့ မ.ဘ.သ ဥက္ကဌ ဆရာတော်ထံ တောင်းပန်ခဲ့ပြီး ဖြစ်သလို ဆရာတော်ဘုရားကလဲ ခွင့်လွှတ် ကျေအေးခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းရဲ့ ဥက္ကဌက ကျေအေးတာတောင် အောက်ခြေက ဖမ်းစီးထောင် ချဖို့ ဖိအားပေးနေတာဟာဖြင့် ရဟန်းသံဃာတို့၏ ဝိနည်းအရသော်လည်းကောင်း အဖွဲ့အစည်း တစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းအရသော်လည်းကောင်း သွေဖီနေပါတယ် ။

ကမ္ဘာမှာ ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည်ဟာ နှစ်ပေါင်းမြောက်များစွာ ပါဝင်နေပါတယ်။ ဆရာတော်များက အဲဒီအမည်းစက်ကို သန့်ရှင်းသွားအောင် ကျိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အခုတော့ မ.ဘ.သ အဖွဲ့ကြီး ဖွဲ့ပြီး မျိုးစောင့်ဥပဒေရေးဆွဲပြီး လွှတ်တောင်မှာ အတည်ပြုပေးဖို့ နိုင်ငံရေးပါတီတွေကို ဖိအားပေးနေတာဟာ သံဃာရဲ့ အလုပ်မဟုတ်ပါဘူး။

တကယ်တမ်း မ.ဘ.သ လုပ်ရမှာကတော့ ဗုဒ္ဓဘာသာအဖွဲ့စည်းကြီးကို လူတွေအမြင် မမှားအောင် ဆောင်ရွက်ရင်း ဗုဒ္ဓဘာသာဝင်ကို ဘာသာရေးအခြေခံကောင်းအောင် ဆောင်ရွက်ပေးရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အတူတကွ နေထိုင်ကြတဲ့ လူထုအကြား အမုန်းတရားဖြစ်စေမယ့် အသုံးအနူန်းတွေကိုရှောင်ရှားပြီး ပြည်သူတွေ အသိ ဉာဏ်မြင့်မားအောင် သင်ကြားပြုစုပျိုးထောင်ပေတဲ့ အလုပ်တွေကိုသာ လုပ်ဖို့အရေးကြီးတယ်လို့ မြင်ပါ တယ်။ အခုတော့ အလုပ်နဲ့နေရာတွေ လွှဲချော်နေတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ် နှလုံးကို မသာမယာဖြစ်စေပါတယ်။ မ.ဘ.သ- အဖွဲ့ဟာ သာသနာကို တကယ်ချစ်တယ်ဆိုရင် သံဃာအချင်းချင်း ညီညွတ်ရေးကို အထူးပြု လုပ်ဆောင်ရမှာပါ။ မိမိတို့အဖွဲ့နဲ့ အမြင်မတူတဲ့ သံဃာတွေကို သည်းခံဆွေးနွေးပြီး လက်တွဲ ဆောင်ရွက် နိုင်အောင် မစည်းရုံးနိုင်တဲ့အပြင် ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့အတိုင်း အမျိုးသားသစ္စာဖောက်ဆိုတဲ့ တံဆိပ် ခပ်နှိတ်ပြီး သံဃာတွေရဲ့ ညီညွတ်မှုကို ထပ်မံစိတ်ဖြာခွဲခြမ်းပြန်ပါတယ်။

မ.ဘ.သ-အဖွဲ့အနေနဲ့ မိမိလူမျိုးကို တကယ်ချစ်တယ်ဆိုရင် စစ်ကျွန်ဖြစ်နေတဲ့ ဆင်းရဲတွင်းထဲက ဒကာ၊ ဒကာမတွေရဲ့ ဘဝကို ဗုဒ္ဓအဆုံးအမနဲ့အညီ အရင်ဆုံး ကယ်တင်နိုင်အောင် ကြိုးစားရမှာပါ။ အခု တော့ လူထုက စစ်ဖိနပ်အောက်က ရုန်းထွက်နိုင်ဖို့အရေး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဆင် နိုင်အောင် ကြိုးစားတွန်းလှန်စဉ်မှာ မဘသ အဖွဲ့က မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ မျိုးစောင့်ဥပဒေပြဌာန်းရေးဆိုတာကြီးကို အပြိုင်အဆိုင် လုပ်နေတာဟာ နိုင်ငံရေးအရ အများကြီး စဉ်းစားစရာကောင်းလှပါ တယ်။

ဒါကိုကြည့်ခြင်းဖြင့် မ.ဘ.သ .ဟာ အမျိုးကိုစောင့်ဖို့အော်နေသော်ငြား လက်တွေ့မှာ လူထုရဲ့ စစ်ဖိနပ်အောက်က ရုန်းထမှုကိုတောင် ဖျက်လိုဖျက်ဆီးလုပ်နေတာကို အထင်အရှားမြင်လိုက်ရပါပဲ။ ဒါ့ကြောင့် မ.ဘ.သ.ဟာ နိုင်ငံရေးအရ စစ်အာဏာရှင်ဒေါက်တိုင်အဖြစ် အသုံးတော်ခံဖို့ ပေါ်ပေါက်လာတယ်လို့ ဆိုရင် ပိုမှန်နိုင်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး အတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် အသုံးချခဲ့တာ အကြိမ်ကြိမ်ရှိခဲ့ပါ တယ်။



-----------------------------------------------------------------------

အကောင်းဆုံး ဥပမာပေးရမယ်ဆိုရင် စစ်အာဏာသိမ်းအစိုးရ၊ တော်လှန်ရေး ကောင်စီခေတ် ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ အစိုးရ အသိအမှတ်ပြု သံဃာ့အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ မှတ်ပုံတင်ရေး ကိစ္စပါပဲ။

ဒါကို သံဃာဘက်က လက်မခံခဲ့ပါဘူး။ ဒါပေမယ့် ဒီ အကြံဟာ နောက်ဆုံးမှာ သာသနာတော်သန့်ရှင်းရေး၊ ဂိုဏ်းပေါင်းစုံ ညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အထမြောက်သွားပြီး ၁၉၈၀ မှာတော့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့တယ်။ ဒီအဖွဲ့သာ တခုတည်းသော သြဇာ အာဏာရှိ သံဃာ့အဖွဲ့ဖြစ်ကြောင်း စစ်အစိုးရက အသိအမှတ်ပြုပေးရင်းနဲ့ အပြန်အလှန် တရားဝင်မှု၊ ဖြစ်တည်အတွက် ဘာသာရေးကို အသုံးချခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်အစိုးရ ခေတ်အဆက်ဆက် မှာ စစ်အာဏာရှင်များ နိုင်ငံရေး အကျဉ်းအကျပ် ကြုံတိုင်း မဟန ဟာ ရပ်တည်ပေးရတယ်။ ဥပမာ - ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေး။

ဒီလို ဓမ္မစက်နဲ့ မထိန်းနိုင်ရင် အာဏာစက် နဲ့ အကြမ်းဖက်ပါမယ် ဆိုတာမျိုးတွေကို မဟန ဟာ ခေါင်းညိတ်ပေးခဲ့ တယ်။

စစ်အစိုးရ အာဏာကို ထိပါးမယ့် ကိစ္စရပ်တိုင်း အတွက်လည်း မဟန ဟာ နှုတ်ဆိတ်ပေးရတယ်။ နိုင်ငံရေး အရ စစ်အစိုးရကို ကလန်ကဆန် လုပ်တဲ့ ဘုန်းကြီးတွေကိုလည်း ဆုံးမ ပေးရတယ်။ အပြန်အလှန် အားဖြင့် စစ်အစိုးရက လည်း ဘာသာရေး အယူဝါဒ၊ အကျင့်အကြံ အခြေခံ ဂိုဏ်းဂဏ ခွဲထွက်ဟောမှုတွေကို အာဏာစက်နဲ့ ပြင်းပြင်း ထန်ထန် နှိပ်ကွပ်ပေးရတယ်။ ဥပမာ - မိုးပြာ။

မဟန သာ အမြင့်ဆုံးသော သံဃာ့ အာဏာပိုင်၊ တခုတည်းသော သံဃာ့ အဖွဲ့အစည်း ဖြစ်ကြောင်း လည်း အမြဲမပြတ် အာမခံပေးတယ်၊ အာဏာ နဲ့ လုပ်ပိုင်ခွင့် ကို ချဲ့ပေးတယ်၊ ခေတ်အသုံးနဲ့ ဆိုရင် ခရိုနီဘုန်းကြီး တွေ အများအပြား မွေးထုတ်နိုင်ဖို့ ကြိုးစားတယ်။ တဖက်ကလည်း အကျင့် သီလ စင်ကြယ် သိက္ခာရှိ ဆရာတော်ကြီး များ ကြည်ဖြူအောင် သာသနာပြုမင်းတွေ ဖြစ်ကြောင်း၊ ဘာသာ သာသနာ အရေး အစဉ် အလေးထား ဆောင်ရွက် နေကြောင်း လုပ်ပြရတယ်။

အခုလည်း မဘသက အမျိုးသားရေးခေါင်းစဉ်လှလှလေးတပ်ပြပြီး လူထုရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အသံရောနှောသွားအောင်၊ အင်အားပျော့သွားအောင် မျိုးစောင့်ဥပဒေပြဌာန်းပေးဆိုတာနဲ့ အာရုံလွှဲဖို့ အစဉ်တစိုက်ကြိုးစားနေတယ်။ စစ်အစိုးရရဲ့အတိုက်အခံဖြစ်တဲ့ လူထုခေါင်းဆောင်နဲ့ လူထုက လေးစားတဲ့ သူတွေ၊ ပါတီတွေကို ဘာသာခြားအားပေးသူတွေအဖြစ် မုန်းတီးကြဖို့အရေး နည်းမျိုးစုံနဲ့ ဝါဒဖြန့် ထိုးနှက်တိုက်ခိုက်နေတယ်။ လက်ရှိ စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါတီ ဖြစ်တဲ့ ကြံ့ဖွံ့ကိုတော့ ထောက်ခံပွဲတွေလုပ်ရင်း “အမျိုး၊ ဘာသာ၊ သာသနာ အတွက် အလုပ်လုပ်မယ့် ပါတီကို မဲပေးပါ” ဆိုပြီး ဘာသာရေး ဇောင်းပြု လူထုဆီက မဲချူတယ်။

မဘသ ခေါင်းစဉ်အောက်မှာ ရှိတဲ့ ကိုယ်တော်တချို့က ပေါ်ပေါ်ထင်ထင်ပဲ ဒီမိုကရေစီ စနစ်မို့ နှစ်သက်ရာ ရွေးချယ်ခွင့်ရှိကြောင်း၊ စစ်အုပ်စု ပါတီက စစ်ခေါင်းဆောင်ဟောင်းကြီးတွေကိုသာ သာသနာ အကျိုးမျှော် လိုလားကြောင်း ထုတ်ဆိုတတ် တယ်။ စစ်တပ်ပါတီဘက်ကလည်း ဘာသာရေးခေါင်းဆောင်များ အလိုကျ ဝါဒရေးရာ လမ်းစဉ်တွေ ဖော်ဆောင်ဖို့ ကြိုးစားတယ်။ ဒါတွေဟာ မ.ဘ.သ.ရဲ့ ငြင်းချက်ထုတ်လို့မရတဲ့ ပုံရိပ်စစ်စစ်တွေပါပဲ။



-----------------------------------------------------------------------

မ.ဘ.သ .အင်အားကြီးထွားလေလေ ကမ္ဘာကရော၊ ပြည်တွင်းပြည်ပ ဗုဒ္ဓဘာသာဝင်တွေအကြား စိတ်ဝမ်းကွဲလေလေ ဖြစ်လာမှာ ကျိန်းသေလှပါတယ်။ အထူးသဖြင့် သံဃာတော်များအကြား ပိုမိုပြီး ညီညွတ်မှုမရှိ ဖြစ်လာပါလိမ့်မယ်။ သာသနာဟာလည်း မ.ဘ.သ.အဖွဲ့ကြောင့် နိုင်ငံရေးအသုံးချခံ အဖြစ်နဲ့ ပျက်ဆီးရပါလိမ့်မယ်။ မြတ်စွာဘုရားက "ငါ့ဘုရား သာသနာတော်ကို ငါ့ရဲ့သားတော်တွေ ကိုယ်တိုင်ပဲ ဖျက်ဆီးကြလိမ့်မယ့်" လို့ ကြိုတင်သတိပေး ပြောကြား ခဲ့ပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓသတိပေးခဲ့တဲ့အတိုင်း ဗုဒ္ဓဘာသာ ဘုရားသားတော်များဖြစ်ကြတဲ့ မ.ဘ.သ အဖွဲ့ဝင် သံဃာများအနေနဲ့ မိမိတို့ဟာ သာသနာ စည်ပင်ပြန့်ပွားအောင် ညီညွတ်မှုရှိရှိဆောင်ရွက်ကြမည်လား၊ နိုင်ငံရေးလှည့်စားမှုအောက်မှာ မိမိကိုယ်တိုင် ဉာဏ်ဖြင့်မယှဉ်ပဲ စစ်အာဏာရှင်အလိုကျ အသုံးတော်ခံကြ မည်လား ဆိုတာကို နိုင်ငံ့ဂုဏ်သိက္ခာ၊ ပြည်သူ့မျက်နှာတို့ကိုငဲ့ပြီး စဉ်းစားကြဖို့ အချိန်တန်ပါပြီ။

(အရှင်ထာဝရ)
ခေတ္တ နော်ဝေးနိူင်ငံ။



-----------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် စီးနင်းသည့်ကားကို မောင်းနှင်ခဲ့သူ ကျော်စိုးလင်း


Credit- Kyaw Swar





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org