|
“
ဗျူဟာမှန်ဖို့ အရေးကြီးပါသည်”- |
ရွေးကောက်ပွဲဝင်မယ်၊ ဝင်မှဖြစ်မယ်၊ ဒါကြောင့်ဝင်ကိုဝင်မယ်။
စစ်အစိုးရသည် မတရား၊ ဟိုးတုံးက ဗိုလ်နေဝင်း စစ်အစိုးရသည်လည်း မတရား၊
အခုဗိုလ်သန်းရွှေစစ်အစိုးရသည်လည်း မတရား၊ ဒါကိုနိုင်ငံရေးသမားတွေသာမက
ပြည်သူရော ကမ္ဘာကပါသိပါတယ်။ သိသာသိတယ် ဘာများ
ထိထိရောက်ရောက်လုပ်နှိုင်ခဲ့ကြလို့တုံး။ ဟိုတုံးကလည်း မလုပ်နှိုင်ခဲ့ကြဘူး
အခုလည်း မလုပ်နှိုင်ကြသေးဘူး၊ အနှစ်ခြောက်ဆယ်ကျော်တော်လှန်ခဲ့ကြ၊
တိုက်ပွဲဝင်ခဲ့ကြ၊ ဆန့်ကျင်ခဲ့ကြ တာတွေ ဂုဏ်ယူစရာပါ၊ ချီးကျူးစရာပါ၊
လေးစားစရာပါ။ ဒါက တကဏ္ဍ မအောင်မြင်တာက တကဏ္ဍပါ။ ပြည်သူတွေ မလွတ်မြောက် သေးဘူး၊
နစ်သထက်နစ်လာတာကတော့ အမှန်ပဲ၊ ဒီအခြေအနေအပေါ်မှာ အခုပေးနေတဲ့ အခြေအနေအရ
ရွေးကောက်ပွဲဝင်တဲ့ နည်းနဲ့ မတရားတဲ့ အစိုးရကို တရားတဲ့အစိုးရဖြစ်အောင်
လုပ်ယူမယ်ဆိုပြီး ရွေးကောက်ပွဲကို ဝင်ကြအုံးမယ်။
နဂိုလ်စစ်အစိုးရဆိုတာလည်း မတရားဘူး၊ သူရေးဆွဲထားတဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေက လည်း မတရားဘူး၊ အခု
ထုတ်ပြန်တဲ့ရွေးကောက်ပွဲဥပဒေကလည်းမတရားဘူး၊ ဒါလည်း လူတိုင်း သိပါတယ်၊
သိပေမယ့် ၂၀၁၀ရွေးကောက်ပွဲကိုဝင်မယ်၊ ဝင်ပြီးအနိုင်ရရင်သော်၎င်း၊ အမတ်နေရာ
အချို့ရရင်သော်၎င်း၊ မတရားတဲ့ဖွဲ့စည်းပုံကိုပြင်ယူမယ်၊ ဒီနည်းနဲ့ တိုင်းပြည်ကို
ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်၊ တိုးတက်လာအောင်လုပ်ကြမယ်။
တခြားနည်းတွေရှိရင်ရှိမယ် ဒါပေမယ့် ဒီနည်း အကောင်းဆုံးလို့ ယူဆလို့
ရွေးကောက်ပွဲဝင်ကြမယ်ပေါ့၊ ဒီလိုနားလည်မိပါတယ်။

ကောင်းပါတယ်၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ဝင်ချင်ဝင်နှိုင်ပါတယ်၊
ကိုယ်ကျိုးမဖက် စေတနာသက်သက်နဲ့ လုပ်တဲ့ အလုပ်တိုင်းသည် မှားလျှင်လည်း
စေတနာအမှားဟုဆိုနှိုင်ပါတယ်၊ သို့သော်မှားလျှင်တော့ ခံရတာက လူထုပါပဲ။ အတွင်း
ကိုဝင်ပြီးတိုက်မယ်၊ ဒီဗျူဟာသည် အလွန်သိမ်မွေ့နက်နဲတဲ့ဗျူဟာတခုပါ။
မြန်မာပြည်မှာ ဒီလိုဗျူဟာမျိုးနဲ့ပါတ်သက်ပြီး အတွေ့အကြုံ နည်းလှပါတယ်ဟု
ထင်ပါသည်။ သို့သော်ရွေးကောက်ပွဲဝင်ကြမည့် ပုဂ္ဂိုလ်များသည်လည်း အဘက်ဘက်မှ
အပြန်ပြန်အလှန်လှန်စဉ်းစားကြပြီးဖြစ်ပါလိမ့်မည်။ စစ်အစိုးရကို အတွင်းမှ
ဝင်ပြီးပြုပြင်ဖို့ကြိုးစားရာတွင် သူ့ကိုမပြုပြင်နှိုင်ဘဲ ကိုယ့်ကိုသူက
ပြုပြင်ပြီးအသုံးချသွားမလား ဆိုတာကိုလည်း ကြိုတင်တွက်ဆပြီး ဖြစ်ကြပါလိမ့်မည်။
ဘာမှမလုပ်တာနဲ့စာရင် လုပ်နှိုင်တာ တခုခုကိုလုပ်တယ်ဆိုတဲ့
အတွေးအခေါ်လောက်နဲ့တော့ ရွေးကောက်ပွဲဝင်ကြမည်မဟုတ်ပါ၊ ဆိုလိုတာက
ရေတိုရေရှည်နည်းဗျူဟာ၊ နည်းပရိယာယ်နဲ့ မဟာဗျူဟာတို့ အခိုင်အမာရှိထား
ကြရမည်လည်း ဖြစ်ပါသည်။
ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေကတော့
လက်ရှိအခြေအနေမှာစစ်အစိုးရက ဆုတ်ပေး နေသော ခြေလှမ်းအတိုင်း
လိုက်နင်းပြီးရွေးကောက်ပွဲဝင်ခြင်းနည်းဖြင့်သာ ဒီမိုကရေစီကို
ဖေါ်ဆောင်နှိုင်မည်ဟု ယူဆယုံကြည်ပုံရပါသည်။ ယုံကြည်နှိုင်ပါသည်၊
ယုံကြည်ချက်ခိုင်မာဖို့လည်း လိုပါသည်၊ ယုံကြည်ချက်ဆိုသည်မှာလည်း မှန်ကန်စွာ
သုံးသပ်တွေးခေါ် ဆင်ခြင်နှိုင်ပြီး ဖြစ်တန်ရာချေရှိသည့်အခြေခံ
ရှိရမည်ဖြစ်ပါသည်။ ဤသို့မဟုတ်ဘဲ မလုပ်ဘဲနေတာထက် လုပ်တာက ကောင်းတယ်ဆိုတာမျိုး၊
အခြားနည်းမရှိတော့လို့ မလုပ်မဖြစ်လိုက်လုပ်ရတာမျိုး ကိုတော့
ယုံကြည်ချက်ဖြင့်ရောပြီး မချသင့်ပါ။ မည်သို့ဆိုစေ ရွေးကောက်ပွဲဝင်မည့်
ပါတီများ အနေနှင့် ခိုင်မာသည့် ယုံကြည်ချက်နှင့် မဟာဗျူဟာ နည်းဗျူဟာ၊
ရေတိုရေရှည် မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်တို့ရှိနေကြမည်ဟု ထင်ပါသည်၊
အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီတိုက်ပွဲက အခုမှစကြရမည်မဟုတ်ပါလား။
ရွေးကောက်ပွဲကိုမဝင်ဘူး၊ ဝင်ကိုမဝင်ဘူး၊ မတရားတဲ့ အစိုးရက
မတရားတဲ့ ဖွဲ့စည်းပုံဥပဒေ နဲ့ မတရားတဲ့ ရွေးကောက် ပွဲဥပဒေအရ ပြုလုပ်မည့်
ရွေးကောက်ပွဲသည် မည်သည့်အခါမျှ မြန်မာ့ ဒီမိုကရေစီအရေးအတွက်
ကောင်းကျိုးမဖြစ်နှိုင်ပါ၊ ဆိုးကျိုးသာဖြစ်ပါလိမ့်မည်၊ ဒါကြောင့်
ရွေးကောက်ပွဲကိုဆန့်ကျင်ကြရမည်။ သပိတ်မှောက်ကြရမည်၊ ဒါက ရွေးကောက်ပွဲမဝင်ရေး
အုပ်စုတွေရဲ့ အသံတွေပါ။

ရွေးကောက်ပွဲကို ဝင်လိုက်လျှင်စစ်အာဏာရှင်စနစ်ဆိုးက
သက်ဆိုးရှည်သွားနှိုင်သည်၊ ဒီမိုကရေစီရေးနဲ့လည်း ဝေးသွား နှိုင်သည်၊ ဒါကြောင့်
ရွေးကောက်ပွဲကို မဝင်ဘဲ ဆန့်ကျင်ကြရမည် ဖြစ်သည်ဟု အလွန်ကျယ်လောင်ပြင်းပြစွာ
အော်ဟစ်တင်ပြသံတွေလည်း ဆူညံနေပြီဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည်လည်း နိုင်ငံရေး
ဝါရင့်ဝါနုစုံလှပါသည်၊ စစ်အာဏာ ရှင်စံနစ်ဆိုးမှ လွတ်မြောက် ရေးအတွက် မ.ဆ.လ
ခေတ်မှတိုက်ပွဲဝင်ခဲ့ကြသူများ ပါဝင်ကြသလို ရှစ်ဆယ့်ရှစ်အရေးတော်ပုံ
နောက်ပိုင်းမှ ပါဝင်ခဲ့ကြသူတွေနှင့် စုံလင်လှပါသည်၊ ထိုသူတို့၏
စွန့်စားတိုက်ပွဲဝင်ခဲ့ကြသည့် စိတ်ဓါတ်များသည်လည်း
ချီးကျူးလေးစားထိုက်လှပါသည်။
အခုသူတို့က ရွေးကောက်ပွဲကို
ဆန့်ကျင်မှသာလျှင်ဒီမိုကရေစီနှင့်နီးမည်။ စစ်အစိုးရက
ပြုလုပ်မည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီ ချုပ်ငြိမ်းရေးအတွက်
အခြေခံအုတ်မြစ်ဖြစ်ပြီး စစ်အဏာရှင်စံနစ်ကို
တရားဝင်ဖြစ်အောင်လုပ်ကြံဖန်တီးပြီး နိုင်တကာကိုမျက်လှည့်ပြရန် အကွက်
တခုပင်ဖြစ်သည်ဟု ရွေး/ ဆန့် ဘက်က ခံယူထားကြပါသည်၊ ရွေး/ဆန့် ဘက်က
ခေါင်းဆောင်တဦးဖြစ်သည့် NCUB ဦးမောင်မောင်ကလည်း ၂၀၀၈ဖွဲ့စည်းပုံသည်
ဒီမိုကရေစီကို လုံးဝမဖေါ်ဆောင်နှိုင်ပါ၊ ဒါကြောင့် ၂၀၁၀ရွေးကောက်ပွဲနှင့်
ဒီမိုကရေစီကို သွားနှိုင်သည်ဟု မယုံကြည်ကြောင်းပြောခဲ့ပါသည်၊ သူတို့
ယုံကြည်သည့် ယုံကြည်ချက် ( Trust ) အတိုင်းသာ ဒီမိုကရေစီရရှိရေးအတွက်
ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောခဲ့ပါသည်။
ကောင်းပါသည် မိမိတို့ ယုံကြည်ချက်အတိုင်း ဆက်လျှောက်ခြင်းသည
်သဘာဝကျပါသည်။ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မည်သည့်နည်းဗျူဟာ၊
မဟာဗျူဟာများဖြင့် ဆက်လက်တိုက်ပွဲ ဝင်ကြမည်နည်း၊ ယေဘူယျဆန်ဆန် သီဝရီဆန်ဆန်
အနှစ်နှစ်ဆယ်လောက်ပြောကြားခဲ့ကြသည့် ကြက်တူရွေးစကားများလောက်နှင့်တော့
လူထုကို ဆက်ပြီးမပြောကြားသင့်တော့ပါ။ အနှစ် နှစ်ဆယ်မျှပြည်ပက လှုပ်ရှားခဲ့သည့်
ဒီမိုကရေစီရရှိရေးလမ်းစဉ်သည် မလွမ်းပါဟုဆိုလျှင် မနာကြ ပါနှင့်၊
ဒါအမှန်ဖြစ်နေပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကော်မရှင်၊
နိုင်ငံ တကာ စစ်ခုံရုံးစသည်တို့သည် အဓိကမဟုတ်၊ သာမညလိုအပ်ချက်တခုသာဖြစ်သည်။
သို့သော် ဒါကို အဓိကအဆုံးအဖြတ်ပေးနှိုင်သည့် ပြည်ပဖိအားအဖြစ်
မှတ်ယူခဲ့ကြကုန်၏။

နောက်တချက်က ပြည်တွင်းက လူထုအားသည်သာအဓိက အဆုံးအဖြတ်အဖြစ်
ယုံကြည် မှတ်ယူကြပြန်သည်။ ယုံကြည်နှိုင်ပါသည်၊ လူထုအားသည် သာ ပဓါန
ဆိုသည့်စကားသည် အင်မတန် လူကြားကောင်းသော စကားဖြစ်ပါသည်။ မှန်လည်းမှန်ပါသည်၊
သို့သော် လူထုအားတခု တည်းနှင့် အဆုံးအဖြတ်ပေးနှိုင်သော အခြေအနေနှင့်
ကိစ္စမျိုးလား၊ ဒါမှမဟုတ် အခြားအကူအညီ တခုခုလိုအပ်နေသေးသလားဆိုတာလောက်တော့
မှန်မှန်ကန်ကန် သုံးသတ်ဆုံးဖြတ်နှိုင်ဖို့ အရေးကြီးလှပါသည်၊ အားကောင်းသော
မိခင်အတွက် သားဖွါးရန် အကူအညီမလိုသော်လည်း အားနည်းသော မိခင်အတွက် အကူအညီအဖြစ်
ဆရာဝန်၊ ဆရာမ လိုအပ်ပါသည်။ ဤအချက် သည် နိုင်ငံရေးဦးဆောင် ဆရာကြီးများအတွက်
အစွဲကင်းကင်း စဉ်းစားတွေးခေါ်နှိုင်ပြီးမှ သဘာဝ ကျသည့် ယုံကြည်ချက်တခု
တည်ဆောက်ဖို့ပဲဖြစ်သည်။ သဘာဝမကျသည့် ကျိုးကြောင်းမခိုင်လုံ သည့်
ယုံကြည်ချက်ဟူသမျှသည် အရှုံးနှင့်သာ အဆုံးသတ်စမြဲဖြစ်ပါသည်။ ထို့ကြောင့်
လူထုသည် သာ ပဓါန ဟူသောသဘောတရားသည် မှန်ကန်သော်လည်း ပြည့်စုံလုံလောက်သည်တော့
မဟုတ်ပါ၊ နည်းနည်းတိမ်နေပါသေးသည်။
ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံသည် အရှိန်အဟုန်ကြီးလှပါသည်၊
သို့သော် ဒီမိုကရေစီ မရခဲ့ကြပါ။ အခုတရားဝင် စစ်ကျွန်ပင်ဖြစ်နေရမည့်
ကိန်းဆိုက်နေပါသည်။ သင်္ခန်းစာယူကြရပါမည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကိုလည်း
ဘယ်မှာလည်း ခေါင်းဆောင်၊ ဘာလည်းရည်ရွယ်ချက်နဲ့ မဟာဗျူဟာဟု
အမေးခံနေကြရပြီမဟုတ်ပါလား၊ အဖြေက ဘာထွက်ခဲ့သလဲ၊ ပြည်တွင်းမှာ
ထောင်ကျသူတွေကျကုန်တယ်၊ ပြည်ပကတော့ ဘယ်လိုအမြတ်ထွက်သလဲ၊ သက်ဆိုင်သူများမှ အပ
ဘယ်သူမှမသိနှိုင်ပါ။

ပြည်တွင်းလှုံ့ဆော်၊ ကုလအားကိုး ဗျူဟာမျိုးလောက်ကတော့
ဗိုလ်ချုပ်တွေက ပျင်းတောင် ပျင်းသေးတယ်ဆိုတဲ့ အခြေအနေမျိုးဆိုရင်
မှားမယ်မဟုတ်တော့ပါ၊ ဒါကြောင့် ရွေး/ဆန့် တို့ဘက်ကလည်း ဘယ်လိုဗျူဟာသစ်တွေ၊
အတွေးအခေါ်သစ်တွေနဲ့ စခန်းသွားကြမလဲ ဆိုတာ ပြတ်သားဖို့လိုအပ်နေပါပြီ။ အခု
ရွေး/ဆန့် ဘက်မှာ ရပ်ပြီးအော်နေသူများအတွက် ပြည်တွင်း အင်အယ်ဒီက
ရွေးကောက်ပွဲကို ဝင်မယ်သာဆိုရင် ရွေး/ဆန့် တို့ပြောနေတဲ့ ယုံကြည်ချက်ကို၊
မယုံကြည်ချက်အဖြစ် လိုက်ပြီးပြောင်းကြအုံးမှာလား။ ဒါလည်း
မကြာမှီပေါ်လာတော့မည့် အခြေအနေပါ။ ဒါကြောင့် ကိုယ်ပိုင်ယုံကြည်ချက်နဲ့
ခံယူချက်ရဲ့ အခန်းကဏ္ဍ ရှိသော နိုင်ငံရေး သမားဆိုတာကိုလည်း ပြတ်သားစွာ
တွေ့မြင်ကြရတော့မှာပါ။
ထို့ကြောင့် ရွေးကောက်ပွဲဝင်ရေးဘက်ကရော၊ မဝင်ရေးဘက်ကပါ
အခြေအနေနှင့် အချိန်အခါကိုက်ညီမည့် ဦးတည်ချက်၊ ရည်မှန်းချက်၊ လမ်းစဉ်၊
လုပ်ဟန်များ မှန်ကန်စွာ လုပ်ဆောင်နှိုင်မည် ဆိုလျှင် မည်သည့်ဘက်က ပင်ဖြစ်စေ
မြန်မာပြည်ကို ဆင်းရဲတွင်းမှ ကယ်တင် နှိုင်ပြီး လူထု့အတွက် ဒီမိုကရေစီအလံကို
ဆွတ်ယူပေးအပ်နှိုင်မည်သာဖြစ်ပါကြောင်း။…။
ဦးဖိုးသာအောင် ။…။
၂၂။၃။။၂၀၁၀
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန်
ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ
|