ကိုရီးယားခေတ်ပြိုင် သမိုင်း

အခန်း(၁)

စစ်ဖြစ်နေသည့် ခေတ်ကြီးမှာပင် အပြိုင်အဆိုင် အာဏာလုနေ


စစ်ပြေငြိမ်းရေးဇုံ အနီးဝန်းကျင်တွင် နေ့ချင်းဝင်ရောက် တိုက်ခိုက်လိုက် ပြန်လည်ဆုတ်ခွာလိုက်ဖြင့် တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် အတွက် ပြည်သူအများ သေကြေပျက်စီး နေကြရပေသည်။ ပိုမို ဆိုးရွားသည်မှာ နှစ်နှင့်ချီ၍ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် သေကြေပျက်စီးမှု ဒုက္ခပင်လယ်ဝေနေသော ပြည်သူလူထုကြီး အား မျက်နှာလွှဲကာ ယာယီအစိုးရ ရုံးစိုက်ရာ ဘူဆန်းမြို့တွင် “ဘူဆန်းအာဏာလုပွဲကြီး“ ဟု ခေါ်တွင်ရလောက်အောင်ပင် အင်အားပြိုင်၊ အာဏာပြိုင်မှုများ ဖြစ်ပွားနေပေသည်။
သမ္မတမှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခွင့်ရမည့် စနစ်အား လိုလားတောင့်တသော အီဆူမန်သည် လာမည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံရမည့် အလားအလာမှာ အင်မတန် နည်းပါးပေသည်။ အသစ် ပြင်ဆင်လိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့အား လွှတ်တော်မှ ရွေးချယ်ခန့်အပ်ရမည် ဖြစ်သော်လည်း လွှတ်တော်အမတ် အများစုမှာ အီဆူမန်အား ထောက်ခံခြင်းမပြုသူများ ဖြစ်နေပေသည်။


ကိုရီးယားစစ်ပွဲ အစပိုင်းတွင် အီဆူမန်၏ မှားယွင်းသည့် လုပ်ဆောင်ချက်များသည် လွှတ်တော်အတွင်း၌ အီဆူမန်အား ဆန့်ကျင်သည့် မျိုးဆက်များ ကြီးထွား လာစေခဲ့ပေသည်။ ၁၉၅၀ခုနှစ် ဇွန်လ ၂၇ရက်နေ့ မနက်ပိုင်းက ဆိုးလ်မြို့အား ကာကွယ်စောင့်ရှောက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည့် လွှတ်တော်ပင်လျှင် မသိလိုက် ပဲ သမ္မတမှ ကိုယ်လွတ်ရုန်း ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းသည် လွှတ်တော် အမတ်အများစု၏ ဝေဖန်ပြစ်တင်ခြင်း ခံခဲ့ရပေသည်။ လွှတ်တော်မှ နိုင်ငံတော် အား ပုန်ကန်သည့် သစ္စာဖောက်များအား လူ့အခွင့်အရေး ရှုထောင့်ဖြင့် သေဒဏ်မှ ကင်းလွတ်ခွင့်ပေးသည့် ဥပဒေအား အတည်ပြု ပြဋ္ဌာန်းခဲ့ကြလေသည်။ လွှတ်တော်နှင့် အစိုးရ၏ အင်အားပြိုင်ဆိုင်မှုမှာ ပြည်သူ့စစ်ပြဿနာ၊ ဂေါ်ချန်းလူထုသတ်ဖြတ်မှု ပြဿနာများဖြင့် ပိုမိုကြီးထွားခဲ့ပေသည်။ ထိုပြဿနာများနှင့် ပတ်သက်၍ ဒုတိယ သမ္မတဖြစ်သူ အီရှီယောင်းမှ နှုတ်ထွက်သွားကာ လွှတ်တော်မှ ထိုရာထူးနေရာအား အီဆူမန်နှင့် အင်အား ယှဉ်ပြိုင်နိုင်မည့် ကင်မ်ဆောင်ဆု အား ဒုတိယအကြိမ်မြောက် ဒုတိယသမ္မတ အဖြစ် ၁၉၅၁ခုနှစ် မေလတွင် ရွေးချယ် တင်မြောက်ခဲ့ကြပေသည်။


လွှတ်တော်မှ ပြန်လည်ရွေးချယ်ခန့်အပ်ခြင်း ပြုမည်မဟုတ်သည်ကို သိသည့် အီဆူမန်သည် မိမိအား ထောက်ခံ အားပေးမည့် နိုင်ငံရေးပါတီ ဖွဲ့စည်းရန်အတွက် ကြိုးစားခဲ့ပေသည်။ အီဘောမ်ဆော့ ဦးဆောင်သည့် ကိုရီးယားလူငယ်များ အစည်းအရုံးအား ဗဟိုပြုကာ ၁၉၅၁ခုနှစ် ဒီဇင်ဘာလတွင် လွတ်လပ်ရေးပါတီအား ဖွဲ့စည်းခဲ့ပေသည်။ တချိန်တည်းမှာပင် လွှတ်တော်အမတ် အများစုမှ အစိုးရအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင်းပါတီ တစ်ရပ်အား ဖွဲ့စည်းခဲ့ကြလေသည်။ အီဆူမန် အစိုးရမှ အစိုးရအဖွဲ့နှင့် ဒုတိယသမ္မတတို့အား ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ရမည့် ဥပဒေသစ်တစ်ရပ်အား လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ၁၉၅၂ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးမှ ထောက်ခံမဲ ၁၉မဲ ၊ ကန့်ကွက်မဲ ၁၄၃မဲဖြင့် ပယ်ချခြင်း ခံခဲ့ရပေသည်။


ဥပဒေအသစ်အား ပယ်ချခြင်းခံခဲ့ရသည့် အီဆူမန်သည် ချက်ခြင်းပင် လုပ်ကြံဖွဲ့စည်းထားသည့် လူထု အဖွဲ့အစည်း များအား ဖွဲ့စည်းခဲ့ပေသည်။ (မြန်မာနိုင်ငံ၏ စွမ်းအားရှင်လို အဖွဲ့များ ဖြစ်ပေသည်။) ထိုအဖွဲ့အစည်းများ ဖွဲ့စည်းပြီးကြောင်း ဘူဆန်းမြို့၏ နေရာအနှံ့တွင် အသိပေးကြော်ငြာများ ကပ်ခြင်း၊ ဆန္ဒပြပွဲများ ဖန်တီးခြင်းတို့ဖြင့် လွှတ်တော်အား ခြိမ်းခြောက်ခဲ့ပေသည်။ ထို့အပြင် လွှတ်တော်အား ချုပ်ကိုင်နိုင်ရန်နှင့် အီဆူမန်အား ထောက်ခံသည့် ပြည်သူများ ထုတ်ဖော် ရန်အတွက် အကြောင်းအမျိုးမျိုးပြကာ ချန်လှပ်ထားခဲ့သည့် မြို့အမတ် ၊ မြို့နယ်အမတ်၊ ကျေးရွာအမတ် နှင့် ပြည်နယ်အမတ် ရွေးကောက်ပွဲအား ၁၉၅၂ခုနှစ် ဧပြီလ နှင့် မေလတို့တွင် ပြုလုပ်ခဲ့ပေသည်။ ဒီမိုကရေစီစနစ်အား ဖျက်စီးလိုသည့် ရည်ရွယ်ချက်ဖြင့် ချန်လှပ်ထားခဲ့သည့် ထိုရွေးကောက်ပွဲသည် အယောင် ဆောင် ဒီမိုကရေစီ ရွေးကောက်ပွဲအဖြစ် ခြိမ်းခြောက်မှုများ အနက်မှ တစ်ဖက်သတ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုအခြေအနေ အနက်မှ ဧပြီလတွင် လွှတ်တော် အမတ် ဂွာဂ်ဆန်းဟူးန် ဦးဆောင်သည့် လွှတ်တော်အမတ် ၁၂၃ဦးမှ အစိုးရအဖွဲ့ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေသစ်အား တင်သွင်းခဲ့ပြီး မေလတွင် အီဆူမန် အစိုးရမှ အစိုးရနှင့် ဒုတိယသမ္မတ အား ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်ရေး ဥပဒေအား ပြန်လည်တင်သွင်းခဲ့လေသည်။


ဟစ်တလာ မျိုးဆက်ဟု ဝေဖန်ပြစ်တင်ခံခဲ့ရသော အီဘောမ်ဆော့သည် ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည့် နောက်တစ်နေ့ဖြစ်သော ၁၉၅၂ခုနှစ် မေလ ၂၄ရက်နေ့တွင် ဘူဆန်းမြို့အနီးဝန်းကျင်အား မာရှယ်လော အမိန့်အား ပြဋ္ဌာန်းခဲ့လေသည်။ ၁၉၅၂ခုနှစ် မေလ ၂၆ရက်နေ့တွင်မူ လွှတ်တော်အမတ် ၅၀ဦးခန့် စီးနင်းလာသည့် ရုံးအကြိုအပို့ ပြုလုပ်သည့်ကားအား စစ်တပ် တပ်ထိန်းစခန်းသို့ မောင်းနှင်စေခဲ့ပြီး နိုင်ငံတကာ ကွန်မြူနစ်ပါတီပြဿနာ ဟု ခေါင်းစဉ် တပ်ကာ ဂွာဂ်ဆန်းဟူးန် အပါအ၀င် လွှတ်တော်အမတ် ၁၀ဦးအား ဖမ်းဆီးခြင်းမှ အစပြုကာ ဘူဆန်းမြို့မှ အာဏာလုပွဲသည် ပိုမိုကြီးထွားလာခဲ့ပေသည်။ ၁၉၅၂ခုနှစ် မေလ ၂၈ရက်နေ့တွင် လွှတ်တော်မှ မာရှယ်လော အမိန့်အားပြန်လည် ရုတ်သိမ်းရန် တောင်းဆိုခဲ့ပြီး၊ မေလ ၂၉ရက်နေ့တွင် ဒုတိယသမ္မတ ကင်မ် ဆောင်ဆုမှ အီဆူမန်၏ လုပ်ဆောင်ချက်များအား ဆန့်ကျင်သည်ဟု ဆိုကာ ရာထူးမှ နှုတ်ထွက်ခဲ့လေသည်။ လွှတ်တော်အမတ် များသည် ဇွန်လ တစ်လလုံးနီး ပါး ပုန်းရှောင်နေကြရပြီး အီဆူမန် ထောက်ခံသည့် နယ်မြေအမတ်များနှင့် အီဆူမန် လုပ်ကြံဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများသည် လွှတ်တော်အား သိမ်းပိုက် ခဲ့ကြလေသည်။ ထိုအခြေအနေ အတွင်းမှာပင် ဇွန်လ ၂၁ရက်နေ့က သမ္မတအား ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်သည့် ဥပဒေမူကြမ်းအား တင်သွင်းခဲ့ပြီး ၊ ဇူလိုင်လ ၃ရက်နေ့တွင် နိုင်ငံတကာ ကွန်မြူနစ်ပါတီပြဿနာဖြင့် အဖမ်းအဆီးခံခဲ့ရသည့် လွှတ်တော်အမတ်များသည် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုဖြင့် ပြန်လည်လွှတ်မြောက်ခဲ့ကြပေသည်။

 

ဇူလိုင်လ ၄ရက်နေ့တွင်မူ အခြေခံဥပဒေအရ ဥပဒေအသစ် တင်သွင်းပြီး ရက်ပေါင်း၃၀ နောက်ပိုင်းတွင်မှ ထိုဥပဒေအား အတည်ပြု ပြဋ္ဌာန်းနိုင်သည်ဆိုသည့် သတ်မှတ်ချက်အား ဆန့်ကျင်ကာ လွှတ်တော်မှ သမ္မတအား ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်မည့် ဥပဒေအား အတည်ပြု ခဲ့လေသည်။ ထိုဥပဒေတွင် သမ္မတနှင့် ဒုတိယသမ္မတတို့အား ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်ပြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား သမ္မတမှ အဆိုပြု တင်သွင်း ပြီး ထို အဆိုပြုတင်သွင်းသူများအား လွှတ်တော်မှ စစ်ဆေးရွေးချယ် ခန့်အပ်နိုင်သည်ဆိုသည့် အချက်သည် အဓိက ကျပေသည်။
ထိုဥပဒေ အတည်ပြုပြီး တစ်လခန့်အကြာ ဖြစ်သော သြဂုတ်လ ၅ရက်နေ့တွင် သမ္မတ ရွေးကောက်ပွဲပြုလုပ်ရန် သတ်မှတ်ခဲ့လေသည်။ သို့သော် အများခန့် မှန်း ထားသည့်အတိုင်း မဟုတ်ပဲ အီဆူမန်မှ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ကြေငြာခဲ့လေသည်။ သို့သော် အီဆူမန် ထောက်ခံသည့် နယ်မြေအသီးသီးမှ အမတ်များနှင့် အီဆူမန် ဖန်တီးထားသည့် လူထုအဖွဲ့အစည်းများမှ လူအင်အား ၃၅သိန်းခန့် စုစည်းကာ အီဆူမန်အား ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံရန် တိုက်တွန်းသည့် စာများ ပေးပို့ခဲ့ကြလေသည်။ လူအင်အားသုံးပြီး ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ စည်းရုံးရေးနည်းလမ်း တစ်ခုပင်ဖြစ် ပေသည်။ ထို့နောက် အီဆူမန်သည် ရွေးချယ်ခံမည့် သမ္မတလောင်း အဖြစ် ပထမဦးဆုံး မှတ်ပုံတင်ခဲ့ပေသည်။ ကွန်မြူနစ်ဝါဒီအဖြစ် တက်ကြွစွာလှုပ်ရှားခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသူ ဂျိုဘုံင်အမ်မှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံမည်ဟု ကြေငြာ သည့်အခါတွင် ဒီမိုကရက်တစ်ပြည်သူ့ပါတီမှ ဂျိုဘုံင်အမ်အား ယှဉ်ပြိုင်ရန်အတွက် အီရှီယောင်းအား သမ္မတလောင်းအဖြစ် ရွေးချယ်ခံမည်ဟု စာရင်းတင်သွင်း ခဲ့လေသည်။


သမ္မတလောင်းအဖြစ် စာရင်းပေးသွင်းနိုင်သည့် နောက်ဆုံးရက်မှာ ဇူလိုင်လ ၂၆ရက်နေ့ ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေး လုပ်နိုင်သည့် အချိန်ကာလမှာ ရက်အနည်းငယ်သာ ရှိခဲ့ပေသည်။ ထိုရွေးကောက်ပွဲသည် လုံခြုံရေးအဖြစ် ရဲများအား အသုံးပြုခဲ့သည့် ပထမဦးဆုံး သမ္မတရွေးကောက်ပွဲအဖြစ် မှတ်တမ်း တင်ခြင်း ခံခဲ့ရလေသည်။ မဲဆန္ဒရှင် ပြည်သူလူထုမှ အမည်ကိုတောင် ကြားသိဖူးခြင်းမရှိခဲ့သူ ဟမ်ထဲယောင်းသည် လွတ်လပ်ရေးပါတီ၏ တင်မြှောက်မှုဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ အီဘောမ်ဆော့အား မဲပေါင်း ၁၁သိန်း ၂သောင်းကျော်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရခြင်းကို သိခြင်းအားဖြင့် ထိုရွေးကောက်ပွဲတွင် ရဲမှ အင်အားသုံးခြိမ်းခြောက်ကာ မဲပေးစေခဲ့ခြင်းသည် ပေါ်လွင်လှပေသည်။


သမ္မတနေရာအား အများမှ ခန့်မှန်းထားသည့်အတိုင်း အီဆူမန်မှ အနိုင်ရရှိခဲ့လေသည်။ ဒီမိုကရက်တစ်ပြည်သူ့ပါတီ၏ အမျိုးမျိုးသော အနှောက်အယှက်များ ကြားမှပင် ဂျိုဘုံင်အမ်သည် အီရှီယောင်းထက် ဆန္ဒမဲ ပိုမိုရရှိခဲ့လေသည်။ သမ္မတနေရာတွင် ၀င်ရောက်ရွေးချယ်ခံခဲ့သည့် ဂျိုဘုံင်အမ်သည် အီဆူမန်၏ အဓိက ပြိုင်ဖက်တစ်ဦး အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပေသည်။ အာဏာနှင့် အင်အားကို အမြဲတမ်းဆုပ်ကိုင်ထားလိုသော အီဆူမန်သည် ဘူဆန်အာဏာ လုပွဲ ကြီးတွင် နေရာအသင့်အတင့် ရရှိခဲ့သည့် လွတ်လပ်ရေးပါတီမှ အီဘောမ်ဆော့သည် မိမိအတွက် အနီးကပ်ဆုံး ပြိုင်ဖက်ဖြစ်နိုင်သည်ဟု ခန့်မှန်းကာ ဒုတိယ သမ္မတ နေရာ ရွေးချယ်ခြင်းမခံရအောင် ဆောင်ရွက်ခဲ့ပေသည်။ ထို့နောက် မိမိအတွက် အထောက်အကူဖြစ်စေမည့် အီဂီဘူးင်အား ၁၉၅၃ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မြှောက်စားခဲ့လေသည်။

 


အီဆူမန်၏ အာဏာတပ်မက်မှုသည် အဆုံးသတ်မှုမရှိခဲ့ပေ။ အသစ်ပြင်ဆင်လိုက်သည့် အခြေခံဥပဒေအရ အီဆူမန်သည် ၁၉၅၆ခုနှစ် သမ္မတရာထူး သက်တမ်း ကုန်ဆုံးပြီး နောက်ပိုင်းတွင် သမ္မတနေရာတွင် ပြန်လည်ဝင်ရောက် ၀င်ပြိုင်နိုင်ခွင့် မရတော့ချေ။ ထို့ကြောင့် အီဆူမန်သည် ၁၉၅၄ခုနှစ် မေလ ၂၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် လွတ်လပ်ရေးပါတီမှ လွှတ်တော်အမတ်နေရာ အများဆုံး ရရှိအောင် ဖန်တီးကာ အမြဲတမ်း အာဏာ ဆုပ် ကိုင် ထားနိုင်ရေးအတွက် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားခဲ့ပေသည်။ ထို့အတွက်ကြောင့် အခြေခံဥပဒေအား ပြင်ဆင်ရန် ၁၉၅၄ခုနှစ် မတ်လမှ စတင်ကာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပေသည်။


၁၉၅၄ခုနှစ် ဧပြီလ ၆ရက်နေ့တွင် အီဆူမန်သည် ဂျပန်လက်အောက်မှ လွတ်လပ်ရေးမရခင် အချိန်က ဂျပန် အလိုတော်ရိများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် သူများသည်လည်း မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ထုတ်ဖော်ပြောကြားပြီး မိမိအား အရှင်သခင်သဖွယ် ထောက်ပံ့ပေးမည့် ဂျပန်အလိုတော်ရှိများအား စည်းရုံး သိမ်းသွင်းခဲ့လေသည်။ ထို့အပြင် ထိုဂျပန်အလိုတော်ရိများအား ဥပဒေပြုကော်မတီဝင်အဖြစ် ၀င်ရောက်ရွေးချယ်ခံခွင့် ပေးမည်ဟု ထုတ်ဖော်ပြော ကြား ခဲ့လေသည်။ မေလ ၂၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် ပါတီတွင်း စုံစမ်းစစ်ဆေးခြင်း စနစ်အား ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ပေသည်။ (ပါတီတွင်း စုံစမ်းစစ်ဆေးခြင်းမှာ နိုင်ငံရေးပါတီတခုအား ကိုယ်စားပြုကာ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်အား သက်ဆိုင်ရာ နိုင်ငံရေးပါတီမှ စုံစမ်းစစ်ဆေးပြီး သဘောတူလက်ခံမှသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် စနစ်ဖြစ်သည်။) လွတ်လပ်ရေးပါတီမှ ပါတီတွင်း စုံစမ်းစစ် ဆေးခြင်းပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတလည်းဖြစ် လွတ်လပ်ရေးပါတီ၏ နာယကလည်းဖြစ်သူ အီဆူမန်၏ စေခိုင်းချက်အပေါ် လိုက်နာ၍ လွှတ်တော် အမတ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပါက အခြေခံဥပဒေ ပြင်ဆင်ရေးအား လုံးဝထောက်ခံပါမည် ဆိုသည့် ခံဝန်ဂတိပြုကိုကာ လွတ်လပ်ရေးပါတီ ကိုယ်စားပြု ရွေးချယ်ခဲ့ပေသည်။

 


ရွေးကောက်ပွဲရလဒ်သည် လွတ်လပ်ရေးပါတီမှ အများဆုံး ရွေးချယ်ခံခဲ့ရပေသည်။ ရွေးချယ်တင်မြှောက် ခံခဲ့ရသည့် အီဂျေဟာ့ ၊ ဟန်းဟီဆော့ဂ် ၊ ဂျန်းဂြောင်း ဂူန် စသည့် ဂျပန်အလိုတော်ရိများသည် လွတ်လပ်ရေးပါတီ၏ မဏ္ဍိုင်အဖြစ် လှုပ်ရှားခဲ့ကြလေသည်။ လွတ်လပ်ရေးပါတီသည် တသီပုဂ္ဂလ ရွေးချယ်ခံခဲ့ရသည့် အမတ်များအား စည်းရုံးသိမ်းသွင်းကာ ဇွန်လ လလယ်ပိုင်တွင် အခြေခံဥပဒေပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ပါတီတွင်း အတိုက်အခံများကြောင့် အောင်မြင် မှုမရခဲ့ပေ။ ဇူလိုင်လ တွင် အီဆူမန်မှ ကိုရီးယားနိုင်ငံ၏ သမ္မတအဖြစ် အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားဖက်သို့ နယ်မြေချဲ့ထွင် ပေါင်းစည်းရေးနှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြားခဲ့သည့်အပြင် ဆိုဗီယက် ၊ တရုတ်နှင့် ဂျပန်တိုသည်လည်း စစ်ဖြစ်ပွားခြင်းအား ထာဝရ အဆုံး သတ်ရန် လိုအပ်သည်ဟု ကွန်မြူနစ်နိုင်ငံများအား ဝေဖန်သည့် မိန့်ခွန်းများ ပြောကြားကာ ကွန်မြူနစ် ဆန့်ကျင်သူအဖြစ် ကြွေးကြော်ခဲ့လေသည်။

 

လွတ်လပ်ရေးပါတီသည် နိုဝင်ဘာလ ၂၀ရက် နေ့တွင် အခြေခံဥပဒေ ပြင်ဆင်မှု မူကြမ်းအား နိုဝင်ဘာ၂၇ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရန် တင်သွင်းခဲ့လေသည်။ သို့သော် လွတ်လပ်ရေးပါတီမှ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာပဲ ထောက်ခံမဲ တစ်မဲလိုအပ်သည့် ၁၃၅မဲသာ ရရှိခဲ့သည့်အတွက် အခြေခံဥပဒေ ပြင်ဆင်မှု မူကြမ်းသည် ပယ်ချခံခဲ့ရပေသည်။ သို့သော် လွတ်လပ်ရေးပါတီမှ သင်္ချာနည်းဖြင့် တွက်လျှင် ထိုဥပဒေမူကြမ်း မဲခွဲရာတွင် ထောက်ခံမဲရာနှုန်း ပြည်စုံသည်ဟု ဆိုခဲ့ပေသည်။ လွတ်လပ်ရေးပါတီမှ ဆိုသည့် သင်္ချာတွက်နည်းမှာ ဒဿမနောက်မှ ဂဏန်းများ တွက်သည့်နည်းဖြစ်သည့် ၄ဂဏန်းဖြင့် အဆုံးသတ်လျှင် ထို အတိုင်းပင်ဖြစ်ပြီး ၅ဂဏန်းနှင့်အထက်ဖြစ်ပါက ၁ထပ်ပေါင်းရန်ထွက်ချက်သည့် နည်းဖြစ်သည်။ ဆားဆားဝိုးအိဘ်ဟုခေါ်သည့် ထိုနည်းအား အီဆူမန် အစိုးရမှ အသုံးပြုကာ အခြေခံဥပဒေမူကြမ်းသည် လွှတ်တော်၏ ထောက်ခံချက်ဖြင့် ပြင်ဆင်မည်ဟု ကြေငြာခဲ့လေသည်။ ထိုသို့ ကြေငြာခဲ့သည့် နိုဝင်ဘာ ၂၉ရက်နေ့တွင် အတိုက်အခံဖက်မှ အမတ်များ တက်ရောက်မှုမရှိသည့် ကြားမှပင် ဥပဒေမူကြမ်းအား လွှတ်တော်မှ အတည်ပြုသည်ဟု ထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်ပေသည်။
အီဆူမန်သည် ဆားဆားဝိုးအိဘ် နည်းဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ပြုလုပ်ကာ အာဏာအား ထာဝရ ချုပ်ကိုင် ထားနိုင်ရန် ပြုလုပ်ခဲ့ပေသည်။ သို့သော် အီဆူမန် ဆန့်ကျင်သည့် မျိုးဆက်များနှင့် မြို့နေလူထုအများစုမှာမူ ထို ဆားဆားဝိုးအိဘ် ဆိုသည့် နည်းအား လက်ခံမှုမပြုခဲ့ကြပေ။ မြို့နေပြည်သူလူထုကြားတွင် အီဆူမန်၏ လွတ်လပ်ရေး ပါတီအား အချုပ်အခြာအာဏာအား ထာဝရလက်စွဲ ထားခြင်သည့် ဆားဆားဝိုးအိဘ်ပါတီဟု ခေါ်ဝေါ် သုံးစွဲပြီး ဝေဖန်ခဲ့ကြပေသည်။

ဆက်လက်ဖော်ပြပါဦးမည်။
ကိုလူချစ်(ကိုရီးယား)

၂၂။ အေပြီ  ၂၀၁၀

ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်။

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။

--ဟစ်တိုင် ၀ိုင်းတော်သားများ

 

ကိုရီးယားခေတ်ပြိုင် သမိုင်း

အခန်း(၁)

မျှော်လင့်ချက် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ (၁၉၆၀ခုနှစ်မှ ၁၉၆၁ခုနှစ် ကာလ)

 

အခန်း(၁) သွေးစွန်းသော အင်္ဂါနေ့မှ ပြည်သူ့အောင်ပွဲ အင်္ဂါနေ့ဆီသို့


၁၉၆၀ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ကတည်းကပင် တရားမျှတမှု မရှိပဲ မသန့်ရှင်းသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်မည်ဟု ကြိုတင်ခန့်မှန်း၍ ရလောက်အောင်ပင် အာဏာရှင်အစိုးရ၏ ရွေး ကောက်ပွဲဆိုင်ရာ သန့်ရှင်းမှုမရှိသည့် စည်းရုံးလှုပ်ရှားမှုများသည် စောစီးစွာ ပေါ်ထွက်လာခဲ့ပေသည်။ အာဏာရပါတီဖြစ်သော လွတ်လပ်ရေးပါတီ၏ ပြည်ထဲရေးဝန်ကြီးဖြစ်သည့် ချွှဲအီန်ဂြူး၏ ဦးဆောင်မှုဖြင့် ၁၉၅၉ခုနှစ် နိုဝင်ဘာလခန့်မှ စတင်၍ မသမာ သည့် နည်းလမ်းဖြင့် ရွေးကောက်ပွဲကျင်းပရန် စနစ်တကျ စီစဉ်ခဲ့ပေသည်။ ပြည်ထဲရေးဝန်ကြီးမှ ပြည်နယ်မှုးများအား ဆင့်ခေါ် ကာ "ကမ္ဘာ့သမိုင်း တလျှောက် သမ္မတရွေးကောက်ပွဲ ကာလအတွင်းမှာ အာဏာပိုင် အဖွဲ့အစည်းကို တရားစွဲဆိုတယ်ဆိုတာ ကြားဖူးကြသလား။ ဥပဒေဆိုတာ နောက်မှ၊ အရင်ဆုံး ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အရေးကြီးတယ်။

 

 

အဲဒီအတွက် အဖမ်းခံ ထောင်ကျရမယ်ဆိုလည်း ငါအကျခံမယ်။" ဟုပြောဆိုကာ သန့်ရှင်းမှုမရှိသည့် ရွေးကောက်ပွဲ ပြုလုပ်ရန် အတွက် တိုက်ရိုက် အမိန့်ပေး စေခိုင်းခဲ့လေသည်။ မဲဆန္ဒရှင် (၄၀)ရာခိုင်နှုန်း ခန့်အား ကြိုတင်မဲပေးစေခြင်း၊ မဲရုံသို့ မဲပေးရန် သွားရာတွင် ၃ယောက်တစ်တွဲ၊ ၅ယောက်တစ်တွဲ သွားစေခြင်း၊ မဲဆန္ဒရှင် စာရင်းများအား လိမ်လည်ခြင်း၊ လက်နက်အင်အား သုံးကာ ခြိမ်းခြောက်ခြင်း ၊ မဲရုံတွင် စောင့်ကြပ်ကြည့်ရှုသော အတိုက်အခံပါတီ ကိုယ်စားလှယ် များအား မဲရုံအပြင်သို့ ပထုတ် ခြင်း၊ မဲပုံးလဲလှယ်ခြင်း ၊ မဲလိမ်လည်ရေတွက်ခြင်း စသည့် မသမာသည့် နည်းလမ်းပေါင်းစုံအား အသုံးပြုရန် စီစဉ်ထားသည်ဟု ဒီမိုကရက်တစ်ပါတီမှ ဝေဖန်ပြောဆိုခဲ့လေသည်။


အတိုက်အခံပါတီဖက်မှ အဓိက ခေါင်းဆောင်များဖြစ်သော ဂျိုဘုံးင်အမ် ကြိုးပေးအသတ်ခံရပြီး ဒီမိုကရက်တစ်ပါတီမှ သမ္မတ လောင်းအဖြစ် ၀င်ရောက်ရွေးချယ်ခံမည့် ဂျိုဗြောင်အုတ်သည်လည်း အမေရိကန်နိုင်ငံသို့ ဆေးကုသရန် ထွက်ခွာသွားပြီးနောက် ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ကွယ်လွန်သွားသည့်အတွက် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရမည့်သူမှာ အီဆူမန် တစ်ဦးသာ ရှိခဲ့လေသည်။ ဒုတိယ သမ္မတ နေရာတွင် ရွေးချယ်ခံမည့် သူများအနက် တွင်လည်း အီဆူမန် ဘက်တော်သား တစ် ဦးဖြစ်သူ အီဂီဘူးင် သာလျှင် အနိုင်ရနိုင်မည့် အခြေအနေ ရှိပေသည်။ အီဆူမန်အား ထောက်ခံသည့် အာဏာပိုင်အဖွဲ့အစည်း များတွင် လုပ်ဆောင်နေသည့် သူများမှ အသက်(၈၅)နှစ် အရွယ် ရှိနေပြီဖြစ်သော အီဆူမန်သည် အချိန်မရွေး သေဆုံးသွားနိုင် သည့်အတွက် အီဂီဘူးင်အား ဒုတိယ သမ္မတ နေရာတွင် သေချာပေါက် အနိုင်ရရန် ပြုလုပ်မှသာလျှင် မိမိတို့၏ လုပ်ပိုင်ခွင့် အာ ဏာများ အဓွန့်ရှည်နိုင်မည်ဟု သုံးသပ်ခဲ့ကြပေသည်။အီဆူမန်နှင့် အီဂီဘူးင်တို့မှလည်း မိမိတို့၏ အာဏာ လက်မလွှတ် နိုင်စေ ရေးအတွက် မိမိတို့ စေခိုင်းသမျှ ဆောင်ရွက်ပေးမည့် လူများအား လုပ်ပိုင်ခွင့်အာဏာနှင့် ငွေကြေးများကို မက်လုံးပေးကာ သိမ်းသွင်းခဲ့ပေသည်။


၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ကိုရီးယားနိုင်ငံ၏ အာဏာရှင်အစိုးရ ဆန့်ကျင်ရေး ပထမဆုံး အကြိမ် ကျောင်းသား လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ပေသည်။ အီဆူမန် အစိုးရမှ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီ၏ စည်းရုံးသိမ်းသွင်းခြင်း မခံရစေရန် ကျောင်းပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ပါ အတင်းအကြပ် ကျောင်းတက်ရန် ခိုင်းစေခဲ့ခြင်းမှ ကျောင်းသား လှုပ်ရှား မှုကြီး စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့ တနင်္ဂနွေနေ့တွင် ဒယ်ဂူးမြို့ရှိ ဂယောင်ဘူ့ အထက်တန်း ကျောင်းမှ ကျောင်းသား/သူများသည် "ပညာရေးအား နိုင်ငံရေး ခုတုံးအဖြစ် အသုံးမပြုရေး" စသည့် ကြွေးကြော်သံများဖြင့် ပထမဆုံးအကြိမ်အဖြစ် အာဏာရှင်အစိုးရအား ဆန့်ကျင်သည့် ကျောင်းသားထု ဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့ပေသည်။ ထို့နောက် ဒယ်ဂူးမြို့ရှိ တခြား အထက်တန်းကျောင်း များမှလည်း ထိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြလေသည်။ တောင်ကိုရီးယား အစိုးရဖွဲ့စည်း ပြီးသည့် နောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုကြီး တစ်ခုလည်း ဖြစ်ခဲ့ပေသည်။
မသမာသော နည်းလမ်းဖြင့် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆန္ဒပြမှုသည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ဖြစ်သော ၁၉၆၀ခုနှစ် မတ်လ ၁၅ရက်နေ့တွင် မာဆန်းန်မြို့မှ စတင်ခဲ့လေသည်။ မာဆန်းန်မြို့နယ် ဒီမိုကရက်တစ် ပါတီမှ ခေါင်းဆောင်များသည် နည်းမျိုးစုံဖြင့် ကလိမ်ကကျစ်ကျထားသော ရွေးကောက်ပွဲအား ဖျက်သိမ်းရန် တောင်းဆို ဆန္ဒပြခဲ့ကြ လေသည်။ ထိုသတင်းအား ကြားသိသွားသော မာဆန်းန်မြို့မှ ထောင်ပေါင်း များစွာသော လူထုကြီးမှလည်း ထိုနေ့ ညနေပိုင်း တွင် မဲရုံများအနီးတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့လေသည်။ ဆန္ဒပြလူထုကြီးအား ရဲများမှ ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ၈ဦးသေ ဆုံးပြီး(၉ဦး သေဆုံးသည်ဟု ပြောဆိုမှုများလည်း ရှိပါသည်။)၈၀ဦးခန့် ဒဏ်ရာရကာ ၂၀၀ဦးခန့် အဖမ်းအဆီးခံခဲ့ရလေသည်။ မတ်လ ၁၆ရက်နေ့ နောက်ပိုင်းတွင်လည်း ဆိုးလ်မြို့နှင့် ဘူဆန်းမြို့များရှိ အထက်တန်းကျောင်းသား/သူများမှလည်း ဆန္ဒပြ ခဲ့ကြလေသည်။ ဧပြီလ ၆ရက်နေ့ တွင်လည်း ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ ဦးဆောင်ကာ အာဏာရှင်အစိုးရ ဆန့် ကျင် ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပေသည်။
အာဏာရှင် အီဆူမန်အစိုးရအား ဖြုတ်ချနိုင်ခဲ့သော ဧပြီလ ၁၉ရက်(၄.၁၉) အရေးတော်ပုံကြီးမှာ မာဆန်းန်မြို့၏ ဒုတိယအကြိမ် ဆန္ဒပြပွဲကြီးမှ စတင်ခဲ့လေသည်။

 

 မတ်လ ၁၅ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် အစိုးရရဲများ၏ ပစ်ခတ်မှုများကြောင့် မျက် လုံးတွင်ဒဏ်ရာရရှိခဲ့ကာ ဆန္ဒပြ ပွဲအပြီး ပျောက်ဆုံးသွားသော ကင်မ်ဂျုယောလ်သည် ဧပြီလ ၁၁ရက်နေ့က မာဆန်န်းန် ပင်လယ် ပြင်တွင် ရုပ်အလောင်းအဖြစ် ပေါ်လာလေသည်။ မြင်မကောင်းအောင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည့် ကင်မ်ဂျု ယောလ်၏ ရုပ်အလောင်းအား တွေ့ရှိ သွားသော မာဆန်းန်မြို့မှ လူထုကြီးသည် မခံမရပ်နိုင်ဖြစ်ခဲ့ကြလေသည်။ ထို့ကြောင့် မာဆန်းန်မြို့မှ လူထုအင်အား ၂သောင်း ကျော်ခန့်သည် မာဆန်န်းမြို့ ရဲစခန်းအပါအ၀င် မာဆန်းမြို့ အုပ်ချုပ်ရေး ဋ္ဌာနများအား ၀င်ရောက် တိုက်ခိုက်ခဲ့ကြလေသည်။ ထိုနေ့တွင်လည်း ရဲများ၏ ပစ်ခတ်မှုဖြင့် ၂ဦးသေဆုံးခဲ့လေသည်။ ဧပြီလ ၁၂ရက်နေ့တွင် မာဆန်းန်မြို့ရှိ အထက်တန်း ကျောင်း များမှ ကျောင်းသား/သူများပါ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြလေသည်။ဧပြီလ ၁၃ရက်နေ့တွင်လည်း ကျောင်းသူများ၏ ဦးဆောင် မှုဖြင့် ဗုဒ္ဓဘာသာ တက္ကသိုလ်တစ်ခု ဖြစ်သော ဟေအီန်တက္ကသိုလ်မှ ကျောင်းသား/သူ များသည်လည်း ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ခဲ့ကြလေသည်။ ထိုသို့ ၃ရက်ဆက်တိုက် ဆန္ဒပြမှုများကြောင့် မာဆန်းန်မြို့၏ အစိုးရအုပ်ချုပ်မှု ယန္တယားများ ရပ်ဆိုင်း သွားခဲ့လေသည်။
အစိုးရမှ ဒုတိယအကြိမ် မာဆန်းန် ဆန္ဒပြပွဲသည် မြောက်ကိုရီးယား သူလျှိုများ၏ ကြိုးကိုင်မှုဖြင့် ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုခဲ့ လေသည်။ အီဆူမန်နှင့် ပြည်ထဲဝန်ကြီးတို့မှ ထိုဆန္ဒပြပွဲ၏ နောက်ကွယ်တွင် ကွန်မြူနစ်ပါတီမှ ကြိုးကိုင်ထားသည်ဟု အသံ လွှင့်ဋ္ဌာနများမှတဆင့် မိန့်ခွန်းများ ပြောကြားခဲ့ကြလေသည်။ မာဆန်းန်မြို့မှ စတင်ခဲ့သည့် အီဆူမန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် တခြားနယ်မြို့များသို့ပါ ပျံနှံ့သွားခဲ့လေသည်။ ဧပြီလ ၁၈ရက်နေ့တွင် ပြုလုပ်ခဲ့သော ဂိုလျောတက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒပြပွဲသည်လည်း ဧပြီလ ၁၉ရက်(၄.၁၉) အရေးတော်ပုံကြီး ပေါ်ပေါက်လာစေသည့် ဆန္ဒပြပွဲ ဖြစ်ခဲ့ လေသည်။ ဂိုလျောတက္ကသိုလ်မှ ကျောင်းသား/သူ ၃၀၀၀ခန့်သည် " အမျိုးသား ရေး သစ္စာဖောက်များအား ဖယ်ရှားကြ " ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လွှတ်တော်ရှေ့ထိ ရောက်အောင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြလေသည်။ ဆန္ဒပြ ကျောင်းသား/သူများသည် ဆန္ဒပြပွဲအပြီး ကျောင်းသို့ အပြန်လမ်းတွင် အီဆူမန်မှ လက်သပ်မွေးထားသော "ကွန်မြူနစ်အလုံးစုံ ဆန့်ကျင်ရေးလူငယ်အဖွဲ့"၏ တိုက်ခိုက်မှု ခံခဲ့ရလေသည်။ ("ကွန်မြူနစ်အလုံးစုံ ဆန့်ကျင်ရေးလူငယ်အဖွဲ့"သည် ထိုးနှက် ရိုက်ပုတ် သတ်ဖြတ်ရန် ၀ံမလေးသည့် လူမိုက်အဖွဲ့ ဖြစ်သည်။) ဆန္ဒပြ ကျောင်းသား/သူများ ရိုက်နှက်ခံနေရပုံများသည် နောက် တစ်နေ့ထုတ် သတင်းစာတွင် တွေ့မြင်လိုက်ရသည့် ကျောင်းသား/သူများနှင့် ပြည်သူလူထုကြီး၏ မခံရပ်နိုင်မှုများသည် ပိုမို ပေါက်ကွဲခဲ့ကြလေသည်။


ဧပြီလ ၁၉ရက် အင်္ဂါနေ့ မနက်ပိုင်းတွင် ဆိုးလ်တက္ကသိုလ် လူနှင့်ပတ်ဝန်းကျင် ဘာသာဋ္ဌာနမှ ကျောင်းသား/သူများ မှ စတင် ကာ ကျောင်းဝင်းအတွင်းမှ ထွက်သည့်နှင့် တပြိုင်နက် တခြားဘာသာဋ္ဌာနမှ ကျောင်းသား/ကျောင်းသူ များမှလည်း လိုက်လံ ပူးပေါင်း ခဲ့ကြလေသည်။ ထို့အပြင် ဆိုးလ်မြို့ရှိ တခြားသော တက္ကသိုလ်ပေါင်းစုံမှ အမျိုးသမီးတက္ကသိုလ်ပါမကျန် ပူးပေါင်း ပါ ၀င်ခဲ့ကြလေသည်။ ထို့နောက် နေ့လည်ပိုင်းတွင် အထက်တန်း ကျောင်းသား/သူများနှင့် အလယ်တန်းကျောင်းသား/သူ တချို့ ပါ ဆန္ဒပြပွဲတွင် ပါဝင်လာကာ ဆိုးလ်မြို့တွင် ဆန္ဒပြကျောင်းသား/သူ (၁)သိန်းခန့်အထိ ဖြစ်သွားလေသည်။
ဆိုးလ်တက္ကသိုလ် ကျောင်းသားများမှ လွှတ်တော်ရှေ့တွင် ဆန္ဒပြကြကာ ဒုံင်ဂုတက္ကသိုလ်မှ ကျောင်းသားများသည် သမ္မတအိမ် တော် ၀င်ပေါက်အထိ သွားရောက်ဆန္ဒပြခဲ့ကြလေသည်။ ဆန္ဒပြကျောင်းသားများအား ရဲများမှ နေ့လည် ၁နာရီ မိနစ်၄၀ခန့် အချိန်မှ စ၍ ပစ်ခတ်နိမ်နင်း ခဲ့လေသည်။ ထိုအချိန်သည် "သွေးစွန်းသော အင်္ဂါနေ့" ၏ အစဖြစ်ပေသည်။ နေ့လည် ၃နာရီတွင် ကြည်းတပ် စစ်ဦးစီးချုပ် ဆုံးင်ယိုချန်းန်မှ မာရှယ်လော အမိန့်အား ထုတ်ပြန်ခဲ့သည်။ ညပိုင်းအထိ ဆန္ဒပြကျောင်းသားထုမှာ ပစ်ခတ်နိမ်နင်းမှုကို ခံခဲ့ရလေသည်။ ဆန္ဒပြ ကျောင်းသားထုမှလည်း အစိုးရမှ ပစ်ခတ်နိမ်နင်းသည့်အတွက် အစိုးရ အုပ်ချုပ် ရေးဋ္ဌာနများအား ပြန်လည်ဖျက်ဆီး ခဲ့ကြလေသည်။ "သွေးစွန်းသော အင်္ဂါနေ့"သည် ဆိုးလ်မြို့တွင်သာမက နိုင်ငံအနှံ့အပြား တွင် ပေါ်ပေါက်ခဲ့လေသည်။ ဘူဆန်းမြို့နှင့် ဂွမ်ဂျုမြို့များတွင်လည်း ကြီးမားသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့လေသည်။ အစိုးရ၏ ပစ်ခတ်နိမ်နှင်း မှုများကြောင့် ဘူဆန်းမြို့တွင် (၁၉)ဦးသေဆုံးခဲ့ပြီး ၊ ဂွမ်ဂျုမြို့တွင် (၈)ဦးသေဆုံးခဲ့လေသည်။

 

 အစိုးရမှ ဆိုးလ်၊ ဘူဆန်း၊ ဂွမ်ဂျုမြို့များအပြင် ဒယ်ဂူး၊ဂျော်န်ဂျု၊ချော်န်ဂျု၊ အင်ချွှန်းမြို့များကိုပါ မာရှယ်လောအမိန့် ထုတ်ပြန် ခဲ့လေသည်။ ထို့အပြင် ဧပြီလ ၁၉ရက်(Ơ