အမှတ်တရ ကဏ္ဍ

တက္ကသိုလ်ကျောင်းသား ကိုသန့်----တက္ကသိုလ်စိန်တင်

 

ကိုသန့်သည် ၁၉၂၆ ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက် ၍ အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာ ခဲ့သည်။

ကိုသန့်သည် ၀ိဇ္ဇာပညာရပ်များကိုယူပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစားနေ၍ ပညာ သင်ကြားခဲ့သည်။ သူနေသော ပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော တကောင်းကျောင်းဆောင်ဖြစ်သည်။

တကောင်းကျောင်းဆောင်တွင် နေထိုင်၍ လေးလကြာသောအခါတွင် ကိုသန့်သည် ပုဂံကျောင်းဆောင်သို့ ပြောင်း၍နေသည်။ ပုဂံကျောင်းဆောင်တွင်လည်း လေးလနေပြီးနောက် မေအောင် ကျောင်းဆောင်သို့ ပြောင်းသည်။

မေအောင်ကျောင်းဆောင်ဆိုသည်မှာ ယခုရွှေတိဂုံဘုရားလမ်းမှ ဆန်းကဖီးဟိုတယ်နှင့် ကပ်လျှက်ရှိသော အဆောက်အဦးဖြစ်သည်။ ထိုအချိန်က ယင်းအဆောက် အဦးကို မေအောင်ကျောင်းဆောင်ဟု ခေါ်၍ ရန်ကုန်တက္ကသိုလ်မှ ငှားရမ်းအသုံးပြုပြီး ကျောင်းအိပ်ကျောင်းစား ကျောင်းသားများကို ထားရှိခြင်းဖြစ်သည်။ ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ဥပစာတန်း သင်တန်းချိန်ကုန်ဆုံးခါနီးရောက်မှ မေအောင်ကျောင်းဆောင်သို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်။

ထိုအချိန်က မေအောင်ကျောင်းဆောင်၏ လက်ထောက်အဆောင်မှူးမှာ နောင်အခါတွင် ကျောက်စာဝန် ဦးလူဖေ၀င်း (မဟာဝိဇ္ဇာ)အဖြစ် ထင်ရှားလာမည့် ဆရာ ဦးလူဖေ၀င်းပင်ဖြစ်သည်။ ဆရာ ဦးလူဖေ၀င်းနှင့် တက္ကသိုလ်ကျောင်းသားကြီး ကိုသန့်တို့သည် ကျောင်းဆောင်တစ်ခုတည်းတွင် ဆရာနှင့်တပည့် အဖြစ်လာ ရောက်တွေ့ဆုံကြသည်။ ဆရာဦးလူဖေ၀င်းမှာ နောင်အခါတွင် မဟာဝိဇ္ဇာအောင်ပြီး မြန်မာစာတွင် ရွှေတံဆိပ်ရသူဖြစ်လေသည်။

 

ကိုသန့်သည် ပထမနှစ် ဥပစာတန်း ပြီးဆုံး၍ ဒုတိယနှစ်ဥပစာတန်းသို့ တက်ရောက်သင်ကြားရပြန် သောအခါ မေအောင်ကျောင်းဆောင်မှာပင် ဆက်လက်နေထိုင ခဲ့သည်။ ထိုစဉ်က ကိုသန့်၏ တက္ကသိုလ် အပေါင်းအသင်းများမှာ ကိုမျိုးမင်း (ယခု အင်္ဂလိပ်စာ ပါမောက္ခဟောင်း၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်)၊ ကိုရွှေမရ (အိုင်စီအက်စ် ဦးရွှေမရ)၊ ပျဉ်းမနား ကိုစိုးသိန်း (မိတ္ထီလာ အမျိုးသားအထက်တန်းကျောင်းအုပ်ကြီး) တို့ဖြစ်လေသည်။ ကိုသန့်နှင့် ချစ်ခင်ပေါင်းသင်းကြသော မိတ်ဆွေသင်္ဂဟအများပင်ရှိကြသော်လည်း ထိုသူများသာ ကိုသန့်နှင့်တပူးတွဲတွဲ ခင်မင်စွာနေကြသူများဖြစ်သည်။ ကိုသန့်နှင့် အရင်းနှီးဆုံးသူငယ်ချင်းများ လည် ဖြစ်သည်။

ထိုအခါတွင် ကိုသန့်ထက် အတန်းကြီးသော မိတ်ဆွေများဖြစ်သည့် တက္ကသိုလ်ကျောင်းသားကြီးများ ဖြစ်သော ကိုနုနှင့် ကိုထင်အောင်တို့မှာ ကိုသန့်ထက် ၂ နှစ် စောပြီး ရန်ကုန်တက္ကသိုလ်သို့ ရောက်နေခဲ့ကြပြီး ဖြစ်လေသည်။

သူတို့သည် တက္ကသိုလ်ကျောင်းတော်တွင် နေထိုင်ရင်း ပညာဗဟုသုတဆွေးနွေးညှိနှိုင်းခြင်း၊ စာပေ မွေ့လျော်သူများဖြစ်သဖြင့် မြန်မာစာပေအတွက် လေ့လာ ဆွေးနွေးခြင်းများ ပြုခဲ့ကြသည်။

ကိုထင်အောင်ကား နောင်အခါတွင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အောင်အဖြစ်နှင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီးလျှင် မြန်မာစာပေလောကနှင့် ပါတ်သတ်သည့် စာအုပ်များကို အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားထုတ်ဝေခဲ့သော ကမ္ဘာသိစာရေးဆရာတစ်ဦးဖြစ်ခဲ့သည်။

ဦးသန့်

 

ကိုနုကား စစ်ကြိုခေတ်က နဂါးနီစာအုပ်တိုက်ထွက် စာရေးဆရာများတွင် နာမည်ကျော်စာရေးဆရာ တစ်ဦးဖြစ်ခဲ့သည်။ သူရေးသော စာအုပ်များထဲတွင် `ရက်စက် ပါပေ့ကွယ်´စာအုပ်မှာ လူကြိုက်များသည်။ စစ်ပြီးခေတ်တွင် ဂျပန်ခေတ်အတွေ့အကြုံများကို ဖော်ပြသော `ငါးနှစ်ရာသီ ဗမာပြည်´စာအုပ်၊ `လူထု အောင်သံ´ ပြဇာတ်များကိုလည်း ရေးခဲ့ပြန်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံး ၀န်ကြီးချုပ် လည်းဖြစ်ခဲ့သည်။

ကိုသန့် တက္ကသိုလ်ရောက်လာသည့်အချိန်က ရန်ကုန်မြို့မှာ ဗြိတိသျှ ဗြူရိုကရေစီစနစ်ကြီး အင်အား ကြီးမားစွာ ထွန်းကားနေချိန်ဖြစ်သည်။

ရန်ကုန်တွင် ကုက္ကိုင်းရေကူးကန်ကလပ်၊ ဂျင်မခါနာကလပ်၊ ပဲခူးကလပ်ဟူ၍ နိုင်ငံခြားသား မျက်နှာဖြူ များ၏ကလပ်အသီးသီးရှိခဲ့သည်။ ထိုကလပ်အသီးသီးမှာ အထက်တန်းလွှာများနှင့် မျက်နှာဖြူအရာရှိကြီးများ ကြီးစိုးလျှက်ရှိသည်။ အခြားကောလိပ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌ ပျော်ပါးလည်ပတ် နေစဉ်တွင် ကိုသန့်သည် စာအုပ်ပုံထဲ၌သာ ပျော်မွေ့နေခဲ့၏။ သူသည် ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက် တက္ကသိုလ်သို့လာခဲ့သည်မဟုတ်၊ သုံး ရန်ဖြုံးရန်လည်း ငွေပိုမပါလာ။ သုံးရန် ဖြုန်းရန်လည်းဆန္ဒမရှိပေ။

သူတို့တစု၏ အချစ်ဆုံးတက္ကသိုလ်ဆရာတစ်ဦးမှာ ဗြိတိသျှသမိုင်းဆရာ ဒီဂျီအီးဟောလ် ဖြစ်၍၊ သူသည် အနောက်ဥရောပရာဇ၀င်ကို သင်ကြားသော ကထိက တစ်ဦးဖြစ်ခဲ့သည်။

ဆရာဟောလ်သည် ကိုသန့်၊ ကိုနုစသော ကျောင်းသားကြီးများကို ခင်မင်သည်။ သူတို့သည် ဆရာကောင်းတပည့်များဖြစ်ကြောင်း ပြောပြလေ့ရှိသည်။

ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ကို ပင်ရင်းဘာသာ အဖြစ်သင်ကြားရ၏။ ထို့ပြင် မြန်မာအနု စာပေသမိုင်းနှင့် သင်္ချာ၊ လောဂျစ်ဘာသာတို့ကိုလည်း အပိုဘာသာ အဖြစ်သင်ယူရသည်။

တက္ကသိုလ်တွင်နေစဉ် ကိုသန့်သည် အ၀တ်အစားကို ပပလွှားလွှားကြွားကြွားမော်မော် ၀တ်လေ့ မရှိပေ။ သို့သော်အကျီ င်္လုံချည်များကို သေသေသပ်သပ်နှင့် ဖြူဖြူစင်စင် ၀တ်ဆင်လေ့ရှိသူဖြစ်၏။

 

သူ့အမူအရာမှာ အမြဲအေးအေးဆေးဆေးဖြစ်သည်။ ထို့ပြင်သူသည် အမြဲလန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်း ဖြစ်လေသည်။

ကိုသန့်အပြောအဆို အမူအရာမှာ အလွန်နူးည့သိမ်မွေ့၍ လူကြီးလူကောင်းဆန်လှသည်။ သူသည် ဘယ်တော့မှ ညစ်ပတ်သောပြက်လုံးများရယ်စရာများကို ပြောလေ့မရှိ။ အခြားသူများပြောလျှင်လည်း နားမထောင်တတ်ပေ။

သူသည် မိမိအ၀တ်အစားများကို သန့်ရှင်းဖြူစင်အောင် ကိုယ်တိုင်လျှော်ဖွတ်၍ လုံချည်များကို မိမိ အိပ်ရာအောက်တွင် ဖြန့်ကာ ခေါက်ရိုးကျကျပြန့်နေအောင် လုပ်လေ့ရှိ၏။

မည်သူနှင့်မျှလည်း ရန်မဖြစ်တတ်။ သူများ အတင်းအဖျင်းကိုလည်း ပြောဆိုလေ့မရှိ၍ သူ့ကို လူတိုင်းက ခင်မင်ကြသည်။

စာကြိုးစားသည့်ဘက်ကဆိုလျှင် သူသည်အလွန်ဝီရိယရှိသည့်အတိုင်း အတန်းထဲတွင်လည်း စာတော်သူတစ်ယောက်ဖြစ်သည်။

သို့သော် …. မိမိ မည်မျှတော်သည်။ ထူးချွန်သည်ကို ကိုသန့်သည်ဘယ်တော့မှ ထုတ်ဖော်၍ မပြောတတ်ပါ။ ထင်ပေါ်မှုကို ကိုသန့်သည် အလွန်မုန်း၏။

ကိုသန့်၏ အရည်အချင်း ထူးချွန်မှုများသည် သူ့ကိုထင်ပေါ်စေရန် အထောက်အကူဖြစ်နေသည်။ ထင်ပေါ်မှုကို မလိုလားသော ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒအသင်းကြီးတွင် တွဲဖက် အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။

ထို့ပြင် စာပေနှင့်စကားရည်လုပွဲအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်လာသည်။

ကိုသန့်သည် သတင်းစာများသို့ အယ်ဒီတာထံ ပေးစာများ၊ ဆောင်းပါးများ ရေးသားပေးပို့ခြင်းဖြင့် တက္ကသိုလ်တွင် ရှိစဉ်ကပင် မိမိဆန္ဒသဘောထားများကို လွတ် လွတ်လပ်လပ် တင်ပြခဲ့သည်။

၁၉၂၈ ခုနှစ်၊ ကိုသန့် ဥပစာတန်းစာမေးပွဲကို အောင်မြင်သောအခါတွင် အမှတ်ကောင်းစွာဖြင့် အောင်မြင်ခဲ့၏။ ဤသို့ဖြင့် သူသည် အသက် ၁၉နှစ်တွင် ပန်းတနော် သို့ပြန်၍ အထက်တန်းပြဆရာအဖြစ်ဖြင့် အမျိုးသားအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ညီငယ်များအပေါ် ညှာတာသည့်ကိုသန့်၏စိတ်ထားကို အထူးသိသာနိုင်သည်။ ၁၉၂၈ ခုနှစ်၊ ကိုသန့်၏ အောက် အသက် ၂နှစ်ခန့်ငယ်သော ကိုခန့်သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်လာသည်။

ကိုသန့်သည် ကိုခန့်ပညာဆက်လက်သင်ကြားရေးအတွက် မိမိကိုယ်ကျိုးအနစ်နာခံပြီး ထိုနှစ်တွင် တက္ကသိုလ်ကျောင်းမှ ထွက်ခဲ့လေသည်။

မိမိညီဖြစ်သူ ကိုခန့်ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်သင်ကြားသောအခါ မိမိရော၊ မိမိညီဖြစ်သူပါ နှစ်ယောက်စလုံးပာာသင်စရိတ်မှာ မနည်း လှသည်ကိုလည်း ကိုသန့်နားလည်သည်။

တက္ကသိုလ်ကျောင်းသားနှစ်ယောက်၏ ပညာသင်စရိတ်ကို မိခင်ကြီးဒေါ်နန်းသောင်က ထောက်ပံ့ရန် များစွာပင်ပန်းနေမည်ကိုလည်း ကိုသန့်ခန့်မှန်းမိသည်။ ထို့ကြောင့် ထိုခေတ်က လူအများ အလွန်တန်ဖိုးထားကြသော ဘီအေစာမေးပွဲအောင်ရန်ဆန္ဒကို တစ်ပတ်လျှော့လိုက်၏။ အိုင်အေ (ဥပစာတန်း)စာမေးပွဲအောင် သောအချိန်တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဆက်လက်မတက်ပဲ ကျောင်းမှ ထွက်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ကိုသန့်က ရန်ကုန်တက္ကသိုလ်မှ ထွက်လိုက်ရန်ဆုံးဖြတ်သည်ကို မိခင်ကြီးက သဘောသိပ်မတူ။

 

သား …. လူကလေး မောင်သန့်ရယ် …. နောင် ၂ နှစ်သာ ကျန်တော့တာပဲ၊ တက္ကသိုလ်ကိုဆက်တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်လိုက်ပါဦးကွယ်။ အမေတို့စီးပွား ရေးလဲ ဒီလောက်ချို့တဲ့ နေတာမှမဟုတ်ပဲ။

ဒေါ်နန်းသောင်က သားကြီးကို ဤသို့ ယုယကြင်နာစွာ ပြောခဲ့သည်။ ကိုသန့်က မိခင်ဖြစ်သူအား မိမိ၏ ရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။

အမ ပြောတာလဲ မှန်ပါတယ်၊ ဒါပေမယ့် …. ကောလိပ်ကျောင်းသား နှစ်ယောက်ရဲ့စရိတ်ဆိုတာ နည်းတာမဟုတ်ဘူးနော်၊ အမ သိပ်ပင်ပန်းမယ်၊ ကျွန်တော်အလုပ်ထွက်လုပ်ချင်ပါပြီ၊ ညီလေး မောင်ခန့်ပြီးရင် နောက်အဆင့် တက်လာမဲ့ ညီတွေရဲ့တာဝန်ရှိသေးတယ်၊ ကျွန်တော် ကျောင်းထွက်ပြီး အမကိုလဲ သားလုပ်စာနဲ့ ကန်တော့ပါရစေဦး အမရယ် ……”

ကိုသန့်၏ ကျိုးကြောင်းမျှတသော စကားကိုမိခင်ဖြစ်သူမှာ လက်ခံရတော့သည်။ သာကြီးစိတ်မကောင်းမည်ကိုလည်း စိုးရိမ်သဖြင့် မိခင်ကြီးက အေးကွယ် သားကလဲ အမစိတ်ချမ်းသာစေချင်လို့ ဒီလို လုပ်ရတယ်ဆိုရင် လုပ်ပေါ့၊ သား ညီတွေရဲ့ တက်လမ်းကိုလဲ သားကြည့်သေး တာကိုး ….” ဟုသာ ပြောရတော့သည်။

ဤသို့ဖြင့် ကိုသန့်သည် ရုတ်တရက်ကျောင်းမှထွက်ခဲ့၏။ ကိုသန့်ကျောင်းထွက်ခြင်းကို သူငယ်ချင်း အပေါင်းအသင်းများက ကောင်းစွာမကျေနပ်ကြပေ။ လှေပြေးတုန်း တက်ကျိုးဆိုသလို ဖြစ်နေ၍ စိတ်မကောင်း ဖြစ်ကြသည်။ သို့သော် …. ကိုသန့်မှာကား မိမိစိတ်ကူးနှင့် မိမိဆုံးဖြတ်ပြုဆောင်ရသည် ဖြစ်သောကြောင့် ကျေနပ်နေသည်။ မိခင်ကြီးကို လုပ်ကျွေးသမှုပြုရတော့မည် ဖြစ်သောကြောင့် ကိုသန့်မှာ များစွာဝမ်းမြောက် ၀မ်းသာဖြစ်လျှက်ရှိပေသည်။ ကိုသန့်သည် ပန်းတနော်မြို့ အစိုးရအထောက်အပံ့ခံ အမျိုးသားအထက်တန်း ကျောင်းတွင် ၁၉၂၁ ခုနှစ်မှစ၍ အထက်တန်းပြဆရာအဖြစ်ပြန်လည် အမှုထမ်း ခဲ့ သည်။

 

ရန်ကုန်တက္ကသိုလ်မှ ကိုသန့် ထွက်လာပြီးနောက် သိကျွမ်းရသူများအနက် သူ့ကို အထူးခင်မင်သော ဗြိတိသျှအမျိုးသားကြီးတစ်ဦးရှိခဲ့သည်။ သူကား ဂျေအက်စ် ဖာနီဗယ် ဆိုသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထိုပုဂ္ဂိုလ် ကြီးမှာ အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်)အဖြစ်မှ အငြိမ်းစားယူလာသူဖြစ်၍ အသက် ၅၀ ကျော်ရှိပြီ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းအနီးတွင် စာအုပ်ဆိုင်ဖွင့်ထား၏။

သူ့စာအုပ်ဆိုင်အမည်မှာ မြန်မာနိုင်ငံစာအုပ်အသင်းလီမိတက်ဖြစ်လေသည်။ ဖာနီဗယ်ကား စာပေ ၀ါသနာရှင်တစ်ဦးဖြစ်၏။ စာလည်းရေးသည်။ သူသည် မြန်မာ နိုင်ငံအနာဂတ်အတွက် အလွန်ပင် စေတနာ ရှိသူတစ်ဦးဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းမှာ အရည်အချင်းမှီရန် များစွာလိုသေး သည်ကို ဖာနီဗယ်သိသည်။ ဖာနီဗယ်သည် စာကြည့်တိုက်များ၊ စာဖတ်များကို တတ်နိုင်သမျှ ကြိုးစား၍ တည်ထောင်လေ့ရှိခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေး အသင်းကြီးကို စတင်တည်ထောင်ခဲ့သူမှာ ဆရာကြီး ဖာနီဗယ်ဖြစ်သည်။ ဂန္တလောကမဂ္ဂဇင်းကိုလည်း စတင် တည်ထောင်ခဲ့၏။

သူသည် မြန်မာကျောင်းသားများအား အမျိုးသားစိတ်ဓာတ် ဖွံ့ဖြိုးရှင်သန်စေရန် ပထမဦးစွာ လှုံ့ဆော်ပေးခဲ့သော နိုင်ငံခြားသားတစ်ဦးလည်း ဖြစ်ပေသည်။ ဖာနီဗယ်သည် တက္ကသိုလ်ကျောင်းထွက် ကိုသန့်ကို အလွန်ချစ်သည်။ ကိုသန့်၏အရည်အချင်းကို သူအလွန်သဘောကျနှစ်သက်သည်။ ကိုသန့်၏ အနေအထိုင် အပြောအဆိုများကိုလည်း သူက တန်ဖိုးအလွန်ထားသည်။ ထို့ကြောင့် ဆရာကြီးက ကိုသန့်ကို ပြည်သူ့ဝန်ထမ်းစာမေးပွဲဝင်ရောက်ဖြေဆိုပြီး ရာထူးကြီးကြီးတစ်ခု ကို ယူပါရန် တိုက်တွန်းခဲ့၏။ အစိုးရအရာရှိ ဖြစ်လာလျှင် အမျိုးသားအထက်တန်းကျောင်းဆရာ ရာထူးထက် များစွာပိုလျှံသော လစာငွေကို ရမည်ဖြစ်ပေသည်။

သို့သော် ကိုသန့်သည် အိုင်စီအက်စ်၊ ဘီစီအက်စ် စသော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ရာထူးများကို လက်ခံရန် လုံးဝစိတ်မ၀င်စားပေ။ ထိုရာထူးများကို လိုချင် လျှင် တက္ကသိုလ်၌ နောက်ထပ် အနည်းဆုံး ၂ နှစ်ထပ်နေရဦးမည်ဖြစ်သည်။ ထို့ပြင်လည်း အမျိုးသားအထက်တန်း ကျောင်းဆရာတစ်ယောက်၏ လစာငွေမှာ မိမိအတွက် လုံလောက်မျှတသော လစာဟု ကိုသန့်က ထင်သည်။ အမျိုးသားအထက်တန်းကျောင်းဆရာဘ၀တွင် အစိုးရအရာရှိထက် ပိုမို၍ လွတ်လပ်စွာ စာပေ ဆောင်းပါး ကဗျာ ၀တ္တုအစုစုကို ရေးသားနိုင်မည်လည်း ဖြစ်သည်ဟု ကိုသန့်က ယူဆသည်။ သတင်းစာဆရာ၊ စာရေးဆရာဘ၀ကို မျှော်မှန်းတောင်တသော ကိုသန့်သည် အစိုးရရာထူးကိုမမက်။ တက္ကသိုလ်တွင် ၂ နှစ်သာနေပြီး ကျောင်းဆရာထွက်၍ လုပ်ရန်သာ သန္ဒိဋ္ဌာန်ချလိုက်ခဲ့ခြင်းဖြစ်သည်။

 

သို့သော် ကိုသန့်သည် ရန်ကုန်တက္ကသိုလ်နှင့် အဆက်အသွယ်မပြတ်ပေ။ ထိုအချိန်တွင် ကိုသန့်၏ ညီဖြစ်သူ ကိုခန့်သည် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်နေပြီ။ ဆရာကြီး ဖာနီဗယ်နှင့် ကိုခန့်တို့သည် ကိုသန့်၏ ဆောင်ရွက်ပေးမှုကြောင့် သိကျွမ်းနေကြပြီဖြစ်လေသည်။

ကိုသန့်သည် အမျိုးသားအထက်တန်းကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် သမိုင်း၊ အင်္ဂလိပ်ဘာသာ၊ ပြည်သူ့နီတိနှင့် သင်္ချာဘာသာများကို သင်ကြားပို့ချပေး သည်။ သူသည် ကျောင်းသားတွေကို ကျောင်းသင် ပညာရပ်များကို သာမာန်သာ သင်ကြားပို့ချပေးခြင်းမဟုတ်။

ယင်းအချိန်က မြန်မာကျောင်းသားများအတွက် အထူးလိုအပ်သော နိုင်ငံရေးဗဟုသုတနှင့် သမိုင်းဆိုင်ရာ လေ့လာဖွယ်ရာများကိုလည်း အထူးသင်ကြားပေးသည်။ ကျောင်းသားများအား မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ပေါ်ပေါက်လာစေရန် လှုံ့ဆော်အားပေးခြင်းလည်း ပြုခဲ့၏။ ကိုသန့်သည် ကျောင်းသားများအား သမိုင်းသင်ကြားပေးရာတွင် ရှေးမြန်မာမင်းတို့၏ ချွတ်ယွင်းချက်များ၊ အမြင်ကျဉ်းမှုများ၊ ဘုန်းတော်ဘွဲ့ကိုသာ နားထောင်၍ တိုးတက်သော ဆောင်ရွက်မှုများမှ လွဲဖယ်နေမှုများကို ထောက်၍ပြသည်။

အတိတ်ဖြစ်စဉ်ကို ကြည့်၍မှားယွင်းသောအယူအဆများကို တပည့်များတို့ပယ်စွန့်စေရန် လမ်းပြပေးသည်။ တစ်ချိန်တည်းမှာပင် သူသည် မျက်မှောက်ခေတ် အုပ် ချုပ်သူအစိုးရ၏ ချွတ်ယွင်းချက်များကိုလည်း ဆွဲနုတ်၍ပြလေသည်။ ကျောင်းသားတို့ကို အမျိုးသားစိတ်၊ အမျိုးသားရဲမာန် ထကြွ စေအောင် အမြဲသင်ပြလှုံ့ဆော် ပေး၏။

 

ထိုစဉ်က လန်ဒန်မြို့မှ ထုတ်ဝေသော ဗြိတိန်မဂ္ဂဇင်းတစ်စောင်မှ ဖွဲ့စည်းသည့် လက်ဝဲစာပေကလပ်စာပေအသင်းသို့ ကိုသန့်သည် အသင်းသားတစ်ဦးအဖြစ် ၀င်ရောက်ခဲ့၏။ သူကား မြန်မာနိုင်ငံ၏ ပထမဆုံးသော အသင်းဝင်ပေတည်း။ ကိုသန့်သည် အမျိုးသားကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် စာကိုဖတ်လည်းဖတ်၊ ရေးလည်းရေးခဲ့သည်။ ကိုသန့်ရေးသောစာများမှာ ပုံနှိပ်ထုတ်ဝေသည့် မဂ္ဂဇင်းများသို့ရောက်သည်လည်းရှိသည်။ မိမိ၏ နေ့စဉ်မှတ်တမ်းအဖြစ် စာတစ်စောင်ပေ တစ်ဖွဲ့ ရေးမှတ်သည်များလည်း ရှိခဲ့သည်။

ကိုသန့်နှင့် ဆရာကြီး ဖာနီဗယ်တို့သည် မကြာခဏပင် တွေ့ကြ၏။ ကိုသန့် ရန်ကုန်သို့ လာသည့်အခါတွင်လည်း တွေ့ကြ၊ ဖာနီဗယ်က မအူပင်တို့ သွားသည့် အခါလည်း တွေ့ကြ၏။ တစ်ခါတွင် ဆရာကြီး ဖာနီဗယ်သည် မအူပင် စာကြည့်ပိဋကတ်တိုက်ဖွင့်ပွဲသို့ အရေးပိုင် (C.H.Davis)က ဖိတ်ကြား၍ ရောက်လာခဲ့သည်။ ထိုအခါတွင် ဆရာကြီးက တွေ့ဆုံသိကျွမ်းရသော ကျောင်းဆရာများအား မိမိတပည့် မိတ်ဆွေကိုသန့်၏ အရည်အချင်းထူးတစ်ရပ်ဖြစ်သော ဘာသာပြန် ကျွမ်း ကျင်မှုကို ချီးကျူးလေ့ရှိသည်။ ဆရာကြီးသည် ကိုသန့်၏ ဘာသာပြန်စာပေများ၊ ဂန္တလောကမဂ္ဂဇင်းတွင် ဆုများရနေသည်ကို အလွန် ၀မ်းသာနေလေသည်။

အမျိုးသားအထက်တန်းကျောင်းတွင် ကိုသန့်အမှုထမ်းနေစဉ် ကျောင်းအုပ်ဆရာကြီးရာထူး လစ်လပ် သောအခါ၌ ကိုသန့်သည် ဦးနုထံသို့လှမ်းပြီး စာရေးအ ကြောင်းကြားခဲ့သည်။ ဤသို့ဖြင့် ဦးနုသည် ပန်းတနော်သို့ ကျောင်းအုပ်ဆရာကြီး (အုပ်ချုပ်ရေး) အဖြစ် ရောက်ရှိလာသည်။ ကိုသန့်နှင့် ဦးနုတို့သည် ညနေတိုင်း စာပေ ဆွေးနွေးခြင်း၊ လမ်းလျှောက်ခြင်းဖြင့် အလွန်ပင် ပျော်ရွှင်ကျေနပ်လျှက်ရှိခဲ့ကြသည်။

မိမိ ပညာရင်နို့ သောက်စို့ခဲ့ရသော အမျိုးသားအထက်တန်းကျောင်းတွင်ပင် ပြန်၍ ကျောင်းဆရာလုပ်ရ သဖြင့်လည်း ကိုသန့်မှာ အထူးကျေနပ်ဝမ်း သာဖြစ်ရ ပြန် လေသည်။ ကျေးဇူးရှင် အမျိုးသားကျောင်းတော်ကြီးကို မိမိတတ်ကျွမ်းသမျှ ပညာဖြင့် ကျေးဇူးဆပ်သည့်နှယ် ကျောင်း၏ အမှုတော် ထမ်းရွက်ခွင့်ရသဖြင့်လည်း ဖြစ်ပါချေသည်။ ဤသို့ဖြင့် ကိုသန့်သည်အမျိုးသား အထက်တန်းကျောင်း အထက်တန်းပြဆရာ ဦးသန့် ဖြစ်ခဲ့ပေပြီတည်း။

 

Friday, 02 April 2010 03:21 Editor

 တက္ကသိုလ်စိန်တင်

(တက္ကသိုလ်စိန်တင် ရေး ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်)

မူရင်း။      http://www.maukkha.org/ မှ မြန်မာ လူငယ်တို့ လေ့လာနိုင်ပါရန် ကူးယူဖော်ပြပါသည်။     --ဟစ်တိုင် ၀ိုင်းတော်သားများ

 

 

အမှတ်တရ ကဏ္ဍ

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထွက်ဗူးသီးနှင့် ၂၀၁၀”


(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူ
လည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွား ရောက် တွေ့ဆုံခဲ့ပါတယ်။
ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်
လည်ရောက်ရှိခဲ့ပါတယ်။


NLD ရုံးမှာ သတင်းထောက်အ ချို့နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ
အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။

 

 

ထူးခြားတာကတော့ အဲဒီနေ့မှာပဲ…ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များ အတွက် သူမ၏ ခြံထွက် ဗူးသီးကြီး တလုံးကိုပါ လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟို အမျိုး သမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆိုတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင် ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပါပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံ တိ ကျ သော သတင်းရပ်ကွက်မှ ကြားသိရသည်။ 

 

By abma | March 24, 2010

 

 

အမှတ်တရ ကဏ္ဍ

ကျမသိတဲ့ မစု တို့ဝန်းကျင်-

 

ဒီလိုနေ့ ရောက်ရင် တာဝါလိန်းလမ်းက အိမ်မှာရော ကုက္ကိုင်းက အိမ်ရော သူ့အဖေ ဗိုလ်ချုပ်အတွက် ဆွမ်းသွပ် အမျှဝေ နေကြပါ၊ ဇိုးကနဲ ဇတ်ကနဲ ရွာတတ်တဲ့ ရန်ကုန်မိုးတွင် မကဖူး တပြည်လုံးမှာ အဲဒီနေ့ဆို သူ့အဖေ ကျမတို့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး နဲ့ သူရဲကောင်း အပေါင်းအပါတွေ အတွက် ပြည်သူတွေတင် မကဖူး ရာသီဥတု ကပါ တနေ့လုံး ညိုမှိုင်းဆိုင်းလို့ ပြိုမလို ငိုမလိုကို ဖြစ်နေတတ်တာ။

 

မှတ်မိသေးတယ်၊ကျမတို့ ငယ်သေးတဲ့ အချိန် ဒီလို အာဇာနည်နေ့မျိုး တာဝါလိန်းလမ်း အိမ်မှာ ဆွမ်းကပ်လို့ ဧည့်ကောင်းဆောင် ကောင်းတွေ လာကြရင် မစုနဲ့ ကျမက ခလေးတွေဆိုတော့ လာတဲ့ ဧည့်သည် ဖိနပ်တွေ စီပေါ့၊ ဖိနပ်တွေကို အိတ်ကလေးတွေ နဲ့ ထည့် နံပါတ်တွေ ရေးထားပေး တတ်တာ၊ လာကြပါတယ် ဧည့်မျိုးစုံပဲ၊ တခါတော့ ဖိနပ်တွေ စီရင်း ဖိနပ်တဖက်က ရှာမရဖူး၊ မစု ရော ကျမပါ ဒေါင်းတောက်အောင်ကို ရှာတာပဲ မတွေ့ခဲ့ဖူး၊ နောက်ဧည့်သည်တွေ ပြန်တော့ အဲဒီဧည့်သည် တယောက်က စစ်ပြန် ကြီး ခြေတဖက် မရှိဖူးလေ ဖိနပ်တဖက်ပဲ စီးပြီး ပြန်တော့ မစုနဲ့ ကျမတို့ ကိုယ့်အဖြစ်ကိုယ် ငိုအားထက် ရယ်အားသန် ဖြစ်ပျက်ခဲ့ ကြ တာတွေ အခုထိ ခပ်ရေးရေး မှတ်မိ နေပါသေးတယ်။

 

တခါသား အာဇာနည်နေ့ ဆွမ်းကပ်ယင်း အိမ်နံဘေး လမ်းဟိုဖက် ရွှေကြက်ယက်ကျောင်းက ကိုယ်တော်တွေကို ပင့်ဖိတ်ပါတယ်၊ ရွှေကြက်ယက်က ကိုယ်တော် ဘုန်းကြီး ဝဝကြီးတပါး ဆိုရင် ဒံပေါက်ကပ်တဲ့ နှစ်တိုင်း ဆွမ်းဘုန်းပေးတာ ထမင်းစားပွဲ နံဘေးမှာ ပန်းကန်တွေကို ထပ်လို့ စီထားတာ ၁၀ချပ်လောက်ရှိပြီ ဒီတော့ ဖိနပ် စီရင်း ဆော့ ကစားနေတဲ့ မစုက ကျမကို လက်ကလေး လူမမြင်အောင် မသိမသာ ဝှက်ပြီး ဘုန်းကြီး ဘုန်းပေးတာ ၁၀ ပန်းကန်ရှိပြီလို့ ပြခဲ့ဖူးတာ တရေးရေး ပြန်မြင်ယောင်နေ မိတယ်။

 

 

ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်တဲ့ မစုရဲ့ အမေ ဒေါ်ခင်ကြည်နဲ့ ကျမတို့ အမေက ဝမ်းကွဲ ညီအမ တွေပါ၊ ၁၉၅၂ခုနှစ် မြောင်းမြ မြို့ကြီး မီးလောင်တော့ ကျမတို့ အမေက ရန်ကုန်တက်ပြီး သူနာပြု ဆရာမလေး လုပ်မယ် ဆိုထွက်လာခဲ့တယ်၊ ဒီအချိန် ဒေါ်ခင် ကြည်က လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်နေပြီလေ၊ သူတို့တွေ ကုက္ကိုင်း လမ်းဆုံနားက တက္ကသိုလ်ရိပ်သာလမ်း အိမ်ပြောင်းသွားတဲ့ အထိ ဝမ်းကွဲတွေမို့ တာဝါလိန်းက အိမ်ကြီးမှာပဲ ကျမတို့ မိသားစုကို ပေးနေတာပေါ့လို့၊ ဟိုအရင် အနှစ် ၅၀ကျော်က အဖြစ်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က မနီလို့ ခေါ်တဲ့ ကျောင်းဆရာမဟောင်းကြီး အန်တီနီက ကြိမ်ကုလားထိုင်ကြီး တလုံးမှာ ထိုင်လို့ ကိုလံဘီယာ မြစ်ဆီက ခပ်စိမ့်စိမ့် တိုက်ခတ်လာတဲ့ လေစိမ်းတွေနဲ့ အတူ သူစိမ်းနယ် တနယ်ခြားမှာ တခုတ်တရ ပြန်ပြောင်း ပြောပြ နေပါတော့တယ်။

 ........................................................

 တကယ် ပြောရယင် မစုတို့ တက္ကသိုလ်ရိပ်သာလမ်း ပြောင်းသွားပြီး ၅နှစ်လောက် အထိ အခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်း လို့ ခေါ်တဲ့ တာဝါလိန်းလမ်းအိမ် အခုလို ပြတိုက် မဖြစ်ခင် အထိ ကျမတို့ နောက်ဆုံးနေခဲ့ ကြတာပါလို့ ဆက်ဆို ပြန်ပါတယ်။ မစုတို့ အိမ်ပြောင်းသွားတော့ ကုလားလင်မယား ၂ယောက် အဖေါ်ခေါ်ထားပြီး ကျမတို့ ဆက်နေ ကျန်ခဲ့တယ်။ အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က ပြောကြတာ ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို အိမ်နောက်က မီးဖိုချောင် ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။

 

ကျမတို့ အမေ ပြောပြောနေလို့ မှတ်မိနေတာက တချို့က ပြောကြတယ်၊ ဒေါ်ခင်ကြည်က ခရိယာန်တို့ ဘာတို့ တွေပေါ့လေ၊ မဟုတ်ရပါဖူး ဧရာဝတီတိုင်းက ဗမာစစ်စစ် တွေပါ၊ ဒေါ်ခင်ကြည် တို့က မြောင်းမြ ဇာတိပေါ့၊ သူ့အဖေက ယခင် လွတ်လပ်ရေး မရမီ ကတည်းက လမ်းဗိုလ် ဦးဖိုးညှင်း အမေက ဒေါ်စု မြောင်းမြ ရှမ်းကုန်းပိုင်း အရပ်မှာနေကြတာ သားချင်း ၁၀ယောက် ရှိတယ်၊ အမေက တခါတလေ နောက်ပြီး မှတ်ချက်ပြုတယ် အဖိုးက အဖွားနဲ့ တခါက စကားများ ရန်ဖြစ်ပြီး ၃နှစ် လုံးလုံး စကား မပြောခဲ့ကြ ဖူးတဲ့ ၊ တော်သေးတာပေါ့ ၃နှစ် စိတ်ကောက်နေလို့ တဲ့ မကောက်များနေခဲ့ရင် သားချင်း ၁၃ယောက်တောင် ရှိမတဲ့၊ အမေက မြောင်းမြမှာ ကျောင်းလာနေလို့ ဒေါ်ခင်ကြည်တို့ အိမ်မှာနေတာတဲ့၊ အဖိုးက ဗမာစစ်ပေမဲ့ ဧရာဝတီတိုင်းက ကရင်တွေ သစ္စာရှိတာ ကြည်ညို ရင်းစွဲရှိလို့ ခရိယာန်ဘာသာထဲ ဝင်လိုက် သတဲ့၊ ဒီတော့ ကျမတို့ က အဖိုးရှေ့မှာ အာမင်၊ အဖွားရှေ့မှာ သာဓုပေါ့၊ ဒါပေမဲ့ ဒေါ်ခင်ကြည်က ဗုဒ္ဓဘာသာဝင်ပါ၊ လူတွေ ထင်ကြေးနဲ့ ပြောကြတာ ဖြစ်မယ် ထင်ပါတယ်လို့ ကျောင်း ဆရာမ ဟောင်းကြီး အန်တီနီက ပြောပြပါတယ်။

 ................................................................... 

ကျမ တို့နဲ့ မစုတို့က ဝမ်းကွဲတွေပေမဲ့ ငယ်တုန်းကသာ တအိမ်ထဲလို အတူနေခဲ့ကြတာ ဦးနေဝင်း ကန်ထုတ်လို့ သူ့အမေ ဒေါ်ခင် ကြည် အိန္ဒိယသံအမတ်ကြီး အဖြစ်နဲ့လဲ ပြောင်းသွားရော ကျမတို့လဲ ဆွေမျိုးသားခြင်း အဖြစ်က အကြောကို ပြတ်ရောပဲလို့ ဆိုပါ တယ်၊ ကျမက ဒေါ်စုထက် ကြီးပါတယ်၊ ဒေါ်စုက မနီ...လို့ ခေါ်သူပါ၊ အောင်းဆန်းဦးနဲ့က တရွယ်ထဲပေါ့၊ သူတကာတွေ တွေး ထင်နေတဲ့ အောင်ဆန်းလင်း သေတဲ့ ကိစ္စကလည်း သူတို့အဖေ ဗိုလ်ချုပ်ဆုံးပြီးမှ ဖြစ်တာပါ၊ အချို့ကတော့ ဗိုလ်ချုပ် လုပ် ကြံ မခံရခင်လို့ ထင်မြင်ပုံရတယ်၊ ဖြစ်ကြောင်းရယ် ကုန်စင်က ဒီလို တာဝါလိန်းအိမ်က ဗိုလ်ချုပ်ရှိစဉ် ကတည်းက စိုက်ထား တဲ့ ခြံ စည်းရိုး အစပ်က ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ပင်တွေ ဝေညွတ်နေအောင် ထွက်လို့ အရိပ်ရတာကိုး၊တရက်တော့ မောင်နှမ ၃ယောက် ဒီအရိပ်ရတဲ့ နေရာလေးမှာ ကစားရင်း ထမင်းစားချိန်မို့ ကုန်းကမူလေးပေါ် ရှိတဲ့ ရဲတိုက် အိမ်ကြီးဆီ အားလုံး ပြန်အတက်မှာ အောင်ဆန်းလင်းက အပင်တွေ ရေလောင်းဖို့ တူးထားတဲ့ ရေကန်လေး ၁၀ပေ ဝန်းကျင် ကျော်ကျော်လေး ကျယ်ပြီး ၁၅ပေနက် တဲ့ ကန်အစပ်မှာ ကစားစရာ သေနတ်ကျန်ခဲ့လို့ ပြန်အယူ ဒီရေကန်ထဲကျ ရေနှစ်ပြီး ဆုံးတာပါပဲ လူကြီးတွေ သိတဲ့ အချိန်မှာ တော့ အသက် မမီတော့ဖူးလေ။

 

 

ကျောင်းနေတော့လည်း အောင်ဆန်းဦးက တာမွေ(၄) ခေါ်တဲ့ စိန့်ဖရန့်စစ် မှာ နောက်မှ အ.ထ.က(၆) ဗိုလ်တထောင်(စိန်ပေါလ်) ကို ပြောင်းသွားတာ ကျမလည်း မစုလို စိန်ဖရန်းစစ် မှာပဲ နောက်တော့ သူ အင်္ဂလိပ် မက်သဒစ်( ဒဂုံ-၁ ) ကို ပြောင်းသွားတယ်၊ ကျမတို့ ရန်ကင်းကောလိပ် ရောက်တော့ အောင်းဆန်းဦးက ကျောင်းပေါက်ဝက လာလာစောင့်တယ် အဖြစ်က သူ့မှာ ပါတဲ့ ပေါင် မုန့်တို့ ကြက်ဥတို့ မစားချင်တော့ သူ့ထမင်းဘူး ကျမကိုပေးပြီး ကျမရတဲ့ အိမ်က မုန့်ဖိုးသူ ယူပါတယ်၊ ပြီးတော့ အဲဒီမုန့်ဖိုး ငါးမူးနဲ့ ဇီပေါင်း ခေါ်မလား? ငရုတ်သီးတွေ ဆားတွေနဲ့ နယ်ထားတဲ့ ကတော့ထိုး ဇီးသီးကို ဝယ်,ဝယ်စားတယ်၊ တရက်ကြတော့ သူ ကျမ ကို ထမင်းဘူးပေးပြီး ညနေအပြန် ထမင်းဘူး ပြန်ယူဖို့ မေ့သွားတယ် ကားပေါ်ရောက်မှ ဒေါ်ခင်ကြည်ရဲ့ အမ သူတို့ရဲ့ ဂျီးဒေါ် ဒေါ်ခင်တင့်ကို ပြောတော့ ကားပြန်လှည့်ပြီး ကျမတို့ ရန်ကင်းအိမ်မှာ ထမင်းဘူးလာယူတာ ဒီအဖြစ်ကို ကျမ အဖေ သိသွားတော့ နောက်နေ့က စပြီး ကျောင်းသွားရင် အောင်ဆန်းဦး ငါးမူး၊ ကျမ ငါးမူးရပါတယ် နောက်သူအင်္ဂလန် ကျောင်းသွားတက်တော့ ကျမသူ့အတွက်ရတဲ့ မုန့်ဖိုး သူကိုယ်စား ဆက်ရနေသေးတယ် နောက်မှ အဖေသိပြီး မပေးတော့တာ ဒီကနေ စပြီးအောင်ဆန်းဦး နဲ့ အဆက်အသွယ် ပြတ်သွားတာ သူလည်း ဆန်တီရေးဂိုးမှာ ပြောကြတယ် ကျမက အော်ရီဂန်မှာ မြေပုံအရ အထက်နဲ့ အောက် ဆိုတော့ ခရီးက ဝေးတာရယ် အရွယ် ကလည်းရ ကျန်းမာရေးက ချူချာတော့ ခုထိ မတွေ့နိုင် ကြသေးဖူးလေ။

 .....................................................................

 ကျမတို့လည်း ဘွဲ့ရ အလုပ်အကိုင် တွေနဲ့ အိမ်ထောင်ရေး ဝန်တာတွေ ထမ်းနေရတော့ ဆွေမျိုးခြင်း ခပ်ကင်းကင်း ဖြစ်သွား တယ်၊ဒေါ်စုဆီနောက်ပိုင်း ညီအမတွေပဲ အဆက်အသွယ် လုပ်မယ်ဆိုတော့ အမေဖြစ်သူက တားတယ်၊နင်တို့က အစိုးရဝန်ထမ်း လုပ်နေကြတာ သူက နိုင်ငံရေး လုပ်နေတာ၊ သွား မဆက်လေနဲ့ ဟိုကောင်တွေက စိတ်ချရတာ မဟုတ်ဖူး၊နင်တို့လို ဝန်ထမ်း ဆို တကယ်လုပ်မှာလို့ ပြောရှာတယ်၊ ဒါနဲ့ မဆက်ဖြစ်ပြန်ဖူး၊ နောက်ဆုံး အမေဆုံးတော့ ဒေါ်အောင်းဆန်းစုကြည်လို့ ခေါ်တဲ့ မစု အိမ် ကျမတို့ ညီအမတွေ သွားအကြောင်း ကြားတယ်၊ကုက္ကိုင်းလမ်းဆုံ ကျော်ပြီး ပြည့်ဝ စားတော်ဆက်နားမရောက်မီ ဂိတ်ကလေးနား က ထမင်းစားမလို့ လုပ်နေတဲ့ ရဲဘော်လေးတွေနဲ့ တွေ့တော့ အကျိုးသင့် အကြောင်းသင့် ပြောပြလို့ နာရေး ဖြစ်နေတာမို့ ခွင့် တောင်းတော့ သွားခွင့်ပြုတယ်

 ခြံဝရောက်လို့ တံခါးဖွင့် ထွက်လာတဲ့ စစ်ဗိုလ်တယောက် တွေ့ပါလေရော၊ ကျမတို့ ညီအမတွေ ပြောပြတော့ ဒီစစ်ဗိုလ်လေးက မောက်မောက်မာမာကို ပြောဆိုဆက်ဆံပြီး၊ ခင်ဗျားတို့ ဘယ်သူအမိန့်နဲ့ လာတာလဲ? ခင်ဗျား .. တို့ ညီမ ဒေါ်စုကြည် က ထောင် ကျ နေတာဗျ ! ....သွား....သွား....သွား ... လူမပြောနဲ့ ပုရွက်ဆိတ်တောင် မဝင်ရဖူး! လုံခြုံရေး အရမို့ ခွင့်မပြုနိုင်ဖူး ဆိုပြန်ကာ ရိုင်းပြစွာ ငြင်းလွှတ်ပါတယ်၊ အပြန်ခရီး လမ်းထိပ်က ဂိတ်တဲထဲ ထမင်းစားနေတဲ့ စစ်သားတွေ ခမျာမှာ ကျမတို့ကို ခွင့်ပြုမိလို့ မအေနှမ စုံအောင် ကိုင်တုတ်နေတဲ့ စစ်ဗိုလ်ကြီးကို တွေ့လိုက်ရတယ် ဆိုရင်ပဲ၊ သြော်......ဒီလို ဟီရိသြတ္တပ္ပ တရား နည်းလှတဲ့ လူမျိုးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံမျိုး ပြည်သူတွေ တွင်းဆုံး ကျလေပေါ့လို့ ကြိမ်ခါ အဖန်ဖန် တွေးနေမိတော့တယ်လို့ ရင်ထဲက လာတဲ့အသံနဲ့ အန်တီနီ တဆစ်ဆစ် နာကျင်သလို ပြောပြနေတော့တယ်။

 ......................................................................

 ကျမတို့လို ဆွေမျိုးသားချင်း တော်သူတွေတောင် နာရေးကိစ္စ လာအကြောင်းကြားတာ ဝင်ခွင့် မပေးခဲ့တဲ့ မစုတို့ အိမ်ဝင်ခွင့် .... တလောကပဲ ကြားလိုက်ပါတယ် ရေဒီယိုတွေမှာ ပွက်လော ရိုက်လို့ပေါ့ အမေရိကားက ဂျွန်ဝီလျံ ယက်ထော ( John William Yettaw ) ဆိုသူ တယောက်ကတော့ ဝင်လိုက် ထွက်လိုက်တာမှ လျောကနဲ လျောကနဲ ဆိုပဲ။ ဗိုလ်ချုပ်လှဋ္ဌေးဝင်းလို တပည့်တွေ၊ နာမည်ကျော် စာရေးဆရာ နီကိုရဲလို တပည့်မျိုးတွေ မွေးထုတ်ခဲ့ဖူးတဲ့ ကျောင်းဆရာမဟောင်း အန်တီနီက စစ်ဗိုလ်ကြီးတွေကို မေးချင်စမ်း ပါဘိတဲ့ ... ယက်ထော ... ဘယ် အချိုး၊ ဘယ် တန်ခိုးမျိုးနဲ့ တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄) ကို ဝင်သွား ပါလိမ့်။

  

 Sunday, July 19, 2009 Posted by ဒူကဘာ

ဤ ဆောင်းပါး ဖြစ်မြောက်ရန် အငှါးခံစားမှု အတွက် များစွာကူညီ အမှုပြုခဲ့သူ ဦးမောင်မောင် (ဆေးမှူးကြီး) နှင့် အန်တီနီ (အော်ရီဂန်) တို့အား ကျေးဂျူးကဘာ ပါ။

 

မျှဝေသူ။။http://chittemanawmyae.blogspot.com/   (ချစ်တဲ့ မနောမြေ-)--ကာတွန်း-သားငယ် အမေရိကန်

 

 
 

အမှတ်တရ ကဏ္ဍ

ကျောင်းသားများထံသို့--ရေးသူ-သခင်ကိုယ်တော်မှိုင်း

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။

ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။


အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။

ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။

ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။

 

အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။

ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။

ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။

ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"
ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"
ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာ ကြ တဲ့ အကောင်တွေဘဲ။

အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[
ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။

[
နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]

http://mayaonlinemagazine.blogspot.com/ မှ

 
 

အမှတ်တရ ကဏ္ဍ

ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ--လူထုဦးလှ

 

 

ဒေါ်အမာ
လူထုသတင်းစာတိုက်
မန္တလေး။
ရန်ကုန်ဗဟိုစံပြထောင်
၃-၂-၅၄

မာ,
ဇန္န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်ကို ချောချောမောမော ရောက်ပါတယ်။

ကိုယ်တို့ စီးလာတဲ့ လေယာဉ်ပျံကလဲ တရားခံတ ယောက် ပါလာတယ်ဆိုပြီး ၀ူးဝူး ၀ါးဝါး မလုပ်ပါဘူး။ တလျှောက်လုံး သဘော ကောင်းပါတယ်။ လေယာဉ်ပျံကြီးက သက်မဲ့ သတ္တ၀ါမို့လား? ရာသီဥတုက ကောင်းလို့ဘဲလား? အကြောင်း ၂ ခုလုံးကြောင့်ဘဲ လား? ၂ ခုလုံးကြောင့် ဖြစ်ပါလိမ့်မယ် ထင်တယ်၊ ငြိမ်လိုက်တဲ့ လေယာဉ်ပျံ။
မင်္ဂလာဒုံလေဆိပ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့သား ၂၀၀ လောက်က ပန်းစည်းတွေ, ဘာတွေနဲ့ ဆီးကြိုနေကြတယ်။ ၁၉ ရက်နေ့
ကလဲ တကြိမ် လာကြိုကြသေးသတဲ့၊ အဲဒီနေ့က ဆိုရင် လူ ၃၀၀ လောက် ရှိတယ်တဲ့၊ ၀မ်းနည်းထိခိုက်တဲ့ မျက်နှာများနဲ့ ပန်း စည်းများ ကိုယ့်ကို ပေးကြတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ ကိုယ့်ကို လွှတ်ပေးဘို့လဲ ကြွေးကြော် ကြတယ်။ စုံထောက်အရာရှိ ၄, ၅ ယောက်ကလဲ တာဝန်အရ လာစောင့်နေကြရတယ်။ရန်ကုန်က လာကြိုကြတဲ့ လူတွေကိုကြည့်ပြီး မန္တလေး လေဆိပ်မှာ မိဘဆွေမျိုးတွေနဲ့ မင်းတို့တတွေ၊ ငြိမ်းချမ်းရေးဘက်တော်သား ၃, ၄ ရာနဲ့ သတင်းစာဆရာတွေ၊ ဦးမူတို့လို မိတ်ဆွေ တွေ လိုက်ပို့တာကို ပြန်မြင်နေမိတော့တယ်။ ချမ်းမြသာစည် လေဆိပ်ရောက်တော့ မင်းက ကိုယ့်နားမှာ ထိုင်ပြီး မှာချင်တာတွေ မှာလိုတဲ့အခါမှာ စုံထောက်အရာရှိတဦးက ဘာများပြောမှာပါ လိမ့်ဆိုပြီး၊ တို့ ၂ ယောက် စကားပြောတာကို အတင်းဝင်နား ထောင်တာတွေ၊ မင်းဟာ သတ္တိကောင်းတဲ့ မိန်းမဖြစ်ပြီး၊ ကိုယ့်ကို ရန်ကုန်ပို့ဘို့ လေဆိပ်ကို ခေါ်လာတဲ့အခါ မျက်ရည်ကျတာ တွေကို မြင်ယောင်နေ တယ်။

လူထု ဦးလှ၏ဇနီး ဒေါ်အမာ


ငြိမ်းချမ်းရေး ဘက်တော်သားတွေက ပန်းစည်းများနဲ့ လာစောင့်ကြပေမယ်လို့၊ မင်္ဂလာဒုံ လေဆိပ်မှာ ရန်ကုန်ရဲအဖွဲ့ဝင်တွေက စီကလပ် အကျဉ်းသားတွေ ရုံးထုတ်တဲ့ ထောင်အချုပ်ကားအစုတ် ကြီးနဲ့ ကိုယ့်ကို လာကြိုနေကြတယ်။ ကားက အချုပ်ကား၊ အဟောင်းကြီးလဲဖြစ်၊ စုတ်လဲစုတ်တယ်။ ကိုယ့် မျက်စိထဲမှာဖြင့် တို့မန္တလေးက အသုဘကားအစုတ်မျိုး ခတ်ဆန်ဆန်ဘဲ။ ဒါကြောင့် ကိုယ်က ဒီကားနဲ့တော့ မလိုက်ဘူးလို့ ပြောရတယ်။ ဒီတော့ ရန်ကုန်ရဲအဖြစ်နဲ့ နှစ်ပေါင်းတော်တော်ကြာကြာ အမှုထမ်း ဘူးတဲ့ ကိုယ့်ကို တာဝန်ခံခေါ်ဆောင်လာတဲ့ မန္တလေးခရိုင်ရဲဝန်ကြီး ဦးဘဦးက လာကြိုတဲ့ ရဲအုပ်ကို အပြစ်တင်တယ်။ ၀ိုင်ယာလက်ကားတစီးလောက် ခေါ်ခဲ့စရာ ကောင်းတယ်လို့ ပြောတယ်။ဒါနဲ့ ဦးဘဦးက တိုက်စီတစီးငှားပြီး ဘားလမ်းမြို့မ အချုပ် ထောင်ကို ကိုယ့်ကို လိုက်ပို့တယ်။ ကိုယ်က ဘားလမ်းအချုပ်အကြောင်း ကြားဘူးထားတာနဲ့ ရန်ကုန်ထောင်ကို တိုက်ရိုက် ပို့ပေး နိုင်မလားလို့ ဦးဘဦးကို မေးပါရဲ့။ ဦးဘဦးက သူ့တာဝန်က ကိုယ့်ကို ရန်ကုန်ရဲကို အပ်ဘို့ ဖြစ်တယ်။ ရန်ကုန်ရဲကမှ တခြားတာဝန် တွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောပြပြီး၊ ဘားလမ်းမှာဘဲ ထားခဲ့ပါတယ်။ ဟုတ်မလား မပြောတတ်ပါ။ သူတို့ထုံးစံတွေ ကိုယ်လဲ နားမလည်ပါ။
၂၀- ရက်နေ့ ညတညတော့ ငရဲပြည် အလည်ရောက်တဲ့ ညပါဘဲ။ ဘားလမ်း မြို့မအချုပ်ဟာ ဒါကြောင့်လဲ နာမည်ကြီးတာပါဘဲ။ မှောင်လိုက်တာက ရစရာ မရှိဘူး။ ၂၄-နာရီ မီးထွန်းထားရတယ်။ လေကောင်းလေသန့်ဆိုတာက ဘလာနတ္ထိဘဲ။ နေရောင်ဆိုတာ ဖြူသလား မဲသလားသာ မေးကြပေ တော့။ ဆူသံညံသံတွေကလည်း စိတ်မချမ်းသာစရာဘဲ။ ရေချိုးဆင်းရဲတာကလဲ ပြောစရာ မရှိဘူး။ အဲဒီ အချုပ်ခန်းထဲမှာ တချို့ တရားခံတွေဟာ ၆,လ တနှစ်ရှိနေကြပြီ။ တဦး၊ ၂ဦးဟာ ၁, နှစ်၊ ၂နှစ်ရှိနေပြီမို့ အသား အရေ တွေဟာ သွေးရောင်သားရောင် မရှိတော့ဘူးတဲ့။ ကိုယ်နဲ့တော့ မတွေ့ရပါဘူး။ ကိုယ်နဲ့တခန်းထဲ အတူနေရတဲ့ ကျောင်းသား က လေးတယောက်က ပြောပြလို့ သိရတာဘဲ။ သူကလေးကိုက ဒီအခန်းကျဉ်းကလေးထဲမှာ ၂လ,၃လ, ရှိပြီဆိုလား? သူကလေးက တော့ အုတ်နံရံမှာ ကျောင်းသားတံဆိပ်တွေ ရေးဆွဲတယ်။ ကဗျာလင်္ကာတွေ ရေးခြစ်တယ်၊ ကာတွန်းတွေ ရေးတယ်။ နေ့စဉ် သူဒါတွေ လုပ်နေတာဘဲတဲ့။
တရားခံတွေ ဇွဲကြိုးချ သေတတ်လွန်းလို့တဲ့၊ ဘားလမ်းအချုပ်ခန်းမှာ ခြင်ထောင် ထောင်ခွင့် မပြုဘူး။ ခြင်ကလည်းကိုက်၊ ပိုးဟပ် ဖြူကြီးတွေကလည်း ပေါ၊ နှုတ်ခမ်းမွေးရှေရှေနဲ့ မြေကြွက်အိုကြီးတွေ ကလဲ ၀င်ဝင်လာတော့ အိပ်ပျော်သည်ရှိ၊ မပျော်သည်ရှိ ခြင် ထောင်နဲ့ အကာအကွယ်လုပ်ပြီး လှဲနေတာ အညောင်းသက်သာမယ် ဆိုပြီး ခြင်ထောင် ထောင်ခွင့်တောင်းရတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေက လာကြည့်ပြီး ကိုယ့်ကိုတော့ ခြင်ထောင် ထောင်ခွင့်ပြုပါတယ်။ ထောင်လို့ ရအောင်လဲ ကူညီကြတယ်။ အဲဒါကြောင့် နဲနဲတော်သေးတာပေါ့၊ မဟုတ်ယင် အသွေးတွေ အသားတွေ လှူရလို့ တော်တော်ကုသိုလ် ရလိုက်ဦးမှာ။ ခြင်ထောင် ထောင်ရပေမယ်လို့ တညဥ့်လုံး အိပ်လို့ မပျော်ပါဘူး။ နဲနဲပါးပါးမှေးရ အညောင်းဆန့်ရတာလောက် ရှိတာပါဘဲ။ ညစ်လဲညစ်ပတ်၊ ဆူလဲဆူ၊ အိမ်သာနံ့ကလဲနံတော့ အိပ်လို့ ဘယ်ရနိုင်ပါ့မလဲ? ဒီဘားလမ်းအချုပ်မှာ အမျိုးသမီးတွေကိုလဲ ချုပ်ထားတယ်။ မကောင်းတဲ့ အလုပ်နဲ့ ပတ်သက်ပြီး အဘမ်းခံထားရတဲ့ အမျိုးသမီးကလေးတဦးကတော့ စိတ်ကနဲနဲ နောက်နေသတဲ့။ သူကဖြင့် တညလုံး သီချင်းဆိုနေတာဘဲ။ အသံကလဲ ကောင်းပါရဲ့၊ သီချင်းကလဲ ကောင်းပါရဲ့၊ ဒါပေတဲ့ ဘ၀ဆုံးရှုံးနေတဲ့ မိန်းကလေးရယ် လို့လဲသိ၊ စိတ်မကောင်းတဲ့ အရူးမ,ကလေးမှန်းလဲသိနေတော့ သူ့သီချင်းတွေဟာ ကိုယ်နေရတဲ့ ငရဲခန်းထဲမှာ သာသာယာယာ မဖြစ်လာဘူး၊ ငရဲပြည်က ငရဲပန်းပန်ပြီး တေးသီချင်းတွေကို ပူပူလောင်လောင် ဆိုနေတာလို့ဘဲ ထင်မိတယ်။ အမှန်ကတော့ ဟုတ်လဲဟုတ်ရှာ မှာပါဘဲ။ ရင်ထဲမှာ ပူလောင်နေရှာမှာပါဘဲ။

လူထု ဦးလှ


၂၁ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ ဘားလမ်းအချုပ်ကနေပြီး ပုလိပ်ရုံးကြီး ပထမအထပ်က တရားသူကြီး ဦးကျော်ဂေါင်ရဲ့ နံပါတ် ၈ ရုံးကို ရဲအမှုထမ်းများက လာခေါ်သွားတယ်။ ကိုအေးမောင် (ဦးအေးမောင် ဘီအက်စ်စီ-ဘီအယ်လ်) တယောက်ကဖြင့် တရား သူကြီးရှေ့မှာ ခေါင်းပေါင်းကြီး တကားကားနဲ့ ဘာတွေလုပ်နေ ပြောနေသလဲ မသိပါဘူး။ ၀တ်လုံလို ၀တ်စားထားတော့ ကိုအေး မောင် ဟာ တော်တော်လေးခန့်တယ်။ အိနြေ္ဒရတယ်။ အမှုနဲ့ပါတ်သက်ပြီး ထုံးစံအတိုင်း ပြောစရာတွေ ပြောနေတာ ပေါ့လေ။ တခြားမိတ်ဆွေဝတ်လုံတွေလဲ လာကြတယ်။ သူတို့လိုက်ပါ ဆောင်ရွက်ပေးဘို့ အသင့်ပါဘဲလို့လဲ ကိုယ့်ကို ပြောကြတယ်။ အမှုက တယ်လဲ မကြီးကျယ်လှပါဘူး။ အားလုံးဝိုင်းမလိုက် လောက်ပါဘူး။ ကိုအေးမောင်ကိုဘဲ တာဝန်ပေးပါရစေတော့လို့ ပြောပြ တောင်းပန် ရပါတယ်။ ဒါကြောင့် အမှုကို ကိုအေးမောင်ဘဲ လိုက်လိမ့်မယ်။ သူကတော့ ညီအစ်ကိုအရင်းနဲ့ မထူးဘူး။ အစွမ်းကုန် ကြိုးစားမှာဘဲ။ သူ့ဆိုတော့ အားလဲ မနာရဘူး။ အစ်ကိုကြီးဦးကျော်မြင့် (တရားလွှတ်တော် ချုပ် တရားဝန်ကြီးဟောင်း၊ ၀တ်လုံ ဦးကျော်မြင့်) တို့ဆိုတော့ အားနာစရာ ကောင်းပါတယ်။ အမှု ရန်ကုန်မပြောင်းဘို့ ကိစ္စမှာလဲ အစ်ကိုကြီးဦးကျော်မြင့်က ကိုအေး မောင်နဲ့အတူ တရားလွှတ်တော် (ဟိုက်ကုတ်) မှာ လိုက်ပေးခဲ့ပြီးပြီ၊ ပိုက်ဆံပေးလို့လဲ ယူမှာမဟုတ်ဘူး။
ကိုအေးမောင်ရဲ့ ဇွဲနဲ့ ၀ိရိယကို ကိုယ်သိတယ်။ စေတနာတော့ မင်းသိပြီးတဲ့ အတိုင်းဘဲ။ ဒါကြောင့် အမှုအတွက် အစ,စ စိတ်ချ တော့၊ အကောင်းဆုံး ဖြစ်နိုင်တာ ဖြစ်မှာဘဲ။
တို့မိတ်ဆွေကြီး မစ္စတာဘိုစ့်တို့၊ ကိုမြစိန်တို့၊ မစ္စတာဗါးမားတို့နဲ့ မန္တလေးကမိတ်ဆွေ ရှေ့နေကြီးများကိုလဲ ဒီအကြောင်း ပြောပြ လိုက်ပါ။
အဲဒီ ၂၁ ရက်နေ့က ၈ နံပါတ် တရားသူကြီးရုံးမှာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြည့်ကြပ်သွား တာဘဲ။ ထုံးစံအတိုင်း လုပ်စရာ တွေ လုပ်ပြီးသည်နောက် မွန်းလွဲ ၁ နာရီလောက်မှာ ရဲမှူးတယောက်နဲ့ ရဲအုပ်တယောက်က ရန်ကုန်ထောင်ကြီးကို လိုက်ပို့ပါ တယ်။ ဒီအကြောင်းတွေတော့ သတင်းစာတွေ ထဲမှာ ဘတ်ရလို့ မင်းတို့ သိပြီးရောပေါ့။
ထောင်ရောက်တော့ တော်တော်စိတ်ချမ်းသာရပါတယ်။ အားလုံးကဘဲ ဂရုလဲစိုက်ပါတယ်၊ စားလို့ သောက်လို့လဲ ကောင်းပါတယ်။ အသိမိတ်ဆွေတွေလဲ အများကြီးဘဲ၊ ဘက်တမင်တန်လဲ ရိုက်ရပါတယ်။
ကလေးတွေ နေကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
နောက်မှ စာရေးဦးမယ်။
မောင်လှ
သားတို့သမီးတို့ကျန်းမာကြပါစေ။
[ ၁၉၅၈ ခုနှစ်ထုတ်၊ လူထုဦးလှ၏ ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ စာအုပ်မှ ကူးယူဖော်ပြပါသည်။]

 
 

အမှတ်တရ ကဏ္ဍ

တချိန်က ကျောက်ကွင်း အရေးတော်ပုံ


မြန်မာပြည်မှာတချိန်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ခရစ်ယာန်နဲ့ဗုဒ္ဓ၀ါဒအားပြိုင်ပွဲဖြစ်တဲ့( တချို့ကြားဖူး ကောင်းကြားဖူးကြမှာပါ )ကျောက်ကွင်းအရေးတော်ပုံကို မိတ်ဆွေတွေအတွက်ပေးပို့ လိုက်ပါတယ်။
ကျွန်တော်ငယ်ငယ်ကတည်းကကြားဖူးနေပြီးဖတ်ချင်တာတပိုင်းသေနေခဲ့တဲ့စာအုပ်ပါပဲ။
မမျှော်လင့်ပဲနည်းပညာဝဘ်ဆိုက်တစ်ခုမှာတွေ့ခဲ့ရတာနဲ့အားရ၀မ်းသာဒေါင်းချပြီး စိတ်ဝင်စားစရာလို့ယူဆရတဲ့ ဟာမျိုးတွေဆိုရင် မိတ်ဆွေ တွေကိုလဲပေးဖတ်ချင်လို့ပြန်ဖြန့်ဝေခဲ့တာပါ။
 

အပြည့် အစုံဖတ်ရန် နှိပ်ပါ

မျှဝေသူ---:ကိုတေ <tayzar.tay@gmail.com>
 

 
 

အမှတ်တရ ကဏ္ဍ

အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်လှုပ်ပြီးမြို့ လည်ခေါင်တွင် တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်




ကမ္ဘာကြီးလည်းအိုမင်းလာလေပြီ... ဗုဒ္ဓဘုရားရှင်ဟောခဲ့သလိုပဲ ဘယ်အရာမှမတည်မြဲဘူး... ဖြစ်ပြီးပျက်ကြတာပါပဲ။
ဖြစ်ခဲ့ပြီးလို့အခုပျက်စီးချိန်တန်လို့ပျက်စီးစပြုလာပါပြီ...ရာသီဥတုတွေ ဖောက်ပြန်... ငလျင်တွေလှုပ်..မုန်တိုင်းတွေတိုက်နဲ့ ပျက်စီးခြင်းတရား တွေနဲ့ ကမ္ဘာကြီး ဖောက်ပြန်နေပြီ.. အခုလည်း အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၀၉ ကုန်ခါနီး ဒီဇင်ဘာလအတွင်း မှာငလျင်လှုပ်ပြီး...တွင်းနက်ကြီး တစ်ခုဖြစ် ပေါ်ခဲ့ပါတယ်..အဲဒီတွင်းနက်ကြီး အခုဆို ဘယ်လောက်ထိနက်ရှိုင်းသွားသလဲဆို .. အခုထိ ဖြစ်ပေါ်သွားတဲ့ တွင်းရဲ့ အနက် ကို မသိရှိရသေးပါဘူး...။

မျှဝေသူ---: ko sai <tokyosai@gmail.com>
 

 
 

အမှတ်တရ ကဏ္ဍ

ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့ --ဇင်လင်း



ရွှေဝါရောင်သံဃာ့အရေးတော်ပုံသည် ယခု ၂၀၀၉ စက်တင်ဘာတွင် (၂) နှစ်ပြည့်ပြီဖြစ်သည်။ စစ်အာဏာရှင် တို့က သံဃာ တော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရဟု အမိန့်အာဏာဖြင့် တားမြစ် ကန့်သတ်ရုံမျှမက သာသနာ့ နယ်မြေအတွင်း လက်နက်ကိုင်ကျူးကျော်ကာ ရဟန်းသံဃာတော်များအား သတ် ဖြတ် ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ စသည့် သာသနာဖျက်လုပ်ငန်းများကို အကြမ်းဖက်မှုမျိုးစုံသုံး၍ လူမဆန်စွာလုပ်ခဲ့ကြသည်။ ထိုသို့ ရက်ရက်စက်စက် သွေးထွက် သံယို သတ်ဖြတ်ပြလိုက်ရုံဖြင့် စစ်အာဏာကို အန်တုမှုများ ငြိမ်ကျသွားမည်ဟု စစ်အုပ်စုက ထင်ပုံရသည်။ မြန်မာနိုင်ငံတွင် ပြည် သူတို့ ဆင်းရဲဒုက္ခရောက်ရ သည့် အရေးကိစ္စရပ်တိုင်း၌ သံဃာတော်တို့ မားမားမတ်မတ် ရပ်ခဲ့ကြသည့် သမိုင်းအစဉ်အလာကို စစ်ဗိုလ်ချုပ် များ မေ့လျော့နေဟန်တူသည်။ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၂) နှစ်ပြည့်သည့် ယခုနှစ်သည် “ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက် ခဲကျပ်တည်းကာ ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ် လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်း ချခံခဲ့ရသည့် သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်ကို မြန်မာတို့မမေ့လောက်သေးဟု ထင်သည်။ ထိုရဟန်းတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီး ထောင်ချခံရသော ရဟန်းအာဇာနည် ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အ ကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်လာသည်ကို မှတ်မိကြမည်ထင်ပါသည်။

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီ တိုင်းပြည်က လူမျိုး ဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသ နာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြ တယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့ပုံမှာ ကြက်သီးထလောက် သည် ဟု မှတ်တမ်းများရှိသည်။
ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကို လိုနီနယ်ချဲ့ အင်္ဂ လိပ်အစိုးရအား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားမှ မိမိနိုင်ငံသူနိုင်ငံ သားတို့ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက်လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာ တို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယ ကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင် ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၀၉ စက်တင်ဘာတွင် နှစ် ပေါင်း (၇၀) ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါဒများကား ရှင်သန်နေဆဲရှိသည်။

 ဆရာတော် အစပျိုးခဲ့ သည့် နိုင်ငံရေးနိုးကြားမှုကား ရဟန်းသံဃာတော်များအကြား၌ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပေသည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည် နယ်၊ စစ်တွေမြို့၌ (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင် ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင် သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်တွင် ဗုဒ္ဓဘာသာ စာ ပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်း ၀တ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တား ရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထို ကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

“ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘု ရင်ခံဖြစ်သည်။
“ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ်မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာန မထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီ ၀ါဒသမား တွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူ ပြည်သားတို့ လက်ထဲမှာသာရှိတယ်”

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာ များကို လေ့လာ ဆည်းပူးခဲ့သည်။ ဥရောပ၌ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့ သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန် နိုင်ငံသို့ သွားရောက်ကာ တိုကျိုဗုဒ္ဓဘာသာတက္ကသိုလ် တွင် ပါဠိနှင့်သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင် ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီး တွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက် လေ့လာခဲ့သည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူ ထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည် ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိ သော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂ လိပ်လက်အောက်မှလွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြ ကြောင်း နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦး တည်သည်။ လွတ် လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ် တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအား ထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များ ဟုမ္မ ရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ် က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂ ရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင် ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ ၀င် ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော် သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်း ဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။

ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသလွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီး ကာနီးတွင် ဆရာ တော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှရရှိခဲ့သော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာ တော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း ကြိတ်ကြိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တ ရပ်မှာ ဤသို့ဖြစ်သည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာ တိုင်းသူပြည်သား တို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံစိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြ နိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင် မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြ နဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပ ဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ် ကြီးများဖြစ်တယ်။ ဗျူ ရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘော မှန် ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။˝
ထို့ကြောင့်လည်း ဆရာတော်ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနု စိတ်ဓာတ်တက်ကြွ အောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာ နုအမျိုးသားရေးလှုပ်ရှားမှု စတင်ဖော် ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင် မြင်စေရန်အတွက်လည်း ဆရာတော်က များစွာ အထောက်အကူပြုခဲ့သည်။
ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင် ငံရေး နိုးကြားလာ လျက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြား ချက် များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခမ်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာ တော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။
ဗုဒ္ဓသာသနာစည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟော ပြောသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ‘သံဃာ့သမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ် လပ်ရေးရအောင် ဆောင်ရွက် ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃာ့သမဂ္ဂီများ ပေါ် ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာ တော်များ တိုးပွားလာခဲ့သည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော် မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာ တော်များ ဂျီစီဘီအေအသင်း ခေါင်း ဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ် (၅၀၀) ကျော် တက်ရောက် ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင် ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်း ပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။
ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတ ရားများ ဟောကြား ခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက် ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူ အားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုး တွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ် ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “က ရက်ဒေါက် ဂက်ဒေါက်” (Craddock,Get Out!) စသော ကြွေးကြော်သံ များကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံး ကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညို ပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရ သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအ သင်း၊ နောင် ဂျီစီဘီ အေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက် ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။
ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦး ဆုံး ဟောပြောခဲ့ သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျက် တရားဘာဝနာပွား များနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာ အတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာ ကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိ မြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။
ထိုစဉ်က ဆရာတော်ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာ အောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်း ချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြ သည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေး ဟော ပြောလာကြသည်။ သံဃာ့ သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင် ကာ ၀ိုင်အမ်ဘီ အေကို ထောက်ခံလျက် ဟုမ္မရူးကို တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် တွင် အမတ် (၁၀၃) နေရာ လျာ ထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံ ခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပ ဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံသ ဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီအုပ် ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကိုမတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ် သော စနစ်ဖြစ်သည်ဟု ထောက် ပြခဲ့ သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြ လှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေး စနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူး သတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့ သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြ ရမယ်။ ခိုးရမှာ၊ ဒိုင်အာခီကောင်စီဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန် ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူ မျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင် ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”
ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူ ခွန် ဖျက်သိမ်းပေး ရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်း ဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်း တချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။
၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်” တွင် “ဆရာတော်၏ ကြိုး ပမ်း မှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောက်ျား နိုးသောလားသို့’ လွတ်လပ် ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ် လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ် လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုး ချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်အာဇာနည်ဂုဏ် ပုဒ်တို့ကို စစ်အာဏာရှင်အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြ သော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေ ခြင်းဖြစ်ပေသည်။
ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ် မျိုးဆက်သစ်တို့ သည် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ မကြာမီ ဆင်နွှဲတော့မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် တက်တက်ကြွကြွ ပါဝင်ရန် ပြင်ဆင်နေ ကြပေပြီ။ ၂၀၀၉ အောက်တိုဘာလ (၃) ရက်နေ့တွင် သံဃာတော်များ၏ တတိယအကြိမ် သံဃာ့သပိတ်တိုက် ပွဲတရပ် ဆင်နွှဲမည်ဖြစ်၍ သံဃာတော်များနှင့်အတူ တပြည်လုံး အတိုင်း အတာဖြင့် ပါဝင်ကြရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သြဂုတ်လ (၂၈) ရက်စွဲဖြင့် နှိုးဆော်ထားပေသည်။ စစ်အစိုးရအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ သံဃာထုအား တောင်းပန်ရန် နှိုးဆော်ထား သည်။ မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် သံဃာထုကြီးက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန် ကြေညာထားသည်။
သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ၏ ရှင်းပြချက်အရ တတိယအကြိမ် သပိတ် မှောက်ကံဆောင်ရာ တွင် ထူးခြားချက်မှာ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ သံဃာ့ သမဂ္ဂီအဖွဲ့များက မြတ်စွာဘုရား၏ ၀ိနည်းဥပဒေကို လိုက်နာရန် ပျက်ကွက်သော သံဃာတော်များ၊ စစ်တပ်နှင့် ပေါင်းသော သံဃာတော်များအား သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယ ကံဆောင်မည်ဖြစ်ပါသည်။ “ဦးဥတ္တမခေတ်” ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃာ့သမဂ္ဂီ စိတ်ဓာတ် ၀ိညာဉ်ကား နှစ်ပေါင်း (၉၀) မျှ သက် တမ်းရင့်ရှည်ခဲ့ပြီးနောက် “ရွှေဝါရောင်ခေတ်” သံဃာ့သမဂ္ဂီအဖွဲ့များထံသို့ ဆက်လက်ကူး လူး ထွန်းလင်းလျက် ရှိပေသည်။ ဓမ္မနှင့် အဓမ္မ အားပြိုင်ပွဲ၌ ဓမ္မသည် အဓမ္မအပေါ် အောင်ပွဲဆင်မြဲ ဆင်ပေလိမ့်မည်။


-“ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) အထိမ်းအမှတ် ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၅) သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ၊ ၂၅ သြဂုတ် ၂၀၀၉၊ ခေတ်ပြိုင်။

(ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း နှစ် - ၇၀ ပြည့် အထိမ်းအမှတ်အဖြစ်
ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် တင်ဆက်ခဲ့သည့် ဆောင်းပါးဖြင့် ထပ်မံဂုဏ်ပြုတင်ဆက်ခြင်းဖြစ်ပါသည်။)

 

 
 
 
 
 
ယခင်ဖော်ပြပြီးစာမျာက်နှာများ  ဖတ်ရန်
 
 
၂၂။  မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်

၂၁။ “ချမ်းဆောင်းမြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီက ရခဲ့ဖူးတဲ့ အဖိုးတန်ပျော်ရွှင်မှု ” -

၂၀။  “ဆရာကြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း (၄) နှစ် ပြည့် အမှတ်တရ ” -
၁၉။ မဟတ္တမဂန္ဒီ၏ နောက်ဆုံးရုပ်ပုံလွှာများ ” -
၁၈။ “စကြ၀ဠာ၊ မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟောပြောချက်များ။ ” -
“ကိုသက်ဝင်းအောင်ကျဆုံး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် သို့” -
“သမ္မတနှစ်ဦးရဲ့အံ့ဖွယ်ဖြစ်စဉ်တူ ” --ကိုတေ
“စိန်ဗေဒါနှင့် မှတ်မှတ်ရရ ဆိုင်းပွဲများ ” ---လွန်းဆက်(ဥက္ကံ)
“မိဘတို့ မေတ္တာ ”  ---ရောင်နီ
“ဒုက္ခသည် ဈေးတနေ့”  ---လူဗိုလ်
ဆရာကြီးမင်းသုဝဏ်၏ ဆောင်ရွက်ချက်များ
အဝေးကပန်းချီကား
မို့ မငြိမ်း၏ မုန်လာဥ
ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး--ဒေါင်းလူငယ်
ကိုဗဟိန်းသို့ စကားကြွေး--ရေးသူ- လူထုဒေါ်အမာ

 စာရေးဆရာ မောင်မိုးသူ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် -- မိုးကျော်

 

 ၈၉) နှစ်ပြည့် ဆရာဗန်းမော်တင်အောင်သို့ ဦးညွှတ်ဂုဏ်ပြုခြင်း

 

  ရှင်တို့အမှားတွေအတွက် ကျမကပဲ တရားဝင်တောင်းပန်ပါတယ်

“ကာ့တိုဆင်တာ”(Cato Center)ကို တစ်လတာရောက်ခဲ့ခြင်း-မောင်ဖေသက်နီ ခေတ္တ အော်စလိုမြို့။ နော်ဝေနိုင်ငံ၊

 --ညီလေး ကောက်ရိုးကောင်းတယ်ကွ

 

 --မြန်မာပြည်ရဲ့ ချီေ၈ွဗားယား (သို့မဟုတ်) ဒေါက်တာ စိုင်းခမ်းလိတ်