ရသ ၀တ္တုတို(၂၉)

ရှင်းလား-- ရှင်းရဲ့ လား။

 

တရားသူကြီး ရှေ့ မှောက်တွင် တရားလိုရှေ့ နေက အမှုသက်သေ ဆရာဝန်ကိုမေးသည်။

 

ရှေ့ နေ။  ဒေါက်တာ သေသွားတဲ့လူကို သေပြီလို့ အတည်ပြု နိုင်အောင် သွေးခုန်နှုန်း စမ်းခဲ့သလား။

 

ဆရာဝန်။ မစမ်းခဲ့ပါဘူး။

 

ရှေ့ နေ။  နှလုံး ခုန်မခုန် ၊ စမ်းပြီးမှ သေပြီလို့ အတည်ပြုခဲ့တာလား။

 

ဆရာဝန်။  အဲဒါလည်း မစမ်းခဲ့ပါဘူး။

 

ရှေ့ နေ။  ဒါဆို အသက်ရှူမရှူဘဲ ကြည့်ပြီး အတည်ပြုလိုက်တာပေါ့။

 

ဆရာဝန်။  အဲလိုလည်း မဟုတ်ခဲ့ပါဘူး။

 

ရှေ့နေ။  ဒါဆို သေသွားတဲ့ လူကို သေပြီလို့ ဘာဖြစ်လို့ အတည်ပြုခဲ့ရတာလဲ။ သေမှန်း မသေချာဘဲနဲ့များ သေပြီလို့ သတ်မှတ် လိုက်မိသလား။

 

ဆရာဝန်။  အသတ်ခံလိုက်ရတဲ့ လူရဲ့  ခေါင်းကို ကြည့်ပြီး သေပြီလို့ ပြောခဲ့တာပါ။

 

ရှေ့ နေ။  ခေါင်းကို ဟုတ်လား။

 

ဆရာဝန်။  ဟုတ်ထယ်လေ။သေတဲ့လူရဲ့ ခေါင်းက သူ့ ခန္ဓာကိုယ်နဲ့ ငါးပေအကွာကို ရောက်နေလို့။ ရှင်းလား၊ရှင်းရဲ့ လား။

 The voice

၂၂/၃/၂၀၁၀

 
 

ရသ ၀တ္တုတို(၂၈)

ဗျိုင်းအရှင်ဖမ်းနည်း--လူဗိုလ်

(၁)

            နို့ဖိုးဒုက္ခသည်စခန်းကိုရောက်မှ ကရင်နှစ်သစ်ကူးပွဲတော်နှင့်ကြုံတာ ဒီနှစ်ဆို(၄)ကြိမ်ပြည့်တော့မယ်။ မနှစ်က ပွဲဆို အတော့်ကိုစည်တာ။ တိုင်းရင်းသားညီညွတ်မှုတည်ဆောက်ရေးကော်မတီဆိုတာ ဖွဲ့စည်းပြီးစလည်းဖြစ်နေတော့ တိုင်းရင်းသား ရိုးရာ တင်ဆက်မှုတွေကလည်း အပြိုင်အဆိုင်။ ကျနော်တို့ BNA ဗမာအမျိုးသားအသင်း(နို့ဖိုး)ကတောင် ဦးရွှေရိုး၊ ဒေါ်မိုးအကနဲ့ တပင်တိုင်အကတွေ တင်ဆက်ဖြစ်ခဲ့သေးတယ်။ ဒီအထဲမှာ အားအကောင်းဆုံးအစီအစဉ်က တော့ ဘာလဲမမေးနဲ့။ ကရင်ဒုံးယိမ်း အစီအစဉ်ပေါ့။ ကရင်နှစ်သစ်ကူးမို့ ကရင်ဒုံးယိမ်းအကက ပိုသာတာ မထူးပေမယ့်၊ ဒုံးယိမ်းပြိုင်ပွဲမှာ ကရင်မဟုတ်တဲ့ တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ကျနော်တို့ PAB ရပ်ကွက်အဖွဲ့က တတိယဆုယူသွား တာ ကတော့ အဆန်းသားမဟုတ်လား။

            ခုလည်း ကရင်နှစ်သစ်ကူးပွဲတော် နီးလာပြန်တော့ ဒုံးယိမ်းအဖွဲ့တွေတိုက်နေကြတာ ခြိမ့်ခြိမ့်သဲပဲ။ နို့ဖိုးစခန်း တခုလုံးလို့တောင် ပြောရင်ရမယ်။ အရွယ်စုံ၊ဆိုက်စုံ၊ ကာလာစုံ။ ဒီနှစ်လည်း  စည်ဦးမှာပါ။  

            ဒီလို ကရင်ဒုံးယိမ်းသံကြားရင် အလယ်တန်းကျောင်းသားဘ၀က ကျနော်တို့ကျောင်းမှာ ခေတ်စားခဲ့တဲ့ ဒုံး ယိမ်းသံစဉ်သီချင်းလေးကို သတိရမိတယ်။ ဆရာ၊ ဆရာမတွေကို နောက်ပြောင်ရင်းက ပေါ်လာတာလေ။

            “ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...

            တောင်ဖက်ကျွန်းပေါ်မြစ်ဝနံဘေး ကရင်မ နော်သန်းငွေ” ဆိုတာပေါ့။

 

 

(၂)

            ညောင်လေးပင်မြို့၊ အမှတ်(၁)အထကကျောင်းကို မြို့အပြင်ထုတ်ပြီးစ ပညာသင်နှစ်အချိန်မှာပေါ့။

            ကျောင်းပတ်ဝန်းကျင်မှာက လယ်ကွက်တွေ၊ ထန်းတောတွေ၊ သင်္ချိုင်းကုန်းတွေ၊ ဘုန်းကြီးကျောင်းတွေချည်း သက်သက်ဆိုတော့ ကျောင်းမပျော်အဖွဲ့တွေအတွက် ခိုကိုးရာတွေက အပြည့်။ ဒီတော့ ကျနော်တို့ကျောင်းအုပ်ကြီးက ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ကျောင်းသားတွေကြောက်တဲ့၊ ကျောင်းသားတွေကိုကိုင်နိုင်တဲ့ ဆရာ၊ ဆရာမ တွေနဲ့ အသစ်ပြန်ဖွဲ့လိုက်တယ်။ ဒီအထဲမှာ ကျနော်တို့အလယ်တန်းဆရာတွေထဲက (၄)ဦးပါတယ်။ ဆရာဦးယုမောင်၊ ဆရာဦးလှမြင့်၊ ဆရာဦးထွန်းရွှေနဲ့ ဆရာမ ဒေါ်သန်းငွေတို့ပေါ့။ ဒီဆရာတွေအားလုံးက သူရဲကောင်းဆရာတွေချည်းပဲ။ အရည်အချင်းကိုယ်စီနဲ့။ ကျောင်းမပျော်အဖွဲ့တွေ တခါတည်းငြိမ်ကျသွားလောက်အောင်ကို စွမ်းကြတာ။

           

ဒီအထဲမှာ ဆရာဦးယုမောင်က ၀ိတ်သမား၊ လူပျိုကြီး။ သူ့ လက်ဖျံကြီး တလုံးတလုံးက နည်းတာကြီးမဟုတ် ဘူး။ အခန်းထဲစာသင်နေရင်း သူ့ ခြိမ်းခြောက်တဲ့အသံကိုက သူများထက်ထူးတယ်။

            “အခု ဆရာ ၀ိတ်ပြန် မနေပြီနော်။ သတိထားကြ” ဆိုကာ ကြိမ်လုံးကိုတစွစွနဲ့ သူ့လက်မောင်းကြွက်သား တွေကို ထုတ်ထုတ်ပြတတ်သေးတယ်လေ။ ဆရာဦးယုမောင် စာသင်ချိန်ဆို အတန်းထဲက အဆိုးဆုံးလို့သတ်မှတ်ထား တဲ့ “ဘိုနီ”လိုကောင်မျိုးတောင် ငြိမ်။   

 

            ဆရာမဒေါ်သန်းငွေကျတော့ တမျိုး။ အရိုက်ကြမ်းတဲ့ထဲမှာတော့ မပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကို ကိုင်တတ် တယ်။ သူစာသင်နေတဲ့အတန်းတင်မကဘူး။ ဘေးအခန်းတွေက ဆရာ၊ ဆရာမ မရှိလို့ဆူညံနေရင်တောင် ၀င်ထိန်းတတ်တယ်။ ဆရာ မရှိလို့ဆိုပြီး ဆူမယ်၊ ဆော့မယ်လို့တော့မစဉ်းစားနဲ့။ မကြာဘူး ဆရာမဒေါ်သန်းငွေရောက် လာပြီ။

            “ကဲ အားလုံးပစ္စည်းတွေလွယ်အိတ်ထဲထည့်။ ပြီးရင် တရားထိုင်ကြမယ်။ အားလုံး ခုံပေါ်တက်ထိုင်ကြ။ မျက်စိ ကိုမှိတ်ထား။ မျက်စိထဲပေါ်လာတာတွေကိုလိုက်မှတ်။ ခဏနေ ဆရာမ ပြန်လာမေးမယ်။ ဘာတွေတွေ့လဲဆိုတာ မပြောနိုင်တဲ့လူ နာပြီသာမှတ် ”

            ဒါပဲပြောပြီး ပြန်ထွက်သွားပေမယ့် ဘယ်သူမှမလှုပ်ရဲ၊ အသံမထွက်ရဲကြ။ မျက်စိကိုအသာမှိတ်ထားကြရင်း သူပြောသလို လိုက်ကြည့်နေရတယ်လေ။ ရုတ်တရက် ရောက်လာတတ်ပြီး ဆူနေတဲ့သူကို အတန်းရှေ့ထွက်ခိုင်း၊ ဘာ မြင်လဲ မေးရင် မဖြေနိုင်လို့ကတော့ အရိုက်ခံရပြီ။ ကျနော်ကတော့ မျက်စိလေးမှိတ်ထားပြီး သူမေးရင် ဘယ်လိုဖြေရမ လဲတွေးနေမိ တယ်။ (၄၅)မိနစ် ပြည့်သွားလို့ သံချောင်းခေါက်သံကြားရမှသာ အချိန်ကုန်သွားမှန်းသိလိုက်ရတယ်။

 

            ဆရာဦးထွန်းရွှေကိုတော့ ကျောင်းသားအားလုံးက သူ့နောက်ကွယ်မှာ “ထိပ်ပြောင်”လို့ပဲ ခေါ်ကြတယ်လေ။ နဖူးက လည်းပြောင်သလားမမေးနဲ့ ဆံပင်က မရှိတော့သလောက်ဘဲ။ ဆရာထိပ်ပြောင်ကျတော့ တအားပါးတာ။ ကျောင်းသား တဦးချင်းစီရဲ့ အကြောင်းတွေကိုလည်း သိတယ်။ စကားသံကြားလိုက်တာနဲ့ ဘယ်သူပြောတယ်ဆိုတာ ဘလက်ဘုတ်မှာ စာရေးနေရင်း လှည့်မကြည့်ဘဲနဲ့သိတယ်။ ဆရာထိပ်ပြောင်ပြောဖူးတဲ့ စာကျက်နည်းတခုဆိုရင် ခုထိ ကို မမေ့တာ။

            “တမနက်စောစောမှာ ဆရာ လမ်းလျှောက်ထွက်ကအပြန်၊ ကျောင်းသူတယောက်စာကျက်နေတာကို ခပ် လှမ်းလှမ်းထဲက ကြားနေရတယ်။ သူကျက်နေတာက ဧရာဝတီမြစ်အကြောင်း။ ဆရာ စကြားကတဲက ‘ဧရာဝတီမြစ် သည်၊ ဧရာဝတီမြစ်သည်’ ဟာ သူ့အိမ်ကိုလွန်ပြီး အိမ်သုံးလေးလုံးကျော်လည်း ဧရာဝတီမြစ်သည်က မပြီးဘူး ”

            “ဧရာဝတီမြစ်အကြောင်းကျက်တာပဲကွာ ဧရာဝတီမြစ်သည်ကို  ဒီလောက်ထည့်ကျက်နေဖို့မလိုပါဘူး။ မင်းတို့ လည်း ဒီဧရာဝတီမြစ်သည် စာကျက်နည်းမျိုးကို မသုံးမိကြစေနဲ့”တဲ့ မှတ်သားစရာ။

 

(၃)

            ဆရာဦးလှမြင့်ကိုတော့ ကျောင်းသားတွေက “ဘုမောင်”လို့ ကွယ်ရာမှာ ခေါ်ကြတယ်။ နောက်စေ့မှာ ဘုကြီး တလုံးက သိသိသာသာကြီးထွက်နေလို့။ ဆရာဘုမောင်က ကျနော်တို့အတန်းပိုင်ဆရာ။ စကားအပြောကောင်းပြီး၊ စာ သင်လည်း အရမ်းတော်တယ်။ သူက သင်္ချာသင်တာ။ ထူးတာက ဆရာဘုမောင်လမ်းလျှောက်ရင် လက်ပိုက်သလိုလုပ် ထားပြီး သူ့မေးစေ့ကို လက်တဖက်နဲ့ အမြဲတမ်း ထောက်ထောက်ထားတတ်တယ်။ ဒါကသူ့စတိုင်။

            ဆရာက သင်္ချာသင်ရင်တောင် သူများထက်ထူးတယ်။ လေ့ကျင့်ခန်းတခုသင်ပြီဆိုရင် ခက်တဲ့၊ ပညာပါတဲ့ အပုဒ်တွေလောက်ကိုပဲရွေးပြီး တွက်ပြ၊ ရှင်းပြတတ်တာ။ ကျန်တာတွေကို အဆင့်မရှိဘူးဆိုပြီး တွက်ပြလေ့မရှိဘူး။ အမှတ်ပေးပြီဆိုရင်လည်း အမှတ်(၁၀၀) ပေးထားတယ်ဆိုပါစို့။ အကုန်မှန်ရင် (၁၀၀) ရပြီး၊ မှန်တဲ့အပြင် သပ်ရပ်တယ်၊ ရှင်းတယ်။ မြန်တယ်ဆိုရင် (၁၀၁) အထိ ပေးတယ်။ မှတ်ချက်အနေနဲ့ “အလွန်ကောင်း၍ တမှတ်ပိုပေါင်းသည်” ဆိုတာ ကို ရေးပေးလိုက်သေးတယ်။ လေ့ကျင့်ခန်းစာတွေစစ်ပြီဆိုရင်လည်း အရင်ဆုံးလာပြတဲ့ (၁၀) ယောက်လောက်ကိုပဲ စစ်ပေးတယ်။ အချိန်ကအရေးကြီးလို့ မြန်နိုင်သမျှမြန်ဖို့ အမြဲတမ်းသတိပေးတတ်တယ်။

သင်္ချာကိုသင်ပေမယ့် ကျနော်တို့ကို ဗဟုသုတဖြစ်စရာတွေ အများကြီးပြောပြခဲ့ဖူးတယ်။ ကျောင်းက ပြဌာန်း ထားတဲ့စာတွေထက် ပြင်ပဗဟုသူတတွေကို ပိုပြောပြလေ့ရှိတယ်။ သူ့စကားတွေ၊ သင်ကြားမှုတွေထဲမှာ ကျောင်းသား တွေကိုပါ ပါအောင်ခေါ်သွားတတ်တယ်။ သူကိုကြောက်နေတာဆိုမကြိုက်ဘူး။ သူမှားနေလို့ထောက်ပြပေးတဲ့ ကျောင်း သားဆို ကြိုဆိုတတ်ပြီး ကျေးဇူးတင်ကြောင်းပြန်ပြောလေ့ရှိတယ်။ ပညာနဲ့အတူ စာရိတ္တကိုပါအလေးထားဖို့ မကြာ မကြာ ဆုံးမတတ် တယ်။ တော်နေရုံမက ကောင်းဖို့လိုတယ်။ ကောင်းမှ၊ ရိုးသားမှတန်ဖိုးရှိပြီး ကိုယ့်ကိုကိုယ်လည်း အမြဲဂုဏ်ယူနိုင်မယ်လို့ သတိပေးတတ်တယ်။ ဆရာပြောဖူးတဲ့အထဲက ဂျပန်နဲ့မြန်မာ ပညာတော်သင်သွားကြတဲ့ အ ကြောင်းဆို၊ ခုထိကို အမှတ်ရ နေ ဆဲလေ။

 

 

            “ဟိုး မင်းတုန်းမင်းခေတ်ကပေါ့ကွာ။ ဆရာတို့နိုင်ငံနဲ့ဂျပန်နိုင်ငံကို အင်္ဂလန်နိုင်ငံက စက်မှုအတတ်ပညာနဲ့ပတ် သက်ပြီး ပညာတော်သင်ခေါ်တယ်။ နိုင်ငံတခုစီက အယောက်(၂၀) စီခေါ်တယ်ပဲ ထားပါတော့ကွာ။ တို့နိုင်ငံကတော့ မင်းတို့သိတဲ့အတိုင်း လက်သင့်ရာစားတော်ခေါ်ပေါ့။ ဘုရင်နဲ့မူးမတ်အသိုင်းအ၀ိုင်းထဲက လူတွေချည်းရွေးလွှတ်တာ။ ခုခေတ်လိုပဲဆိုပါတော့။”

            “အယ် ... ဂျပန်နိုင်ငံကတော့ တို့လိုမဟုတ်ဘူးကွာ။ သူတို့နိုင်ငံက စက်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေ ကို အင်တာဗျူးအဆင့်ဆင့်လုပ်ပြီးခေါ်တာ။ လူအယောက် (၂၀) ခေါ်ဖို့ကို တနိုင်ငံလုံးက စက်မှုကျွမ်းကျင်သူ (၈၀) ကို ရွေးထုတ်တယ်။ ပြီးတော့မှဒီအထဲက (၄၀)ကို ဒုတိယအကြိမ်ထပ်ရွေးတယ်။ နောက်တခါ အင်္ဂလိပ်ဘာသာပါ ကျွမ်း ကျင်သူ(၂၀)ကို လက်ရွေးစင်ပြန်ရွေးပြီး အင်္ဂလန်ကိုပို့လိုက်တာ။ ဒီလက်ရွေးစင်(၂၀)နဲ့ ကျန်ခဲ့တဲ့(၂၀)က အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တာ၊ မကျွမ်းကျင်တာလောက်ဘဲ ကွာတာ။ စက်မှုပညာတွေကတော့ သူမသာ၊ ကိုယ်မသာ ပေါ့။ ပြီးမှ ကျန်ခဲ့တဲ့(၂၀)နဲ့ ပထမရွေးကျန်(၄၀)ကို ဂျပန်အစိုးရက ပြန်မလွှတ်တော့်ဘဲ တနေရာမှာစုပြီး ခေါ်ထားလိုက် တယ်။”

            “အင်္ဂလန်ကိုရောက်တော့ တို့ရွှေမြန်မာတွေက တော်ကြပါတယ်။ စာတွေလည်းလိုက်နိုင်ကြတယ်။ ဒါပေမယ့် ဟိုရောက်တုန်း မစားဖူးတာတွေ စား၊ မသောက်ဖူးတာတွေ သောက်ပြီး ပြန်ခဲ့ကြတာပေါ့။ ဒီပြန်ရောက်တော့ မဲနယ် စက်ရုံ၊ လက်နက်စက်ရုံ၊ ဒင်္ဂါးပြားစက်ရုံတို့တည်တာ၊ သင်္ဘောဖျက်တဲ့ ရေမြှပ်ဗုံးထွင်တာတို့လောက်တော့ အလုပ်ဖြစ်ခဲ့ တာကို စာအုပ်တွေထဲဖတ်ရဖူးတယ်ကွ။ ဒါပေမယ့် အဲဒီအကျိုးဆက်ကို ဒီနေု့တို့ခေတ်မှာ ဘာတခုမှမတွေ့ရတော့ဘူး။ ဘာမှတ်တမ်းမှလည်း မကျန်ခဲ့တော့ဘူး။ တို့နိုင်ငံရဲ့တိုးတက်မှုအခြေအနေကလည်း မင်းတို့မြင်တဲ့အတိုင်းပဲ။ အင်္ဂလိပ် သာ တို့ နိုင်ငံကိုမသိမ်းခဲ့ရင် ခုထိ နွားလှည်းနဲ့ပဲ ခရီးသွားနေရဦးမှာ။”

            “ဂျပန်ပညာတော်သင်တွေကတော့ ဒီလိုမဟုတ်ဘူး။ အင်္ဂလန်ကိုရောက်တာနဲ့ သူ့အဖွဲ့နဲ့သူစုပြီး သင်ပေးသမျှ စာတွေကို ဂျပန်လိုဘာသာပြန်ကြတယ်။ ပြီးတော့ ဂျပန်နိုင်ငံကို ပြန်ပို့တယ်။ အဲ့ဒီပို့လိုက်တဲ့ ဂျပန်လိုဘာသာပြန်ပြီး သားတွေကို ကျန်ခဲ့တဲ့(၂၀)အုပ်စုက စုပေါင်းလေ့လာကြတယ်။ (၄၀)အုပ်စုနဲ့ပြန်ဆွေးနွေးကြတယ်။ ပြန်သင်ကြတယ် ပေါ့ကွာ။”

            “ပညာသင်ကာလပြီးလို့ ပညာတော်သင်တွေ ဂျပန်လည်းပြန်ရောက်ရော့ ပြန်လာတဲ့(၂၀)နဲ့ ကျန်ခဲ့တဲ့(၂၀)တို့ ပြန်ဆွေးနွေးပြီး ပညာတွေဖလှယ်ကြတယ်။ နောက် … (၄၀)ကို ပြန်သင်ပေးကြတယ်။ ဒီလိုနဲ့ ပညာတော်သင်(၂၀)သာ သွားရပေမယ့်၊ (၈၀)လုံး ပညာတွေတတ်သွားနိုင်အောင် တပြိုင်တည်းပွားယူနိုင်ခဲ့ကြတာဟာ အတုယူစရာကောင်းပဲ ပေါ့။ နောက်ပြီး ဂျပန်လိုဘာသာပြန်ပြီးသား ပညာတွေကိုပါ ရလိုက်ကြတာ။ ခုဆို မင်းတို့သိတဲ့အတိုင်း၊ ဂျပန်နိုင်ငံဟာ စက်မှုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တိုးတက်နေပြီလဲ။ ပညာရပ်တွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်စာမတတ်ချင်နေ၊ ဂျပန်လိုလေ့လာနိုင်အောင်၊ ဂျပန်လိုဖတ်ပြီးအသုံးချနိုင်အောင်ဖြစ်သွားပြီ။ တို့နိုင်ငံနဲ့ဘယ်လောက်တောင်ကွာသွားလဲ ”  

            “ဒီတော့ ပညာယူတဲ့အခါမှာ အစီအစဉ်ရှိရှိယူတတ်ဖို့လိုတယ်။ ပြီးတော့ မှတ်တမ်းဆိုတာကျန်ခဲ့အောင် လုပ် ထားရမယ်။ ဒါမှ နောင်မျိုးဆက်တွေအတွက် ပညာအမွေပေးခဲ့နိုင်မှာ။ နောက် ... ကိုယ်လေ့လာသိမြင်ခဲ့သမျှနဲ့ ကိုယ့် ဖြတ်သန်းမှုအတွေ့အကြုံတွေကို ကိုယ့်ဘာသာစာပေတွေနဲ့ မှတ်တမ်းတင်ထားခဲ့သင့်တယ်ကွ ”

 

(၄)

            တနေ့မှာတော့ စိတ်ဆိုးလေ့မရှိတဲ့ ဆရာဘုမောင်တယောက် ဒေါကန်နေတဲ့အမူအရာနဲ့ အတန်းထဲဝင်လာပြီး

            “ မင်းတို့ ကျောင်းအုပ်ကြီးကတော့ စံပဲကွာ။ ကိုယ်တိုင်လုပ်လို့ရရက်နဲ့ ငါတို့ကိုဒုက္ခပေးတာ ”

            ဆရာဘုမောင် ဒေါသဖြစ်ရပုံက ဒီလို။ ကျနော်ပြောခဲ့တဲ့ ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့မှာ သူလည်းပါ တယ်မဟုတ်လား။ ဒီမနက် ကျောင်းအုပ်ကြီးက ကျောင်းနောက်ကျပြီှးရောက်လာတယ်။ ကျောင်းတံခါးဝနားအရောက် ကျောင်းပြေးတဲ့ကျောင်းသားအဖွဲ့တွေနဲ့ ကျောင်းရှေ့မှာ ထိပ်တိုက်တိုးပါလေရော။ အဲဒီအချိန်က တကျောင်းလုံး အဖြူ နဲ့အစိမ်းပဲဝတ်ကြရတော့ ကျောင်းသားနဲ့အရပ်သားက ခွဲလို့လွယ်တယ်လေ။ ဒါပေမယ့်ဆရာကြီးက ကျောင်းသားတွေ ကို ဘာမှမပြောဘဲ၊ ကျောင်းထဲကို ကားဆက်မောင်းဝင်ခဲ့တယ်။ ကျောင်းရုံးခန်းထဲရောက်မှ စည်းကမ်းထိမ်းသိမ်းရေး ဆရာတွေကိုခေါ်၊ ကျောင်းပြေးတဲ့ကျောင်းသားတွေကို လိုက်ခေါ်ဖို့ပြောတယ်တဲ့။

            ကျန်ဆရာတွေအားလုံးကတော့ ဘာမှပြန်မပြောကြဘဲ ကျောင်းပြေးတွေနောက်ကို လိုက်သွားကြပေမယ့်၊ ဆရာဘုမောင်ကတော့ လိုက်မသွားဘူး။ ကျောင်းအုပ်ကြီးကို ပြန်ပက်ရင်း ကျန်နေခဲ့တယ်တဲ့။

 “ခင်ဗျားက ကိုယ်တိုင် တွေ့လိုက်ရရက်နဲ့ ဘာလို့ပြန်မခေါ်ခဲ့တာလဲ။ ခင်ဗျားတွေ့တဲ့အချိန်ဆို ကျောင်းသား တွေက ကျောင်းအနီးအနားမှာပဲ ရှိနေကြသေးတာ။ ခင်ဗျားပြန်ခေါ်ရင်လည်း ရရဲ့သားနဲ့ဗျာ။ ခုတော့ ဘယ်ရောက် သွားပြီလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။ လိုက်ရှာလို့ကတော့ တနေသာကုန်သွားမယ် တွေ့မှာမဟုတ်ဘူး။ ကျောင်း ပြေးစရာနေရာတွေက တပုံကြီး၊ ကျုပ်တော့မလိုက်နိုင်ဘူးဗျာ။ စာသင်ဖို့ရှိသေးတယ်”လို့ပြောပြီး ရုံးခန်းထဲက ပြန်ထွက် လာတာတဲ့။

 

 

(၅)

            “မင်းတို့ ဗျိုင်းအရှင်ဖမ်းနည်းဆိုတာ ကြားဖူးလား”

            ဒေါသတွေပြေသွားအောင် ခဏနားပြီးမှ ဆရာဘုမောင်က စကားပြန်စလာတယ်။

            “မကြားဖူးပါဘူး ဆရာ”

            “အေ ... မှတ်ထားကြ၊ ဆရာပြောပြမယ်”

            “မိုးဦးကျစ၊ မိုးဖွဲဖွဲလေးတွေရွာနေတဲ့အချိန်ဆို ဗျိုင်းအရှင်ဖမ်းလို့ရတယ်ကွ။ ဒီအချိန်မျိုးဆို ဗျိုင်းတွေက လယ် ကွင်းတွေထဲမှာ ငါးရှာနေကြတာ။ ဒီတော့ မင်းတို့က ဆားသာတဆုပ်လောက်ယူသွား။ ခုန ငါးဖမ်းဖို့စောင့်နေတဲ့ ဗျိုင်း အနားကိုဖြည်းဖြည်းလေးသွား။ ဗျိုင်းရဲ့ခေါင်းပေါ်ကို ဆားလေးပုံပေး။ မိုးကဖွဲဖွဲလေးရွာနေတာဆိုတော့ ခေါင်းပေါ်က ဆားတွေ အရည်ပျော်ပြီး မျက်စိထဲကို စီးကျမယ်။ မျက်လုံးဖွင့်လို့မရတော့ဘူး။ ဒီအချိန်ဆို မင်းတို့ ဗျိုင်းအရှင်ဖမ်းလို့ ရပြီ။”

            ကျနော်တို့တတန်းလုံး ဆရာဘုမောင်ရဲ့ ဗျိုင်းအရှင်ဖမ်းနည်းကို ငြိမ်ပြီးနားထောင်နေမိကြတယ်။ နားထောင် နေရင်းက မျက်စိထဲမှာလည်း လယ်ကွင်းထဲက ဗျိုင်းဖြူဖြူတွေကို မြင်ယောင်လာတယ်။ အသာကပ်သွားပြီး ဗျိုင်းရဲ့ ခေါင်းပေါ်ကို ဆားပုံလိုက်တယ်။ ဆားတွေအရည်ပျော်ပြီး မျက်လုံးထဲဝင်သွားတယ်။ ပြီးတော့ ... ဗျိုင်းလည်ပင်းကို ဆုပ်ကိုင်ပြီး ဖမ်းလိုက်တယ်လို့ကို မြင်ယောင်လာတယ်လေ။

            “ဆရာ ... ဗျိုင်းအနားကပ်သွားတော့ ဗျိုင်းကထပျံမသွားဘူးလား ဆရာ”

            ကျနော်တို့အားလုံး မေးလိုက်တဲ့အသံရှိရာကို ၀ိုင်းကြည့်လိုက်ကြတယ်။ ပိန်းဇလုပ်ရွာက ကျောင်းလာတက် တဲ့ “ကရင်ကြီး”။ သူ့နာမည်က စောထူးဂေ။ လူကောင်က ထွားထွားကြီးမို့ ကျနော်တို့အားလုံးက ကရင်ကြီးလို့ပဲသူကို ခေါ် ကြတယ်။ ဘောလုံးလည်း အကန်တော်တယ်ဗျ။

            “အေးပေါ့ကွာ ... မင်းတောင်သိသေးတယ်။ မင်းတို့ကျောင်းအုပ်ကြီးက မသိဘူးကွ”

            “မင်းတို့စဉ်းစားကြည့်လေ။ ကရင်ကြီးပြောသလိုပဲ အနားကပ်လို့ရမှတော့ ဆားပုံဖို့လိုသေးလို့လား၊ တခါထဲ ဖမ်းလိုက်မှာပေါ့။ မင်းတို့ကျောင်းအုပ်ကြီးကတော့ တခါထဲမဖမ်းလိုက်ဖူးဟေ့။ ငါတို့ကိုပဲ ဆား ပုံပုံခိုင်းနေတာကွ။ ဒါကြောင့် ဒေါကန်လာတာ ”

 

 

(၆)

            နို့ဖိုးဒုက္ခသည်စခန်းထဲမှာ ဒုံးယိမ်းသံတွေ ၀ဲပျံ့နေဆဲ။ ဒီကရင်ဒုံးယိမ်းအကကို နောက်ထပ်ကရင်နှစ်သစ်ကူး ဘယ်နှစ်ခုအထိများ ဒီနို့ဖိုးဒုက္ခသည်စခန်းထဲမှာ ထပ်ကြည့်ရ၊ ထပ်မြင်ရဦးမလဲ မသိ။

            ဘ၀မြင်ကွင်းတွေ ထပ်လွန်းနေတော့လည်း ကျေနပ်ခွင့်တွေ ပျောက်ဆုံးနေရပေါ့။ အနည်းဆုံး ဒီဒုံးယိမ်းအက တွေက အမေရိကားမှာပဲဖြစ်ဖြစ်၊ နော်ဝေမှာပဲဖြစ်ဖြစ်၊ နယူးဇီလန်မှာပဲဖြစ်ဖြစ် နေရာပြောင်းပြီး ကြည့်ချင်ပြီလေ။

 

            “ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...

တောင်ဖက်ကျွန်းပေါ် မြစ်ဝနံဘေး၊ ကရင်မ နော်သန်းငွေ...” သီချင်းလေးနဲ့၊ ဗျိုင်းအရှင်ဖမ်းနည်းလေးကို ပြန်သတိရမိလိုက်တာကိုက နှဖူးကြောလေးတွေ ပြေသွားသလိုလို။ အသက်ရှူ ချောင်သွား သလိုလို။ မဟုတ်လို့က တော့ တနေ့တနေ့ စားဝတ်နေရေးအတွက် ပူပန်ရ။ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ရင်မောရ။ ကိုယ့်ဘ၀ ကိုယ် အဓိပ္ပါယ်ဖော်နိုင်ရေးအတွက် ရတက်မအေးရ။ ဘ၀တွေကို ဗီဒီယိုကြည့်တဲ့အခါ ပေါ့စ် (Pause)  အလုပ်ခံထားရ သလို ခံစားလာရပြီလေ။

 

အင်း ... ကျနော်တို့ဘ၀တွေ ပြန်လည်ရှင်သန်နိုးထနိုင်ခွင့်တွေအတွက် ယူအဲန်အိပ်ခ်ျစီအာရ် (UNHCR) ကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ အမေရိကန်နိုင်ငံကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ ကျနော်တို့ကိုယ်တိုင်ကပဲ ဗျိုင်းအရှင် ဖမ်းနေတာလား။ တစုံတရာ ဒါမှမဟုတ် တစုံတယောက်ကပဲ ....။ စဉ်းစားလို့တောင် မရ။             ။

 

(၂၇/၁၁/၂၀၀၉)

 

၃/၃/၂၀၁၀

 

ရသ ၀တ္တုတို(၂၇)

ကြာပင်အောက်က ဖား

 

ဇောင်းတောကန်ရွာကနေ မြို့ တက်ဈေးဝယ်လာတဲ့ သူငယ်ချင်း-နိုင်လင်းနဲ့ လဘက်ရည်ဆိုင်မှာတွေ့တော့  စကားတွေ ရေပက် မ၀င်အောင် ပြောဖြစ်ကြပါတယ်။

နိုင်လင်းက ဇောင်းတာကန်ရွာ တွဲဘက်ကျောင်းဆရာ လူပျိုကြီးပါ။ မိန်းမ မယူဘဲ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနတဲ့ သားလိမ္မာ တစ်ဦးဆိုရင် မမှားဘူး။

သူနဲ့က တစ်လမှာ တစ်ကြိမ်လောက်တော့ မြို့တက်ဈေးဝယ်လာခိုက် တွေ့ ဆုံရတာမို့ စကားတွေက ပြောလို့ မ၀ကြဘူး။ ဒီတခေါက်မှာတော့ နိုင်လင်းက အကူအညီတစ်ခုတောင်းပါတယ်။

 

 

 

ဟေ့ကောင်၊့   မင်းအားရင် ငါနဲ့ စာအုပ်ဆိုင်လိုက်ခဲ့ပါကွာ။

`“ ဘာလဲ့  ကျောင်းစာအုပ်တွေ ၀ယ်မလို့လား”

`“မဟုတ်ပါဘူးကွာ--အမေမှာလိုက်တဲ့ စာအုပ်တွေ ရှာချင်လို့ပါ။”

`ပြောပြောဆိုဆိုပဲ သူ့ အင်းချီအိတ်ကပ်ထဲက၊စာရွက်ကလေး တစ်ရွက်ထုတ်ပြလို့ ဖတ်ကြည့်လိုက်တော့ ---

---

`“ ငါ့ကိုမချစ်ပါနဲ့”

`“အချစ်ကံခေပေမယ့် ၊အနှစ်ကျန်စေရမယ်”

`“လမ်းခွဲတာ ၀မ်းနည်းစရာလား”

`“မချစ်တတ်၊ မမုန်းတတ်တဲ့လူ့  ”

`“ ဆေးပေါင်းခတဲ့ မျက်ရည်”

`“အနေဝေးပေမယ့် အဝေးနေ မဟုတ်ပါ”

 `“အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်”

 

“ဟေ့ကောင်နိုင်လင်း--မင်းအမေ- ဒီအရွယ်အထိ အချစ်ဝတ္တုတွေ ဖတ်နေတုန်းပဲလား”

“အင်း-- မင်းတော့ ကြာပင်အောက်က ဖားနဲ့ တူနေပြီနော်၊အဲဒါ တရားစာအုပ်မှ တရားစာအုပ် နာမည်တွေကွ။”

`“ဟေ”

 

မောင်ခင်မှိုင်း။ချောက်

မဟေသီ၂၇၁။ ဇွန် ၂၀၀၇

 

၁၆/၂/၂၀၁၀

 

ရသ ၀တ္တုတို(၂၆)

တကိုယ်ရေ ကြေကွဲမှု

 

ရွှေဆင်ကြီးစားသောက်ဆိုင်သို့ “ကိုပေါ်လာ”ရောက်လာသည်။ ၀ီစကီ နှစ်ပက် မှာပြီး မှီဝဲလိုက်သည်။ကုန်သွားသော် နောက် ထပ် နှစ်ပက် ထပ်မှာသောက်ပြန်သည်။ ကုန်သွားသော် နောက်ထပ် နှစ်ပက် ထပ်မှာပြန်သည်။ထို့နောက် နောက်ထပ် နှစ်ပက် ထပ်သောက်၏။ ရှစ်ပက် မှီဝဲပြီးသည့်တိုင် ကိုပေါ်လာ မှိုင်တွေ ကြေကွဲနေဆဲ ဖြစ်သည်ကို ဆိုင်မန်နေဂျာက သတိပြုမိသွားပြီး နောက် ကိုပေါ်လာအနီးသို့ မန်နေဂျာရောက်လာသည်။

 

 

မန်နေဂျာ။ မိတ်ဆွေကြီး ။ ဘာတွေခံစား လာရလို့လဲ။ ရှစ်ပက်ရှိသွားပြီနော်။ အရမ်းများသွားဦးမယ်။

ကိုပေါ်လာ။ များပါစေဗျာ။ ကျုပ်နောက်ထပ် နှစ်ပက် မှာသောက်ဦးမှာ။

မန်နေဂျာ။  ဘာဖြစ်လို့ လဲဗျာ။

ကိုပေါ်လာ။ ကျုပ်မိန်းမနဲ့  ကျုပ် ရန်ဖြစ်ထားတယ်။ သူက ကျုပ်ကို ၃၁-ရက်တိတိ စကားမပြောဘူးလို့ ပြောထားတယ်။

မန်နေဂျာ။  သြော်-ခင်ဗျားကြေကွဲနေတာပေါ့လေ။

ကိုပေါ်လာ။  အရင်က မကြေကွဲပါဘူး အခုမှ့  အေ့--။

မန်နေဂျာ။  ဘာဖြစ်လို့ တုန်း။

ကိုပေါ်လာ။  ဒီည ကျုပ်မိန်းမနဲ့ စကားမပြောတာ ၃၁ ရက် တင်းတင်းပြည့်ပြီ။ မနက်ဖန်ဆို ဒင်းအသံ ပြန်ကြားရတော့မယ်လေ့  အေ့။ တောက့့်    ။နှစ်ပက်ထပ်ပေးဦး။

 

The Voice  6-13

၃/၂/၂၀၁၀

 
 

ရသ ၀တ္တုတို(၂၅)

ကိုကိုရယ်…… တိုတိုပဲ ကောင်းပါတယ် …၀င်းလတ်


 

ကိုကို= ဟယ်လို အမေလား....
မေမေ= အေးဟုတ်တယ်..သားလား..ပြောလေ..မြန်မြန်ပြော
ကိုကို= သားပိုက်ဆံပို့လိုက်တာရောက်ပြီလား။
မေမေ= အေး..ရောက်ပြီသား။နေကောင်းလား။ဒါပဲနော်....။
ဂွပ်
………………………………………………….
ကိုကို= ဟယ်လို အဖေလား
ဖေဖေ= အေး....
ကိုကို= ဖေဖေနေကောင်းလား..
ဖေဖေ= အေး....
ကိုကို=မမတို့...ကိုလေးတို့ရော..နေကောင်းကြလား..သားသတိရနေတာ။ပြန်လာ ချင်နေပြီ ဒီမှာ အလုပ်ပင်ပန်းတယ်
အဖေရာ......
ဖေဖေ= ဟေ့ကောင်။ဒါပဲလား။
ဂွပ်
………………………….
ကိုကို= ဟယ်လို..အသဲလေးလား
အသဲလေး= ဟုတ်
ကိုကို= အသဲလေးရယ်..ကိုကိုလေ..အရမ်းသတိရတာပဲ..
အသဲလေး= ဟုတ်
ကိုကို= အသဲလေးရယ်..ကိုကို့..မမေ့နဲ့နော်..အမြဲသတိရနေနော်..
အသဲလေး= ဟုတ်
ကိုကို= အသဲလေးဆီကို ကိုကိုနေ့တိုင်း ဖုန်းဆက်နေတာ..မရဘူး..စိတ်ညစ်လာပြီ
အသဲလေး= ဟုတ်
ကိုကို=အသဲလေး..ဘာဖြစ်နေတာလဲ..တဟုတ်ဟုတ်နဲ့..စကားလေးဘာလေး ပြန်ပြောပါဦး။ကိုကိုက အသဲလေး အသံ
ကြားချင်လို့ပါ.....
အသဲလေး.........စကားတစ်ခွန်း ပြန်ပြောဖို့ အားယူလိုက်တယ် ............
အသဲလေး= ကိုကိုရယ်..တိုတိုပဲကောင်းပါတယ်။တစ်မိနစ် ၅၀
ဂွပ်
ရေးသားသူ………၀င်းလတ်
 

၁၇/၁၁/၂၀၀၉

 
 

ရသ ၀တ္တုတို(၂၄)

တသက်တာ ဆူး ---လူဗိုလ်


(၁)

၎ - တန်း အောင်လက်မှတ် လာထုတ်လျှင်
ကွမ်းသီးအလုံး (၄၀) ယူခဲ့ကြပါ။

ပုံ
ကျောင်းအုပ်ကြီး



ကျောင်းရှေ့ကြေငြာသင်ပုန်းမှ ထိုစာသည် မိမိနှလုံးအိမ်အတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့၏။ ထိုစာတွင် အဓိပÜါယ်များစွာ ပါဝင်နေသည်ဟုလည်း မြင်၏။ ဆိုလိုသည်မှာ မြို့ကျောင်းများတွင် ဤကဲ့သို့အရေးအသားမျိုးကို ထင် ထင်ပေါ်ပေါ်ရေးကြလိမ့် မည်မဟုတ်။ ရေးရဲကြလိမ့်မည်လည်းမဟုတ်။ ယခုရေးသားထားပုံနှင့် အများမြင်သာအောင် ဖေါ်ပြထားပုံမှာ စိတ်ဝင်စားစရာ။

မိမိတို့တွင် အလေ့အထတခုရှိ၏။ စစ်ကြောင်းရွာထဲဝင်ပြီဆိုသည်နှင့် ကျောင်း၊ ကျောင်းဆရာနှင့် ကျောင်း သားများမှာ မိမိတို့၏ ရင်းနှီးရာ မိတ်ဆွေအရင်းအချာများ။ လည်ပတ်ရာ၊ ရင်ချင်းဆက်ရာများ။ မိမိတို့က ကျောင်းသား တပ်မတော်ဖြစ်နေသည်ကိုး။

ယခုလည်း ကေကောရွာသို့ရောက်သည်နှင့် RC ဘုရားကျောင်းအနီးက စာသင်ကျောင်းကလေးမှာ မိမိတို့ကို ကြိုဆိုနေပြန်ပါပြီ။ ကျောင်းပိတ်ထားချိန်ဖြစ်သဖြင့် ကျောင်းရှေ့ဝရန်တာတွင် မိမိတို့ဝင်ထိုင်လိုက်ကြသည်။ ရွာဘက် သို့လှမ်းကြည့်လိုက်စဉ် ကျောင်းရှေ့ဘောလုံးကွင်းနှင့် ရွာလေး၏ အနိမ့်အမြင့်အနေအထားကြောင့် အိမ်ခေါင်မိုးများ အဆင့်ဆင့် ဆက်စပ်တည်ရှိနေ ပုံမြင်ကွင်းမှာ ပန်းချီကားတချပ်ကို မြင်လိုက်ရသည့်အလား။



(၂)


မိမိတို့စစ်ကြောင်းမှာ ထိုင်းမြန်မာနယ်စပ်မှ ကရင်ပြည်နယ်၊ တပ်မဟာ(၂)နယ်မြေသို့သွားမည့်ခရီးစဉ်။ သို့ သော် ဖြတ်သန်းရာ လမ်းကြောင်းမှာ ကရင်နီနယ်မြေဖြစ်နေ၍ KNPP စစ်ကြောင်းနှင့်ပူးပေါင်းလာရသည်။ ခရီးစဉ်တ လျှောက်ရှိ ကရင်နီပြည် ဒေသ ခံ တိုင်းရင်းသားအသီးသီး၏ ဘ၀များကိုတွေ့မြင်ရသည်မှာ မိမိတို့အတွက် အသစ်အ ဆန်းချည်းသာ။

ရွာများကို တောင်ကုန်းအပေါ်တွင်သာ တည်ထားလေ့ရှိသဖြင့် ရေရှိရာအရပ်နှင့်မနီးခြင်း။ ရွာရှိအိမ်များမှာ တအိမ်လုံးတံခါး ပေါက် တပေါက်သာရှိ၍ အလုံပိတ်ဖြစ်သည့် အလင်းအားနည်းနည်းတည်ဆောက်မှုဖြစ်နေခြင်း။ ရွာများတွင် အိမ်သာဟု သတ် သတ်မှတ်မှတ်မထားကြပဲ ရွာအပြင်တွင်သာသွားကြ၍ ရွာမရောက်မီအဝေးကပင် အနံ့ အသက်များက ကြိုဆိုနေခြင်း။ အိုးခွက် ပန်းကန်များမှာ ဆေးကြောသည့်အလေ့အထ အားနည်းခြင်းကြောင့် ညစ်ပေ နေခြင်းနှင့် အချို့ရွာများတွင် ပန်းကန်၊ ဒေါင်း လန်းပုံစံ ခြေထောက်ပါသော ဗန်းကြီးများတွင် ထည့်စားကြ၍၊ လူစားပြီး ခွေးများကို ထိုပန်းကန်၊ ဗန်းများဖြင့်ပင် ပေးစားလေ့ ရှိခြင်းများမှာ မိမိတို့အတွက် သတိမူမိစရာများဖြစ်နေသည်။ ခြုံပြောရလျှင် လူနေမှုအဆင့်အတန်းမြင့်မားမှုကို မျက်ကွယ်ပြု ထားရလောက်အောင် ဘ၀ကြမ်းကြမ်းများကို ဖြတ် သန်းနေကြရသည့် ပကတိအခြေအနေများပင်။

ခရီးစဉ်တလျှောက် အဖြစ်အပျက်များတွင် ရင်ထဲစွဲလောက်အောင် အမှတ်တရလေးတွေလည်းရှိ၏။ တခုက နယ်စပ်နှင့် သံလွင် မြစ်ကြားမှအဖြစ်အပျက်။ ရွာတရွာüစခန်းချထားစဉ်။ မိမိနှင့်တအိမ်ထဲအတူတည်းသော ကိုမင်းဝေ တယောက် မနက်စောစော အိမ်ပေါ်သို့ အူယားဖားယားပြေးတက်လာပြီး … ။

“ကိုလူဗိုလ်ရေ ပွဲပဲဗျို့။ ကျနော်ဗျာ ၀မ်းတအားသွားချင်လို့ အိမ်သာလိုက်ရှာတာ၊ ဘယ်နားမှာမှမတွေ့လို့ ရွာ ပြင်ကိုထွက်လိုက်ရ တယ်ဗျာ။ မလင်းတလင်းမို့ ကြောက်စိတ်ဝင်နေရတဲ့အထဲ၊ နောက်ဖက်က အသံကြားလို့ လှည့် ကြည့်လိုက်တော့ … ဘာပြော ကောင်းမလဲ၊ ၀က်တအုပ်လေ ကျနော့်နောက်မှာဝိုင်းနေကြတယ်။ ၀က်တွေကလည်း ရဲလိုက်ကြတာဗျာ။ လူကိုဝင်ဆွဲမတတ် အနားထိကိုကပ်လာတာ။ ဆက်မနေရဲတော့လို့ကို ပြေးခဲ့ရတာဗျို့။”

ဟုတ်ပါသည်။ ဒီအဖြစ်မျိုးကို ခရီးစဉ်တလျှောက်လုံး တယောက်မဟုတ်တယောက် ကြုံခဲ့ကြရသည်။ လေ့လာရေးမျက်လုံးဖြင့် စူးစမ်းကြည့်မိမှ သိလိုက်ရသည်က ဤဒေသတွင် ၀က်များကို မွေးကြသော်လည်း အစာကျွေး ရိုးထုံးစံမရှိ။ ၀က်များမှာသင့်တော်ရာ စားသောက်ကြရင်းဖြင့် အသက်ရှင်နေကြရပုံပေါ်သည်။ ကိုမင်းဝေလိုအဖြစ်မျိုးမှာ ၀က်များအတွက် အစာ လာကျွေးသည့် အနေအထားဖြစ်နေသဖြင့် အလုအယက်ဝိုင်းအုံလာကြခြင်းသာ။ ၀က်များ၏ ပုံသဏ္ဍာန်မှာလည်း မြို့ဝက် များနှင့်လည်းမတူ၊ တောဝက်များနှင့်လည်းမတူ၊ ခန¨ာကိုယ်များမှာ ခွေးများကဲ့သို့ ပိန်ပိန်ပါး ပါးလေး။

နောက်ထပ်အဖြစ်တခုကတော့ ပထမအဖြစ်အပျက်၏အဆက်ဟုပင်ဆိုရမလိုလို။ မိမိတို့တွင် ဆေးဝါးများပိုပို လျှံလျှံပါလာ၏။ သို့အတွက် ရွာများကိုရောက်တိုင်း ကျန်းမာရေးပညာပေးစကားများပြောရင်း ရွာရှိလူနာများကို ဆေး ကုပေးလေ့ရှိသည်။ ဒီလိုနှင့်ရွာတရွာအရောက် ပုံမှန်အတိုင်းလုပ်ရိုးလုပ်စဉ်များကိုစကြပါသည်။ ကျန်းမာရေးပညာ ပေးစကားများပြောအပြီး၊ မြို့ ရောက်ဖူး၍ ဗမာရည်လည်သောရွာသားတဦးမှ ထရပ်ကာ … ။

“ကျနော်တို့ရွာတွေမှာ အိမ်သာမရှိတာမှန်ပါတယ်။ ဒါပေမယ့် အခုနပြောသလို ရောဂါရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လည်းဆိုရင် မြို့မှာအိမ်သာတွေ အိမ်တိုင်းရှိကြပေမယ့် ဆေးရုံမှာ လူနာတွေအပြည့်ပဲလေ။ ကျနော်တို့ရွာမှာရှိတဲ့လူနာက နဲနဲလေး”

“နောက်တခုက မြို့မှာအိမ်သာတွေရှိပေမယ့် လူတင်မကဘူး၊ ၀က်နာ၊ ကြက်နာ၊ ခွေးနာတွေပါဖြစ်ကြတယ် ကျနော်တို့ဆီမှာ တခါမှ ဒီလိုမဖြစ်ဖူးဘူး”

ကျနော်တို့အားလုံး ပြန်ရှင်းပြဖို့ပင် ဆွံ့အခဲ့ကြရသည်။ အသေးစိတ်ပြန်ရှင်းပြဖို့လိုသော်လည်း အချိန်ကိုငဲ့ ကွက်၍ မရှင်းပြဖြစ် ခဲ့။ သို့သော် ထိုအဖြစ်အပျက်နှင့် ထိုလူ၏စကာများမှာကား၊ မိမိတို့နှင့်အတူ ပါလာနိုင်လောက် အောင်ကို အမှတ်တရ။



(၃)
 

“ကျောင်းအုပ်ကြီးအိမ်ဘယ်နားမှာလဲဗျ”

“ဒီလမ်းလေးအတိုင်းဆင်းသွား။ ရေခပ်ဆိပ်ဘေးနားက ခြေတံရှည်ရှည်နဲ့အိမ်က ဆရာကြီးအိမ်ပဲ”

ရွာသားများ၏ အဆင့်ဆင့်လမ်းညွန်မှုများအရ ကျောင်းအုပ်ကြီးအိမ်သို့ မိမိတို့ရောက်ခဲ့ကြသည်။ အပြန် အလှန် မိတ်ဆက်ကြ ပြီး စကားလက်ဆုံကျမိရာမှ ဆရာကြီးနှင့်မိမိတို့ တသားတည်းဖြစ်သွား၏။ ဘာသာစကား တ ထပ်တည်းဖြစ်နေခြင်းကြောင့်ဟု ဆိုရမည်ထင်သည်။

“နှစ်တိုင်းတော့ ဆရာ၊ ဆရာမတွေ (၂)ယောက်၊ (၂)ယောက် ရောက်လာကြတာပါပဲ။ ဒါပေမယ့် သိပ်မကြာ ပါဘူး။ အမေဘာ ဖြစ်လို့၊ အဖေဘာဖြစ်လို့နဲ့ အကြောင်းပြပြီး ပြန်ပြန်သွားကြတာ ဒီမှာတော့ ထုံးစံလိုဖြစ်နေပါပြီ။ ဒီရွာမှာက အစားအသောက်၊ အနေအထိုင်က အစစဆင်းရဲတယ်မဟုတ်လား။ နောက်ဆုံးတော့ ကျနော်တယောက် တည်းပဲ ကျောင်းတကျောင်းလုံးကို တာဝန်ယူရပြန်တာပေါ့။”

“ကျနော်လည်း နိုင်သလောက်တော့ တာဝန်ကျေအောင်ကြိုးစားပါတယ်ဗျာ။ ဒါပေမယ့် တယောက်တည်းနဲ့ တကျောင်းလုံးကို ဘယ်လိုမှ နိုင်နိုင်နင်းနင်းမသင်နိုင်ဘူးလေ။ အခုလို အသက်အရွယ်လည်းရ၊ သားသမီးတွေလည်း များလာတော့ ပိုဆိုးတာပေါ့”

“ရွာကလူကြီးတွေနဲ့ father ဆီမှာ ကျနော် ခဏခဏတောင်းထွက်ခဲ့ဖူးပါတယ်။ အားလုံးက ၀ိုင်းပြီးတောင်း ပန်ကြတော့လည်း အားနာရပြန်ရော။ ကျနော်ကိုယ်တိုင်ကလည်း ၀ါသနာကရှိတော့ ပိုဆိုးတာပေါ့။ မထွက်ရက်ဘူး ဗျာ။ ငါမရှိရင် ကျောင်းရှိတော့ ပါ့မလားလို့ တွေးပူနေရင်းက အခုဆို ကျောင်းဆရာသက်တမ်း အနှစ် (၂၀)ကျော်ပြီ”

ဆရာကြီးတပည့်များတွင်တချို့မှာ ဘွဲ့ရများပင်ရှိနေကြပြီ၊ အထက်တန်းအဆင့်လောက် တပည့်များမှာ လည်း အများအပြား။ တချို့မှာ မြို့ပေါ်ရောက်ကုန်၍ တချို့မှာ ဒီရွာထဲတွင်ပင် ရှိနေကြသည်။ သို့သော် ကျောင်းဆရာ အလုပ်ကိုကား မည်သူမျှ စိတ်ဝင်စားမှုမရှိကြဟုလည်း သိရ၏။

ဟုတ်တော့လည်း အဟုတ်သား။ ဒီလိုဒေသမျိုးတွင် ကျောင်းဆရာရှိဖို့လိုသည်ကို အားလုံးလိုလိုက လက်ခံ ထားကြသော်လည်း ကျောင်းဆရာအလုပ်မှာကား အပင်ပန်းဆုံးနှင့် ၀င်ငွေအနည်းဆုံးမို့ လုပ်မည့်သူမရှိ။ ပညာ အသင့် အတင့်တတ်လာလျှင်ပင် အရပ်ဆေးဆရာ၊ အရောင်းအ၀ယ်သမားနှင့် ဈေးဆိုင်ထောင်ခြင်းတို့လောက်သာ စိတ်ဝင် စားကြသည်။ ယင်းအလုပ်များက ၀င်ငွေကောင်းကြသည်ကိုး။



(၄)
 

ဆရာကြီးဦးစောထူးမှာ ကရင်ပီသစွာ ရိုးသားပွင့်လင်း၏။ ကျောင်းအုပ်ကြီးဆိုသော်လည့်း ထည်ထည်ဝါ၀ါမရှိ။ မာနဟူ၍မတွေ့ရ။ မိသားစု (၇)ယောက် တာဝန်ကို အောက်ခြေအလုပ်များမှစ၍ တာဝန်ကျေသူလည်းဖြစ်သည်။ မိမိ တို့နှင့် စကားပြောနေရင်းနှင့်ပင် ၀က်စာကျွေးခြင်းကိစ္စ၊ ကလေးထိန်းခြင်းကိစ္စများကို လုပ်ကိုင်နေသည့်အပြင် ပလိုင်း တလုံးကိုပင် ရက်နေသေး၏။ အိမ်အောက်တွင် လုပ်စရာရှိသည်များကို ဆင်းလုပ်လိုက်၊ စကားပြန်ပြောလိုက်၊ ပလိုင်း ရက်လိုက်၊ နှီးဖြာ လိုက်၊ ဆေးတံမီးညှိလိုက်၊ ဖွာလိုက်။

ဆရာကြီးကိုကြည့်ရသည်မှာ ကွမ်းကိုလည်း အလွန်ကြိုက်ပုံရသည်။ သူ့သွားများမှာ စစ်စီးရောင်တင်ထား သည့်အလား။ ပါးစပ်ထဲတွင်လည်း ကွမ်းကမပြတ်။ ထို့ကြောင့်ပင် အောင်လက်မှတ်အတွက် ကွမ်းသီးအလုံး(၄၀) ဟု ရေးထားခြင်းဖြစ်မည်။

 



“ကျနော်လည်း ဒီရွာက ကလေးတွေအတွက် တာဝန်ကျေချင်လို့၊ ၀ါသနာပါလွန်းလို့သာ စာသင်နေရတာပါ။ မိသားစုများလာလေလေ ရပ်တည်ရခက်လေလေပါပဲ။ ကျောင်းဆရာအလုပ်က အချိန်ပြည့်ဆိုတော့ တောင်ယာလည်း မခုတ် နိုင်၊ ခြံလည်းမလုပ်နိုင်။ ရွာကကျောင်းသားမိဘတွေ ၀ိုင်းကြည့်ကြလို့သာ ခံသာတာပေါ့။ ကျနော့်ကျောင်းဆရာ လစာက ဒီမောဆိုးမှာ ကျောင်းသွားတက်နေတဲ့ ကျနော့်သားရဲ့ ကျောင်းစရိတ်ဖိုးတောင် မရှိပါဘူးဗျာ။ ကျနော့်သား ကြီးနဲ့ သမီးတ ယောက်ကလည်း လွိုင်ကော်မှာ ကျောင်းသွားတက်နေတယ်လေ။ သူတို့အတွက်တော့ ဘာသာရေး (ဘုန်းတော်ကြီး)က တာဝန်ယူထားလို့ တော်သေးတယ်”

ဆရာကြီးက ကျနော်တို့သွားလည်တိုင်း ခေါင်ရည်နှင့်ဧည့်ခံလေ့ရှိ၏။ ၀ါးဗူးထဲတွင် ပြောင်းကောက်များကို ထည့်၍ မည်သို့ပြု လုပ်ထားသည်မသိ။ သောက်ခါနီးမှ ရေနွေးလောင်းထည့်၍ ပိုက်ဖြင့်စုပ်သောက်ရသော ခေါင်ရည် မျိုးဖြစ်သည်။ ခေါင်တဗူး ထဲကို တယောက်တလှည့် အလှည့်ကျ စုပ်သောက်ကြလေ့ရှိသည်။ ရေခမ်းသွားလျှင် ရေနွေး ပြန်ထည့်၍ သောက်နိုင် သည်။ အရသာက တော်တော်နှင့်မပျယ်သွား။ သောက်၍ အတော်ကောင်းသည်။ ကျနော် ဆိုလျှင် ရေနွေးတခါထည့်ခေါင်ရည် တအိုးတည်းနှင့်ပင် ခေါင်းထဲ ရီဝေေ၀။

“ကျနော်လည်း ကလေးတွေကို စာသင်ရတာ အားမရပါဘူးဗျာ။ ကလေးတွေလည်း ကောင်းကောင်းရသွား ကြမယ်မထင်ဘူး။ တယောက်ထဲ ဟိုအတန်းပြေးသင်လိုက်၊ ဒီအတန်းပြေးသင်လိုက်နဲ့ဆိုတော့။ ကျနော့်အတွေ့အကြုံ အရ တော်တဲ့ကျောင်းသား အကြီးတွေရဲ့ အကူအညီကို သင်ကြားရေးမှာထည့်သုံးထားလို့ သက်သာတာ။ အတန်း အလိုက် မော်နီတာထားပြီး ထိမ်းခိုင်း တာတို့၊ စာခေါ်ခိုင်းတာတို့လည်းပါတာပေါ့ဗျာ။ စာစစ်ပြီဆိုရင်လည်း ကျနော်ကိုယ် တိုင်မစစ်နိုင်တော့ဘူးလေ။ ကျောင်းသားအချင်းချင်းပဲ အပြန်အလှန် စစ်ခိုင်းလိုက်ရတယ်။ ဒါက ပိုပြီးထိရောက် တယ်ဗျ။ ကိုယ်တိုင်လည်းရေးရ၊ စစ်လည်း စစ်ရတော့ ကလေးတွေ အလေ့အကျင့်ပိုရသွားကြတာပေါ့။ ကျနော်က ပုံစံကျလာအောင်၊ ပြီးစလွယ်မဖြစ်အောင်၊ မလုပ်ပဲ မနေ ရအောင်လောက်ပဲ ထိမ်းပေးရတယ်လေ”

ကျနော်တို့ကို ရင်ဖွင့်လိုက်ရခြင်းက ဆရာကြီးအတွက် အာဟာရဖြစ်နေပုံပေါ်သည်။ ဆရာကြီးကတော်၏ အပြောအရ ကျနော် တို့နဲ့ စကားပြောဖြစ်မှ ခေါင်ရည်နှင့်ကွမ်းစားနှုန်း ခါတိုင်းထက် ကျသွားကြောင်းသိရသည်။

“တခါတခါလည်း ကျနော်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ကျနော့်ကျောင်းက ကလေးတွေ မြို့ကျောင်းတွေမှာ သွားတက်ရင် ပထမစစချင်း တနှစ်မှာ စာမေးပွဲကျကြတာများတယ်ဗျ။ ကျနော်တယောက်တည်း မနိုင်မနင်းသင်လိုက် ရတာအပြင်၊ ဒီမှာက စာသင်ရင် ဒေသခံစကားနဲ့ပဲရှင်းပြရတော့ မြို့ရောက်ရင် ဒုက္ခရောက်ကြတာပေါ့။ ဒီရွာမှာက ကေကောစကားနဲ့ပဲ ပြောကြတာ။ ကလေးတွေက ဗမာစကားမတတ်ကြဘူးလေ”

ကျနော့်မှာ ဆရာကြီး၏ခံစားချက်တွေကို တနင့်တပိုးရလိုက်သည်။ ဆရာကြီးအပေါ်လည်း စာနာသွားမိ၏။ ကျောင်းသားလေး တွေအတွက်လည်း စိတ်မကောင်း။ သူတို့က သူတို့ရွာမှာ စာတော်နိုင်ကြသော်လည်း မြို့ကျောင်း ရောက်သည် နှင့် ဘာသာ စကားအခက်အခဲကြောင့် စာမလိုက်နိုင်ဖြစ်ကြရသည့်အတွက်…။ မည်သို့သော နည်းများဖြင့် ဖြေရှင်းရမည်ကို မိမိ တွေးမဆုံး နိုင်အောင်ဖြစ်နေမိ၏။

“ဆရာကြီးရယ် ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရရင်ကောင်းမလဲဗျာ။”

ဒီကိစ္စက ကျနော့်အတွက် စိတ်ပင်ပန်းလွမ်းအားကြီး၍ မေးလိုက်မိသည်။

“ကျနော်လည်း ဒီကိစ္စကို အမြဲတမ်းတွေးနေတာပါပဲ။ ဒီလိုဗျ။ ဟိုတနေ့ကပြောသလို မြို့ကဆရာ၊ ဆရာမ တွေရောက်လာကြ တယ်။ ရောက်စတော့ ဒီရွာကစကားကိုမတတ်ကြဘူး။ အနေကြာတော့ တတ်လာကြပြီး၊ ဒီရွာက စကားနဲ့ပဲပြော၊ ဒီရွာကစကား နဲ့ပဲသင်လာကြတယ်လေ။ ဆရာတွေကပဲ ဒီရွာကစကားကို တတ်တတ်သွားကြပြီး ကလေးတွေက ဗမာလိုမတတ်ကြတော့ဘူး၊ အရင်လိုဒုံရင်းပဲ။”

“အဲဒီတော့ ဒီရွာကစကားကို မသင်ပဲ၊ မပြောပဲ တောင့်ခံနိုင်မယ့်၊ ဗမာ့စကားနဲ့ပဲသင်ပေးမယ့် ကျောင်းဆရာ တွေရှိလာရင်၊ အခု ကျနော့်ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲကို တစုံတရာဖြေရှင်းပေးနိုင်မယ်လို့ ယုံတယ်ဗျာ။အနည်းဆုံး၊ အထောက် အပံ့တော့ ရနိုင်မယ်လေ။ ခုက ကျနော်ကိုယ်တိုင် ကရင်ဖြစ်ပေမယ့် ကေကော စကားနဲ့ပဲ စာသင်ပေးနေရတာ။ ကျနော်လည်း ဗမာလို သိပ်မတတ်ဘူး။ ကလေးတွေက မြန်မာစာကိုတောင် ကြက်တူး ရွေးလို အလွတ်ကျက်နေရတာလေ။ အဓိပ္ပါယ် နား လည်ကြတာမဟုတ်ဘူး။”

ဆရာကြီးလည်း စကားပြောရတာ အတော်မောသွားပုံပေါက်၏။ ခေါင်ဗူးထဲကို ရေနွေးအသစ်ဖြည့်ကာ အားရ ပါးရ စုပ်သောက် နပါတော့သည်။ သူတခါတခါသောက်သည်မှာ ကျနော်တို့ ၃ ၊ ၄ ခါ စုပ်လောက်နှင့် ညီမျှနိုင်သည်။ ရုတ်တရက် စုပ်သောက် နေရာက ခေါင်းထောင်လာကာ …

“ခင်ဗျားတို့ အဖွဲ့ထဲမှာ ကျောင်းဆရာဝါသနာပါတဲ့လူ မရှိဘူးလားဗျာ။ ကျနော်တို့ရွာအတွက်၊ ကျနော်တို့ ကလေးတွေအတွက် ကူညီပေးကြပါလား။ ခင်ဗျားတို့လို ပညာတတ်တွေသာ ကျောင်းဆရာအလုပ်ကို ၀ါသနာပါပြီး လုပ်ကြရင် သိပ်ကောင်းမှာပဲ။”

အခြားသူများတော့မသိ။ ကျနော်တော့ ဆရာကြီး၏စကားကြောင့် ခေါင်ရည်အမူးလေးပင် ပြေသွား၏။ ဆရာ ကြီး၏ အမေးကို မည်သို့ဖြေရမည်ကိုပင် စဉ်းစားမရ … ။



(၅)
 


“ကျနော်ဒီရွာမှာ နေခဲ့တော့မယ် ကိုသန်းကျော်ဌေး။ ကျနော်ကျောင်းဆရာလုပ်တော့မယ်။”

ကိုသန်းကျော်ဌေးမှာ ကျနော်တို့အဖွဲ့၏ခေါင်းဆောင်။ ကျန်းမာရေး၊ ပညာရေးနှင့် ပရဟိတစိတ်ရှိသူလည်းဖြစ် သည်။ ကျနော်စကားအပေါ် သူနားလည်နိုင်မည်ဟုယူဆ၍ လိုရင်းကိုဒဲ့ပြောလိုက်သည်။

“ဒီအလုပ်က ကောင်းတဲ့အလုပ်ပဲ ကိုလူဗိုလ်ရယ်။ နောက်ပြီး ဆရာကြီးပြောပြချက်အရဆိုရင် ဒီရွာအတွက် တကယ့်လိုအပ်ချက် လည်း ဖြစ်နေတာပဲဗျာ။ ခင်ဗျားခံနိုင်ရည်ရှိဖို့နဲ့ သေချာဖို့ပဲလိုတာ။ ကျန်တဲ့ကိစ္စအားလုံး ကျနော် တာဝန်ယူတယ်။ လေးစားပါတယ် ရဲဘော်။”

ကျနော်တို့စစ်ကြောင်းကြီး ခရီးဆက်ကြပါပြီ။ ကျနော်တယောက်တည်းသာ ရွာမှာကျန်ရစ်ခဲ့၏။ သို့ပေမယ့် အားငယ်စရာမရှိ။ ဖာသာလူးဝီစ်၊ ကျောင်းအုပ်ကြီးနှင့် ရွာသူရွာသားအားလုံးက ကျနော်ကို ၀ိုင်းရံပေးသွားနိုင်မယ်လို့ ယုံကြည်သည်။ အထူးသဖြင့် လိုအပ်ချက်ကွက်လပ်တခုကို မိမိရရဖြည့်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မိ၍ လည်း ဖြစ်သည်။

ကျောင်းပြန်မဖွင့်သေးပေမယ့် ကျောင်းလေးကိုနေ့တိုင်းလိုလို ကျနော်ရောက်၏။ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ် ရန်ရည်ရွယ်၍။ ဒီရွာကိုရောက်စ၊ ဒီကျောင်းရှေ့မှာ ကျနော်တို့ရဲဘော်တွေ ထိုင်ခဲ့ကြတာကို ပြန်မြင် ယောင် မိသေးသည်။

အင်း … အဲဒီတုန်းက ဒီကြေငြာသင်ပုန်းကစာဟာ ကျနော့်ကျောင်းဆရာဘ၀ဖြစ်တည်မှုကို အစပြုစေလိမ့် မယ်လို့ မထင်ခဲ့မိ တာ အမှန် … ။ ။

၂၂ နှစ်ပြည့် ABSDF မွေးနေ့အမှတ်တရ

၁/၁၁/၂၀၀၉

 
 

ရသ ၀တ္တုတို(၂၃)

ပန်းကလေးနှင့် ပန်းကလေးချစ်သူ ---လူဗိုလ်


(၁)


ရောင်နီဦးဆိုတဲ့ ABSDF ကဖွင့်တဲ့ကျောင်းလေးမှာ ကျောင်းဆရာအဖြစ်ဈာန်ဝင်စားနေစဉ်မှာပဲ ကံအကြောင်း ဖန်လာတယ်လို့ ပြောရမှာပဲလေ။ ၂၀၀၃ ခုနှစ် ကာလက နိုင်ငံရေးမိုးလေ၀သ ထူးခြားချက်တွေအရ နယ်စပ်အတိုက် အခံအဖွဲ့အစည်းတွေမှာ ရွေးချယ်ရမယ့်လမ်းကြောင်း (၃) ခုပေါ်လာတာပေါ့။ ထိုင်းနိုင်ငံအပါအ၀င် တတိယနိုင်ငံတွေ မှာ အခြေချရေး၊ တိုင်းရင်းသား အဖွဲ့အစည်းတွေမှာ အသွင်ပြောင်းရပ်တည်ရေးနှင့် ပြည်တွင်းပြန်ရေးဆိုတာ တွေပေါ့။ ကျနော်လည်း ခေါင်းစားရပြီ။

 

 ပြည်တွင်းပြန်ရေးကိုတော့ ပယ်ပြီးသား။ ပြည်သူ့အကျိုးကြည့်မယ့် အစိုးရမပေါ် သရွေ့ လုံးဝမပြန်။ ဒါက ပြတ်သားပြီးသား။ မပြတ်သားတာက ကျန်တဲ့ (၂)ခုမှာ။ တတိယနိုင်ငံလည်း မထွက်ချင်ဘူး။ထွက်မယ်ဆို ၁၉၉၅ မာနယ်ပလောကျအပြီး ထွက်ကြ တဲ့အထဲ ပါသွားပြီပေါ့။ နောက်… တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အတူ အသွင်ပြောင်းပြီး ရပ်တည်ဖို့။ ဒါကလည်း ပြီးခဲ့တဲ့ကာ လဖြတ်သန်းမှုတွေနဲ့ ထူးမခြားနားပါပဲ။ အလံ၊ ဘက်တံ ဆိပ်လောက်ပဲကွာမှာပါ။ စိတ်ဓါတ်နဲ့ယုံကြည်မှုက အဓိကမို့ ပြဿနာလို့ မမြင်ပါဘူး။
ပြဿနာလို့မြင်မိတာက မိသားစုကိစ္စ။ ကျနော့်မှာ အိမ်ထောင်နဲ့ ကလေး(၂) ယောက်တောင်ရှိနေပြီ။ အရင် ကလို တစ်ယောက် တည်းမဟုတ်တော့။ ကျနော့်အမျိုးသမီးကလည်း မလည်မ၀ယ်။ သားနဲ့သမီးတွေအတွက် ထည့် စဉ်းစားရတာပေါ့။ “တွေဝေသွားပြီ” “ကြောက်တတ်သွားပြီ”လို့ သတ်မှတ်ရင်လည်း မတတ်နိုင်။ ကြားတခုကို ရွေး လိုက်မိတယ်။ ထိုင်းနိုင်ငံမှာ အခြေချရေး … ။

 


ကျနော်တို့ DYA (ဒီမိုကရက်တစ်လူငယ်များတပ်မတော်) ဘ၀က ကျနော်တို့ရဲ့ ဒုတပ်ရင်းမှူး၊ ကျနော်တို့ရဲ့ ခေါင်းဆောင် ဦးအောင်ထူးက အခု BLC (မြန်မာနိုင်ငံ ရှေ့နေများကောင်စီ) မှာ အတွင်းရေးမှူး။ သူ့ဆီမှာလှမ်း အကူ အညီတောင်းကြည့် တယ်။ တကယ့် တော်လှန်ရေးခေါင်းဆောင်ဆိုတာက ရဲဘော်တွေအပေါ် အမြဲတမ်းတာဝန်ရှိနေရ တာ မဟုတ်လား။ အပြည့်အ၀မဟုတ်တောင် တစိတ်တပိုင်းတော့ တာဝန်ယူတတ်ရမယ်လေ။ အာဏာရှင်ကြီးလို့ သတ်မှတ်ထားတဲ့ ဦးနေ၀င်း တောင်မှ သူ့တော်လှန်ရေးရဲဘော်တွေအပေါ် တာဝန်ယူတတ်သေးတာပဲ။
ဒီလိုနဲ့ BLC မှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်ကြုံလာတယ်လို့ပြောရတော့မှာပေါ့။ ခက်တာက ကျနော်က တရားရုံးတို့၊ ရှေ့နေတို့ ဆိုတာကို ကြောက်တတ်သူ။ ဥပဒေနဲ့ပတ်သက်လို့ ဘာအတွေ့အကြုံ၊ ဘာလေ့လာမှု၊ ဘာနီးစပ် မှုမှလည်း ရှိခဲ့တာမဟုတ်။ ဒါကို BLC တာဝန်ရှိသူများကတော့ သိကြပါတယ်။ သူတို့မှာ အဖွဲ့ဝင်တွေ၊ ၀န်ထမ်းတွေ အရည်အသွေးမြင့်တင်ဖို့အတွက် အစီအမံ တွေကအပြည့်။ သိပ်မကြာပါဘူး။ ၂၀၀၄ ကုန်ခါနီးမှာပဲ BLC ရဲ့ ၃ - လတာ သင်တန်းတခုကိုတက်ခွင့်ရလိုက်တယ်။


(၂)


တကယ်က “ရေငတ်တုန်း ရေတွင်းထဲကျ” ဆိုသလိုဖြစ်သွားတာဗျ။ ကျနော်သိချင်၊ လေ့လာချင်တာတွေက ဒီသင်တန်းမှာ သင်ပေးနေတာတွေ။ ဘာသာခွဲတွေအနေနဲ့(လူ့အခွင့်အရေး) Human Rights, (တရား ဥပဒေစိုးမိုးရေး) The Rule of Law, (လူထုအဓိက လူ့အဖွဲ့အစည်း) Civil Society, (ဒီမိုကရေစီ) Democracy, (ဖက်ဒရယ်) Federal, (ဖွဲ့စည်းပုံအခြေခံဥပဒေ) Constitution, (မျှတသောတရားခွင်) Fair Trail, (အသွင်ကူးပြောင်းရေးကာလနှင့် အမှန် တရား) Transitional Justice, (မီဒီယာ) Media, (လွတ်လပ်သောတရားစီရင်ရေး) Independence Judiciary … ဆိုတာတွေပေါ့။ ဘာသာရပ်အားလုံးကတော့ လူ့အဖွဲ့အစည်းကို စနစ်တကျတည်ဆောက်နိုင်ဖို့အတွက်၊ အထူးသဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်းတရပ်ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရပ်တွေပါပဲ။ အဲဒီအထဲမှာ ကျနော့် စိတ်နဲ့ အတွေ့ဆုံးဘာသာကတော့ Civil Society ပါပဲဗျာ။
ဆရာဦးအောင်ထူးက သင်တန်းရဲ့ ညဖက်အချိန်တွေကိုယူပြီး ကျနော်တို့ကိုမောင်းလေ့ရှိတယ်။ သူ့အချိန်နဲ့ သူသင်နေကြတဲ့ ဘာသာရပ်တွေနဲ့ပတ်သက်ပြီးတော့ အချိန်ပိုဆွေးနွေးကြဖို့၊ လေ့လာကြဖို့ပေါ့ဗျာ။ ဥပမာဆိုပါတော့ - Constitution သင်ပြီးသွား တာနဲ့ ညဖက်ဝပ်ရှော့ (workshop) တွေမှာ ၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံတွေနဲ့ NCUB က ရေးဆွဲတဲ့ ဖွဲ့စည်းပုံတွေကိုနှိုင်းယှဉ်ပြီး အနာဂတ်မြန်မာပြည်နဲ့ အသင့်တော်ဆုံး၊ အဖြစ်သင့်ဆုံး၊ အသစ်တခုကို အဖွဲ့ အလိုက် အခန်းတွေခွဲပြီး ရေးဆွဲခိုင်းတာမျိုး။ Democracy ကိုသင်ပြီး မြန်မာနိုင်ငံကို ဘယ်လို ဒီမိုကရေစီပုံစံမျိုးနဲ့ သွားမယ်ဆိုတာကို ဆွေးနွေးခိုင်းတာမျိုးပေါ့။ အဲဒီအစီ အစဉ်တုန်းက ထူးခြားဖြစ်စဉ်လေးတခုကို အမှတ်ရသေးတယ်။

 

အုပ်စု(၅) စုခွဲပြီး လေ့လာကြတဲ့အထဲမှာ ၅ - စုလုံးက ဆိုရှယ်ဒီမိုကရက်ကိုပဲ ၀ိုင်းရွေးလိုက်ကြတော့ ဆရာ ဦးအောင်ထူးက “ဆိုရှယ်ဒီမိုကရက်ကို ဒီလောက်ကြိုက်တဲ့သူများနေပြီဆိုရင်တော့ ဆရာတောင် ဆိုရှယ်ဒီမိုကရက် နာမည်နဲ့ ပါတီထောင်ရ တော့မလိုဖြစ်နေပြီ”လို့ ပြောခဲ့တယ်လေ။ ဆရာပြောမှ သတိထားမိတယ်။ ၁၉၉၀ ရွေးကောက် ပွဲမှာရော၊ လက်ရှိနိုင်ငံရေး အဖွဲ့အစည်းတွေမှာရော ကိုယ်ယုံကြည်ရာကို နာမည်တပ်ပြီး ဖွဲ့ကြတာမျိုးမတွေ့ရဘူးလေ။ ယေဘုယျဆန်ဆန် ဒီမိုကရေစီ ဆိုတွေချည်းပဲ တွေ့တွေ့နေရတယ်။ လစ်ဘရယ်ပါတီတို့၊ ဆိုရှယ်လစ်ပါတီတို့၊ ဆိုရှယ် ဒီမိုကရက်ပါတီတို့ဆိုပြီး ဘာကြောင့် မရှိကြတာလဲ။
သင်တန်းကာလပြီးခါနီးလေ ညဖက် အစီအစဉ်တွေက ပိုများလာလေပဲ။ စကားပြောလေ့ကျင့်တာတွေပါ ပါ လာတယ်လေ။ ကိုယ်ပြောချင်တာတွေကို အစီအစဉ်တကျ အချိန်နဲ့ကွက်တိ ပြောဆိုတတ်အောင် လေ့ကျင့်ပေးတာ ပေါ့။ သင်ပြီးသမျှဘာသာတွေထဲက ကိုယ်အနှစ်သက်ဆုံး ဘာသာအကြောင်းကိုပြောရမယ်။ ဘာတွေကိုကြိုက်တာလဲ၊ ဘာကြောင့် ကြိုက်သလဲပေါ့။ စစချင်းမှာ တမိနစ်လောက်စီပါပဲ။ တမိနစ်ဆိုပေမယ့် မလွယ်ဘူးဗျို့။ ကျနော်ဆို ကျောင်း ဆရာသက်တမ်းက (၇)နှစ် (၈)နှစ်။ သီချင်းကို စတိတ်ခုံပေါ်မှာ အကြိမ်ကြိမ်ဆိုခဲ့ဖူးတာ။ ဒါပေမယ့် လူရှေ့ထွက်လိုက် တာနဲ့ ဒူးတုန်၊ အသံတုန်၊ နှလုံးတုန်က ဖြစ်တုန်း။ ကိုယ်ပြောချင်တာကို မရောက်တာတို့၊ အချိန်ပြည့်သွားလို့ မပြော ဖြစ်လိုက်တာတို့၊ မေ့သွားတာတို့၊ အမျိုးမျိုးကြုံရတာပဲ။ နောက်မှတဖြည်းဖြည်း အသားကျလာပြီး လိုရင်းကိုတည် တည်ငြိမ်ငြိမ်နဲ့ ချိန်ကိုက် ပြောတတ် လာ တယ်လေ။


(၃)


တည စကားပြောလေ့ကျင့်ပွဲမှာတော့ “အလေးစားရဆုံးလူတစ်ယောက်အကြောင်း”လေ။ ၅-မိနစ်စီ ပြောရ မယ်တဲ့။ ပြောကြ တဲ့ အထဲမှာ ကိုယ့်ရဲ့အဖေ၊ အမေ။ ညီအကို၊ မောင်နှမ။ ဆရာနဲ့ ခေါင်းဆောင်တွေ အကြောင်းများ တယ်။ ဆရာဦးအောင်ထူးရဲ့ဇနီး မနော်ကူးကတော့ ဆရာဦးအောင်ထူးအကြောင်း ပြောသွားတယ်လေ။ ခင်ပွန်းလို တာဝန်ကျေ၊ ဆရာတယောက်လို လမ်းညွှန် ပေးနိုင်ပြီး၊ ခေါင်းဆောင်တဦးလို ဦးဆောင်နိုင်လို့တဲ့ … ။
သူများတွေပြောနေချိန် ကျနော့်မှာတော့ ဘယ်သူ့အကြောင်းပြောရမလဲ စဉ်းစားလို့ကိုမရနိုင်ဘူး။ စကားပြော လေ့ကျင့်တာဆို ပေမယ့် တကယ့်လေးစားရသူလည်း ဖြစ်ချင်တယ်။ သူတကာသိပြီးတဲ့အထဲကလည်း မဖြစ်ချင်ဘူး။ အများကပါ လေးစား စရာ ကောင်းသူလို့ သတ်မှတ်သွားစေချင်တယ်လေ။
စဉ်းစားနေရလွန်းလို့ ရှေ့ကလူတွေ ဘာပြောသွားမှန်းကိုတောင် ကောင်းကောင်းမသိလိုက်ဘူး။ တကယ် …။

 

 လက်ခုပ်တီးသံကြားမှ ရောယောင်ပြီးလိုက်တီးဖြစ်တယ်။ ကျနော့်အာရုံထဲမှာရှိတဲ့လူတွေကို တယောက်ပြီးတယောက် ဆန်ကာ စစ်ကြည့်နေရလို့။ နောက်ဆုံး ကျနော့်အလှည့်ကျကာနီးမှ လူ ၂ - ယောက်ကို ရွေးမိတယ်။ ကျနော်တို့ တပ်ရင်းမှူး ကိုတိုက် မောင်းနဲ့ ကောင်းစံဆိုတဲ့ ရဲဘော်လေးတယောက်တို့ကို။
ကျနော့်ရွေးချယ်မှုစံအရပဲ ကိုတိုက်မောင်းကို ပြန်ပယ်လိုက်ပါတယ်။ သူ့အကြောင်းက သိတဲ့သူများတယ်။ သူ့ အကြောင်းကို ရေးချင်သူ၊ ဖော်ပြချင်သူတွေလည်းရှိတယ်။ ခေါင်းဆောင်လုပ်ဖူးတော့ မှတ်တမ်းတချို့မှာလည်း ပါသွား နိုင်တယ်လေ။ ကောင်းစံကျတော့ သာမာန်ရဲဘော်လေး။ သူ့အကြောင်းသိသူက ရှားရှား။ သူ့အကြောင်းရေးမယ့်၊ မှတ် တမ်းတင်ပေး မယ့်လူ ဆိုတာက မရှိနိုင်ဘူး။ မထင်မရှားနဲ့ပျောက်ကွယ်သွားရမယ့် ဘ၀အဖြစ်တွေလေ။ ဒါကြောင့်ပဲ ကောင်းစံကိုရွေးလိုက်ရတာ။ သူတို့နှစ်ယောက်မှာ တူညီတာတခုက သက်ရှိထင်ရှားမရှိကြတော့ခြင်းပဲ။ ဒီမိုကရေစီ တော်လှန်ရေးအတွင်းမှာ ပေးဆပ်ရင်း ကျဆုံးသွားကြပြီ။
ကောင်းစံနဲ့ပတ်သက်တဲ့ ဖြစ်စဉ်လေးတွေကို တတ်နိုင်သလောက်ခြေရာပြန်ကောက်ကြည့်တယ်။ ထူးထူးခြား ခြားလေးတွေကို ပုံပြန်ဖော်ကြည့်တယ်။ ဒါမှ ကျနော့်အလှည့်ကျလို့ပြောဖြစ်ရင် သူများတွေထက် ပိုစိတ်ဝင်စားကြမှာ။ သူ့ကို ဂုဏ်ပြုရာလည်းရောက်မှာလေ။

 


(၄)


ကောင်းစံရဲ့နာမည်ရင်းက ဆန်းသူရ။ ရှစ်တန်းကျောင်းသားလေး။ တောင်ကြီး အထက(၁) က ဆိုလားပဲ။ ရှစ်လေးလုံးအရေးအခင်း တောင်ကြီးမှာစဖြစ်တာ သူအပါအ၀င် အမှတ်(၁)နဲ့ အမှတ်(၄) အထကကျောင်းက ရှစ်တန်း ကျောင်း သားလေးတွေက စခဲ့ကြတာပေါ့။ ဒီအထဲမှာ ဆန်းသူရပါမှန်းကိုတော့ တောထဲရောက်ပြီးမှ သိရတာ။ ၈၊ ၈၊ ၈၈ ရက်နေ့က တောင်ကြီးဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းသားလေးတွေ ဆန္ဒပြခဲ့ တာကိုတော့ ကျနော်ကိုယ်တိုင်မြင်ခဲ့ရတာ။
ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်မှာ ကျောင်းစိမ်းပုဆိုးလေးကိုအလံထူလို့ “ကမ္ဘာမကြေ” သီချင်းကို သံပြိုင် ဆိုပြီး စခဲ့ကြတာ ပေါ့။ ကျောင်းသားလေး (၇) ယောက်၊ (၈) ယောက်ထက်မပိုဘူး။ ပတ်ဝန်းကျင်က ကျနော်အပါအ၀င် လူကြီးဆိုသူတွေက အဲဒီအချိန်မှာ ပရိတ်သတ်သက်သက်။ ခပ်ဝေေ၀က အခြေအနေကို စောင့်ကြည့်နေရုံသက်သက်။
ကမ္ဘာမကြေသီချင်းဆိုပြီးတော့ ပန်းခြံကို တပတ်ပတ်ကြတယ်။ တပတ်မပြည့်ခင်အထိ ဒီကျောင်းသားလေး တွေချည်း။ တပတ်ကျော်လို့ အန္တရာယ်ကင်းတယ်၊ အနှောက်အယှက်မရှိဘူးဆိုတာကိုမြင်ရမှ လူကြီးတချို့ ကပ်လာကြ တာ။ လူတော်တော်လေးများလာတော့မှ ကျနော်တောင်ကပ်ရဲတာကို ရှက်ရှက်နဲ့ ၀န်ခံရမှာပဲ။
အရေးအခင်းအရှိန်ရလာလို့ ဆရာဝန်တို့၊ ရှေ့နေတို့၊ နိုင်ငံရေးသမားဟောင်းတို့ဆိုတာတွေ ပေါ်လာကြပြီး၊ စင်မြင့်တွေပေါ် သြ၀ါဒတွေချွေနေချိန် အဖြူအစိမ်းဝတ်လေးတွေက ရှေ့မှာ၊ ဘေးမှာ ကာရပ်ရပ်ပေးနေကြရတယ်လေ။ မဆလက တစုံတရာ အန္တရာယ်ပေးမယ်ဆိုရင် အဖြူအစိမ်းဝတ်လေးတွေက အသေခံတဲ့။ သပိတ်စစ်ကြောင်းတွေ ချီတက်ကြပြီဆိုရင်လည်း လမ်း ဘေးတဖက်တချက်စီမှာ အဖြူအစိမ်းလေးတွေက လက်ချင်းဆက်လုံခြုံရေးစည်းဝိုင်း ပေါ့။ ဒီအဖြူအစိမ်းဝတ်တွေထဲမှာလည်း ကောင်းစံ ပါခဲ့တယ်တဲ့။
အောင်ဟမ်းရိုင်းလို့ခေါ်တဲ့ ပအိုဝ့်မြေရောက် ကျောင်းသားတွေကို စစ်သင်တန်းပေးတဲ့နေရာကို ကျနော့်တို့ အဖွဲ့ရောက်တော့ နောက်ကျနေပြီ။ သင်တန်းရှိရာနေရာရောက်ခါနီး ချောင်းလေးကိုကျော်လို့ တောင်ကုန်းလေးကို အတက်မှာ ၀ါးဆစ်ဘူးကြီး ထမ်းလို့ ရေလာခပ်တဲ့ ကောင်းစံကို စတွေ့ဖူးတာ။
“အကိုတို့က တောင်ကြီးကပဲလား၊ ကျနော်တို့သင်တန်းတက်နေတာ (၂) ပတ်တောင်ကျော်ပြီ”လို့ မိတ်ဆက် ရင်းကျနော်တို့ကို ဦးဆောင်လမ်းပြပေးခဲ့တယ်လေ။ လမ်းမှာစကားတွေပြောရင်းက အတော်လေးရင်းနှီးလာတော့ သူ့ရင်ထဲက စကားတွေပွင့်ထွက်လာတော့တာပဲ။
“လူကြီးတွေက အသက်ကြီးလာလေလေ ညာတတ်လေလေပဲဗျ။ သူတို့မလုပ်ချင်တဲ့အလုပ်တွေဆို ကျနော် တို့ကို ညာညာခိုင်း တယ်။ အစားအသောက်စားရတဲ့အချိန်ကျတော့ ကလေးဆိုပြီး အလှည့်ပေးတာမျိုး မရှိဘူး။ သူတို့ပဲ အခွင့်အရေးပိုယူတတ် တယ်”တဲ့။ ပွင့်ပွင့်လင်းလင်းပြောတတ်တာ သူ့ ဇ, ပေါ့။


ကောင်းစံတို့လို ကျောင်းသားငယ်လေးတွေ ဘ၀ကလည်းတွေးကြည့်ရင် တကယ့်ကိုသနားစရာ။ ၁၄ နှစ်၊ ၁၅ နှစ်နဲ့တောထဲ ရောက်။ တောထဲရောက်မှ လူပျိုဖြစ်။ ရည်းစားထားချင်တော့လည်း တာဝန်က တော်လှန်ရေးတာဝန်။ တပ်ပုံစံ။ ဒီတော့ ခဏ ခဏပြဿနာဖြစ်တယ်။ ငယ်ရွယ်တော့ စည်းကမ်းဆိုတာကို လည်းသိပ်နားမလည်။ နားမလည် လို့ဆိုပြီး ခွင့်လွှတ်ပါများပြန် ရင်လည်း ထိမ်းသိမ်းလို့မရ။ ဒီတော့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရရောပေါ့။
တခါက ထိုင်းကရင်နီနယ်စပ်မှာနေရချိန် ကောင်းစံလေ ကျနော်တို့ စခန်းနဲ့နီးတဲ့ ပန်ယွမ်းရွာက“အီဖျင်း”ဆိုတဲ့ ကလေးမလေးနဲ့ ကြိုက်တယ်။ ရည်းစားလည်းမထားဖူးတော့ အရူးအမူး။ ရွာထဲမှာအမြဲလိုဖြစ်နေတာပေါ့။ စခန်းစည်း ကမ်းနဲ့မညီတော့ တပ်ရင်း မှူးကိုတိုက်မောင်းက ခေါ်သတိပေးတယ်။ ဒါပေမယ့် မရဘူး။ ညီအကိုလိုဖြစ်နေတာက တကြောင်း၊ အရူးအမူးဖြစ်နေတာက တကြောင်းမို့နောက်ဆုံး တပ်ကထွက်မယ်ဆိုတဲ့အထိကိုဖြစ်ပြီး ကောင်းစံလေ ရွာထဲမှာသွားနေလိုက်တယ်။ တလ၊ နှစ်လကြာ တဲ့အထိ။ နောက်တော့မှ သတင်းတွေကြားရတယ်။ ကောင်းစံတ ယောက် မြင်းလိုက်မောင်းနေတယ်တဲ့။ ရိက္ခာသယ်တဲ့မြင်းကို လိုက်မောင်းပေးရတာ။ ဒီတော့မှ ကြာရင် ပျက်စီးသွားမှာ စိုးတာရယ်။ လုံခြုံမှုအခြေအနေကို စိုးရိမ်ရတာတွေကြောင့် ကိုတိုက် မောင်းကို ၀ိုင်းနားချရင်း လိုက်ခေါ်ရတော့တယ်။ ကိုတိုက်မောင်းပဲလိုက်ခေါ်တာပါ။ ပြီးတော့လည်း သူတို့နှစ်ယောက်က တလုံး လုံးတထွေးထွေးနဲ့။ တကယ့် ညီအကို အရင်းတွေလိုပဲ။ ကျနော်တို့မှာ မိဘတွေနဲ့မှမနီးကြတာ။ တာဝန်တွေရှိနေကြပေမယ့် တကယ်တော့ ညီအကိုတွေပဲ လေ။
သိပ်မကြာလိုက်ပါဘူး ကောင်းစံရဲ့ကောင်မလေး အီဖျင်း၊ ရှမ်းသူဌေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ် လေ။

 

 

 ကောင်းစံကတော့ စတဲ့ပွဲမှာပဲ အလဲထိုးခံလိုက်ရတာပေါ့။ ဒီရှမ်းသူဌေးယူခဲ့တဲ့ မိန်းမပေါင်းကလည်း မနည်းတော့ ဘူးတဲ့။ ၁၄ နှစ်၊ ၁၅ နှစ် ငယ်ငယ်လေးတွေချည်းပဲ။ ရွာတရွာမှာ အပျိုချောချောလေးရှိလာပြီဆိုရင် ဒီသူဌေးအလုပ်ရှိပြီ။ အပျိုမရဲ့မိဘတွေကို ငွေနဲ့မြူဆွယ်ပြီး ချည်းကပ်။ ပြီးတော့ ရွှေလက်စွပ်တကွင်းနဲ့ တင်တောင်းတော့တာပဲ။ ဒီလို တင် ထားပြီးမှ နောက်တယောက်နဲ့ယူမိရင်လည်း တင်တောင်းထားတဲ့လက်စွပ်ရဲ့နှစ်ဆ ပြန်ရော်ပေးရတယ်တဲ့။ ကောင်းစံနဲ့ ကောင်မလေးဖြစ် နေချိန်တည်းက ရှမ်းသူဌေးက လက်စွပ်ပေးပြီးသားလို့ နောက်မှသိရတယ်။
ပန်ယွမ်းရွာမှာ အီဖျင်းတို့ မင်္ဂလာပွဲလုပ်နေတဲ့ညမှာပဲ ကျနော်တို့စခန်းထဲက ဆေးခန်းမှာတော့ စောစောက ပြောခဲ့တဲ့ ရှမ်းသူ ဌေး ရဲ့ကလေး ဆေးရုံတက်နေရတယ်။ ကလေးရဲ့အမေက အီဖျင်းရဲ့ရှေ့မှာ ရှမ်းသူဌေးယူထားတဲ့ မိန်းမ။ ကျနော်တို့ဖွင့်ထားတဲ့ကျောင်းမှာ လာတက်သွားတဲ့ကျောင်းသူလေး။ ပအိုဝ့်မလေး။ ၁၄ - နှစ်လောက်နဲ့ပဲ အိမ် ထောင်ကျသွား တာ။ အခုမှ ကလေးက တနှစ်မပြည့်သေးဘူး။ ရှမ်းသူဌေးကတော့ နောက်တယောက်ထပ်ယူနေပြန်ပြီ။ သူ့သားလေး ဆေးရုံ တက်နေချိန်မှာ သူကတော့ ပျော်ပျော်ပါးပါး မင်္ဂလာဆောင်လို့။ ပအိုဝ့်မလေးကတော့ မျက်ရည် အရွှဲသားနဲ့ပေါ့။ အဲဒီညက ကောင်းစံနဲ့ပအိုဝ့်မလေးတို့ရဲ့မျက်ရည်တွေနဲ့ခြေဆေးသွားတဲ့ ရှမ်းသူဌေးရဲ့ မင်္ဂလာဦးည ပေါ့ဗျာ။


(၅)


ကောင်းစံကို အသိအမှတ်အပြုမိဆုံး အဖြစ်အပျက်တခုရှိတယ်။
ကျနော်တို့ ထိုင်းနယ်စပ်ကနေ ပအိုဝ့်ပြည်ကိုဒုတိယအကြိမ်ပြန်အရောက်။ ဒီသတင်းက တောင်ကြီးအထိကို ပျံ့သွားလို့ ရဲဘော် တချို့ရဲ့မိဘတွေလာတွေ့ကြတယ်လေ။ ကျနော်တို့လှုပ်ရှားခွင်က တောင်ကြီးနဲ့က သိပ်မှမဝေးတာ။ ဒီအထဲမှာကောင်းစံ အမေ နဲ့အကိုလည်းပါတယ်။ ကိုယ်ပိုင်ကားနဲ့ကိုလာတာ။ ကောင်စံနဲ့တွေ့ချင်လို့တဲ။ တပ်က တာဝန် ရှိသူတွေ ကလည်းပေး တွေ့ပါ တယ်။ သီးခြားအိမ်တအိမ်မှာစီစဉ်ပေးပြီး လွတ်လွတ်လပ်လပ် ပြောခွင့်ပေးလိုက်တယ်။ တနေ့လုံးပြောဆိုကြပြီး၊ ညအိပ်ချိန် လောက်ရောက်တော့ ကောင်းစံတယောက် ကျနော်တို့ဆီပြန်ရောက်လာတယ်။


“ကျနော့်အမေက ကျနော့်ကို ပြန်ခေါ်တယ်ဗျ။ မြို့ပြန်ရောက်ရင် သားလိုချင်တာ ၀ယ်ပေးမယ်တဲ့။ ကားလို ချင်ရင်ကားတဲ့။ ကျနော့်အမေက ခင်ညွှန့် အမျိုးသမီးနဲ့ရင်းနှီးတယ်တဲ့။ ပြန်လိုက်လာလို့ဘာမှ ပြဿနာမဖြစ်စေရဘူး လို့ အာမခံတယ်တဲ့။ ကျနော့်အကိုလိုပဲ နိုင်ငံရေးဝါသနာပါရင် မြို့ပေါ်ပါတီတခုခုမှာ ၀င်လုပ်ပါတဲ့၊ တောထဲတောင်ထဲ မှာ ခြင်ကိုက်ဖြုတ်ကိုက်နဲ့ အစားအသောက်၊ အနေအထိုင်ကလည်း ဒုက္ခရောက်လွန်းပါတယ်တဲ့”
“ကျနော် … ပြန်ပြောလိုက်တယ်။ သေသွားတဲ့ ကျနော်တို့ကျောင်းသားတွေကို သစ္စာမဖောက်ဘူးလို့။ ကျနော် တောခိုကတည်း က သေဖို့ကိုတွေးပြီးသားလို့။ ခြင်ကိုက်ဖြုပ်ကိုက်လောက်ကို ဂရုမစိုက်ပါဘူးလို့။ ဒီမိုကရေစီရရင် အမေ မခေါ်လည်း သားပြန် လာမှာပါလို့”
ကောင်းစံရဲ့အကိုက တောင်ကြီး လူဘောင်သစ်ပါတီဝင်။ နောက်နေ့မနက်မှာ ကောင်းစံအမေနဲ့အကို နူတ် တောင်လာမဆက်တော့ပဲ စောစောထပြန်သွားကြတယ်။ ဒါပေမယ့် ကောင်းစံကတော့ တချက်လေးမှ အပြုံးမပျက်ပဲ။ ငယ်ရွယ်ပေမယ့် ခံစားချက်နောက်ကို မျောမပါလောက်အောင် သူ့ယုံကြည်ချက်၊ ခံယူချက်က ခိုင်မာတယ်လေ။
“မိုးဖြား အမ်မလဲဒန်နယ်၊ အမ်းအိုးသမိုင်” (အမေထမင်းစားပြီးပြီလား၊ ဘာဟင်းချက်လဲ) ဆိုပြီး ရွာထဲမှာ အိမ် ဆင်းတအိမ် တက်နဲ့။ ဟဲဟဲ … ဟဲဟဲ နဲ့။


(၆)


၁၉၉၆ - မှာ ကောင်းစံပါတဲ့စစ်ကြောင်း KNU တပ်မဟာ (၂) နယ်မြေကနေ နယ်စပ်ကို ပြန်ရောက်လာတယ်။ အီဖျင်းအိမ်ထောင်ကျပြီးကတည်းက ရှေ့တန်းဆိုအမြဲတမ်း တောင်းတောင်းလိုက်နေပြီးရှေ့တန်းမှာ အမြဲလိုလို ပျော် နေတတ်တဲ့ကောင်းစံကို အပြစ်တခုရှိလို့ ပြန်ခေါ်လာတာတဲ့။ ကျနော်စုံစမ်းကြည့်တော့ ရည်းစားထားတဲ့ကိစ္စဆိုလား။ ကောင်းစံကလည်း တရွာတကျည်ဆောက်ဆိုသလောက်ကို ရည်းစားထားတာတဲ့။ ရုပ်ကလေးကလည်းရှိ။ မြို့ပေါ်မှာ နေခဲ့တာဆိုတော့ သေသေ သပ်သပ်ကလည်း ၀တ်စားတတ်။ ဘာသာစကားကလည်း ဒေသအလျှောက်ပြောဆိုနိုင် တော့ ဖြစ်လောက်တာပေါ့။ ကောင်းစံကလည်း အပြောကောင်းမဟုတ်လား။ ဒါပေမယ့် ကျနော်နားမလည်တာက ရည်းစားထားတာ၊ ရည်းစားများတာက ဘာကြောင့် အပြစ်ဖြစ်နေရတာလဲဆိုတာ …။ ထူးခြားတာက ခုစစ်ကြောင်းက ကျနော်တို့ (၆၀၁) တပ်ရင်းချည်းသက် သက် မဟုတ်ဘူး၊ တပ်ရင်းပေါင်းစုံ။ ဒီတော့ခါတိုင်းလို သူ့အပေါ် နားမလည်နိုင် ကြလို့များလားပေါ့။
ဒီအချိန်က နယ်စပ်နိုင်ငံရေးက မာနယ်ပလော ကျပြီးချိန်၊ တတိယနိုင်ငံထွက်ခွာတဲ့လမ်းကြောင်း ပွင့်နေချိန်။

 

 

 ကျနော်စိုးရိမ်မိတာက ကောင်းစံက မဟုတ်မခံ။ ပွင့်ပွင့်လင်းလင်းသမား။ အရင်လို တပ်ကထွက်သွားရင် ဟိုး … အဝေး ကြီးအထိရောက်သွားနိုင်တယ်လေ။ ကိုတိုက်မောင်း ကျဆုံးပြီးစကာလဆိုတော့ တပ်ကလည်း ဖရိုဖရဲ။
ဒါကြောင့်ပဲ KNU တပ်မဟာ (၂)ကို ပြန်ထွက်မယ့်စစ်ကြောင်းမှာ ကျနော်လည်းလိုက်မယ်။ ကောင်းစံကို လည်းပြန်ခေါ်သွား ချင်ကြောင်း စစ်ကြောင်းတာဝန်ခံ ကိုသန်းကျော်ဌေးးနဲ့ ဆွေးနွေးကြည့်တယ်။ ကောင်းစံကလည်း ဆန္ဒရှိတယ်လေ။ “နယ်စပ်မှာ လေနေတာထက်၊ ပြည်သူကြားမှာ သေရတာက ပိုအဓိပ္ပါယ်ရှိတယ် ” ဆိုတဲ့မူနဲ့ပေါ့။ နောက်ပြီးကောင်းစံက ဘာသာစကားစုံ တတ်တာရယ်။ လမ်းကြောင်းတွေ ကျွမ်းကျင်တာရယ်။နယ်မြေခံလိုဖြစ်နေ တာတွေရယ်ကြောင့် ကျနော်တို့စစ်ကြောင်း အတွက် လည်း အကျိုးရှိနိုင်တယ်မဟုတ်လား။ ကျနော့်ဆွေးနွေးချက်က အထမြောက် အောင်မြင်သွားပါတယ်ခင်ဗျာ။


တကယ်ပါပဲ တလမ်းလုံးမှာလေ ကောင်းစံရဲ့ အရည်အချင်းစုံကိုတွေ့ရတယ်။ စကားပေါက်တော့၊ ရွာတွေ ရောက်ရင်အတော့်ကို အဆင်ပြေတာ။ လမ်းတလျှောက်လုံး သူ့ကိုမသိတဲ့လူ၊ မခင်တဲ့လူကို မရှိသလောက်ပဲ။ ကျနော့် အတွက်ဆိုကောင်းစံက အထောက်အပံ့ အဖြစ်ဆုံး။ ကျနော်က ခရီးမထွက်ဖြစ်တာကြာတော့ လမ်းသိပ်မလျှောက်နိုင် ဘူးလေ။ ကျန်းမာရေးကလည်းချူချာတော့ စစ်ကြောင်းရဲ့နောက်ပိတ်မှာ အမြဲဖြစ်နေတတ်တယ်။ ဒီအချိန်မျိုးဆို ကောင်းစံက ကျနော့် အဖော်။ ကျနော့်ပစ္စည်းတချို့ကအစ ကူသယ်ပေးတယ်။ တလမ်းလုံးကောင်းစံ ရဲ့အပြစ်တွေကို ကျနော်ရှာနေမိပေမယ့် မတွေ့ရ။


(၇)


ကျနော်လေ လယ်ခိုဒိုးသာရွာမှာ ကျောင်းဆရာလုပ်ရင်း ကျန်နေခဲ့ရတယ်။ စစ်ကြောင်းနဲ့မလိုက်နိုင်တော့တာ ရယ်၊ ကျောင်းဆရာအလုပ်ကို ပိုစိတ်ဝင်စားလာတာရယ်ကြောင့်လို့ပဲ ပြောရမယ်ထင်ပါတယ်။
“နောက်မှ ကျနော်လာလည်မယ်။ ဒီရွာတွေကို ကျနော်ခဏခဏရောက်ပါတယ်။ ဘာမှအားမငယ်နဲ့ ဘူဒါး” ကောင်းစံက ကျနော့်ကို ဘူဒါးလို့ခေါ်တယ်။ နူတ်ဆက်ပြီး စစ်ကြောင်းနဲ့ဆက်လိုက်သွားပေမယ့် ကောင်းစံပြောခဲ့တဲ့ စကားကိုလေ တရက် မှကို မမေ့ဘူး။
ဘယ်နေ့များရောက်လာလေမလဲလို့ ကလေးတွေကို စာသင်နေရင်းပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာထိုင်ပြီး ပလိုင်းရက် နေရင်းပဲ ဖြစ်ဖြစ်၊ လူနာတွေကို ဆေးကုနေရင်းပဲ ဖြစ်ဖြစ်၊ တောင်ယာတွေမှာ ဆူးလိုက်ထိုးနေရင်းပဲ ဖြစ်ဖြစ်၊ စပါး လိုက်ရိတ်နေရင်ပဲ ဖြစ်ဖြစ်၊ ဖာလာလိုက်ခူးနေရင်ပဲ ဖြစ်ဖြစ် မျှော်နေမိတယ်ဗျာ။
ရောက်တော့ရောက်လာပါတယ်။ ကောင်းစံတော့မဟုတ်။ ကောင်းစံရဲ့သတင်း။ ကောင်းစံတယောက် အပြစ် ဒဏ်တခုကြောင့် ကျဆုံးသွားပြီတဲ့။ အရင်က ကျူးလွန်နေကျ ပြစ်မှုမျိုးပဲတဲ့။ အချစ်ဦးဘ၀ အဖြိုခွဲခံရပြီး မိန်းမတွေ အပေါ်အဆိုးမြင်သွားရာက ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေပဲလို့ ကျနော်မြင်မိတယ်ဗျာ။ ဒီတခါ ကျနော့်မျက်ရည် ကျရပါပြီ။ ကျနော်တို့ ရဲဘော်တွေ ကျ ဆုံးရတာ များပြီ။ ကျနော် မျက်ရည်မကျဖူးခဲ့။ အသားကုန်တို့၊ ကိုတိုက်မောင်းတို့ ကျဆုံးချိန်ကလည်း မငိုမိခဲ့။ ကောင်းစံကျမှ …။ ကောင်းစံကျဆုံးရတာဟာ ကျနော့်ကြောင့်လို့ကို သံသယဖြစ်ဖြစ်လာ လို့လေ။ ကောင်းစံကို ကျနော်ပြန်ခေါ်ခဲ့တာကိုး။ ကျနော်သာမခေါ်ခဲ့လို့ တတိယနိုင်ငံတခုခုကို ထွက်သွားဖြစ်ခဲ့ရင် ဒီလိုအဖြစ်မျိုးနဲ့ ကောင်းစံ ကြုံရပါ့မလားဗျာ … ။
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ဆိုရတော့မှာပေါ့ … ။


ကျနော်ပြောခဲ့ဖူးတဲ့ ပန်ယွမ်းရွာက ကောင်းစံရဲ့ကောင်မလေး အီဖျင်းဆိုတာလေ။ သူတို့မိသားစုလည်း “နို့ပအား”ဆိုတဲ့ ကရင်နီ ဒုက္ခသည်စခန်းမှာ လာနေကြတယ်တဲ့။ ကလေးနှစ်ယောက်တောင် ရနေပြီ။ ရှမ်းသူဌေးက လည်းသူ့ကို ပြစ်သွားခဲ့ပြီ။ ကောင်းစံကျဆုံးချိန်လောက်မှာပဲ အီဖျင်းတယောက်လည်း နအဖစစ်တပ်က နို့ပအားဒုက္ခ သည် စခန်းကိုဝင်အပစ်မှာ သေနတ် ဒဏ်ရာရပြီး ဆုံးသွားတာတဲ့။
ကောင်းစံက ကျနော့်ကို သီချင်းတစ်ပုဒ်ရေးခိုင်းဖူးခဲ့တယ်။

သူ့အချစ်ဦး အီဖျင်းအတွက်တဲ့ … ။ “ပန်းကလေးနဲ့ ပန်းကလေး ချစ်သူ” ဆိုပြီး သီချင်းလေးရေးဖြစ်သွားတယ်။ ကောင်းစံ ဂစ်တာတီးဖြစ်တိုင်း အမြဲလိုလိုဆိုဆိုနေတတ် တယ်ဗျာ။ ဒီသီချင်းသံလေးကို မကြားရတာ ခုဆို ဆယ်စုနှစ်တခုတောင် ကျော်ပြီပေါ့။ ။
 

၂၅။၁၂။ ၂၀၀၉

 
 

ရသ ၀တ္တုတို(၂၂)

ခေတ်ဟောင်း သီချင်းများနဲ့  ကျနော်တို့  ပြည်သူ --စံပေလုံး

ကိုဒေါင်းမြိုင်ဟာ ကျနော်တို့ ရွာမှာ ခေတ်မှီတယ်လို့ ပြောရင် ရသလို ခေတ် နောက်ကျချင်ရင်လည်း သူများနဲ့ မတူ အောင် ခေတ်နောက်ကျနေပြန်တဲ့ လူဗျ။ သူက အိမ်ဆိုင်နဲ့ ဆိုတော့ မြို့ ကို မကြာ မကြာ ဈေးဝယ်တက်လေ့ရှိတယ်။

သူ မြို့ က ပြန်လာရင် အခု ထွက်နေတဲ့ ဂျာနယ်တွေ လည်း ၀ယ်လာလေ့ရှိတယ်။ သူက အကွက်မြင်တော့ အိမ်မှာ ဗွီဒီယိုရုံ ထောင်ထားလိုက်သေးတယ်။ ပြီးတော့ တောမှာနေပြီး မြို့ စိတ်ပေါက်နေတဲ့ သူတွေအတွက် ထူးထူးရှယ် အမည်ရတဲ့ ကာကာ ဆိုင်လေးလဲ ဖွင့်ထားတယ်။

ကာကာ ၀ယ်သောက်မယ်၊ လဘက်ရည် ၀ယ်သောက်မယ်ဆိုရင် သူရဲ့  ဂျာနယ်တွေကို ဖရီး ဆိုလားပဲဗျ။ အလကား ဖတ်ခွင့် ပေးတယ်။ ကာကာဆိုင် မထိုင်တဲ့ ကျန်တဲ့ သူတွေကတော့ ငှားဖတ်မှ ရတယ်။

သူမေးလိုက်ရင် ဂျာနယ်မှာ ပါတဲ့ `“ဦး အိုဘားမား”ဆိုတဲ့ လူအကြောင်း၊ တရုတ်တွေ ကမ္ဘာမှာ ဘယ်လို ခြေလှမ်း ကျဲလာနေ တဲ့အကြောင်း၊ ဒုတိယ ဟောင်ကောင် သွားကြည့်ချင်ရင် စရိတ်သိပ် မကုန်ပဲ သွားနိုင်ကြောင်း၊ အဲဒီ ဒုတိယ ဟောင်ကောင်မှာ မဟာ မြတ်မုနိ ကိုယ်တော်ကြီးလည်းဖူးလို့ ရနိုင်ကြောင်း ပြောပြတတ်သေးရဲ့ ။ ရွာမှာတော့ သုတ ဟင်းလေးအိုးကြီးပေါ့ဗျာ။

ဒါက သူခေတ်မှီတဲ့အပိုင်း။

 

 

သူခေတ်နောက်ပြန်တာကတော့ သူဆိုင်က ဖွင့်တဲ့ သီချင်ေးတွက သိပ်ခေတ်နောက်ကျတယ်။

ခုခေတ် လူငယ်တွေ ကြိုက်တဲ့ ကိုသားစိုးတို့ ၊ စိုင်းစိုင်းတို့  ၊ထွန်းထွန်းတို့ ၊ ကျားပေါက်တို့ ၊ ဘာဘူ တို့  မဟုတ်ဖူးဗျ။

တွံ တေး စိုးအောင်တို့  အနိုင်တို့  မင်းအောင်တို့၊ ကိုစိုးပိုင်ကြီး၊ဘိုဘိုဟန် ဆိုတဲ့ ဒိတ်အောက် နေတာတွေ ကြိုက်တယ်။

ဟော့ရှော့ ဆိုရင်တော့ ဘိုဘိုဟန်တို့ ၊ ဗိုလ်ဟိန်း တို့  ဆိုတာ သူ ကြိုပ်ပုံရတယ်။ ခန ခဏ ဖွင့်တယ်။

ခုတလောတော့ အဲဒီ သီချင်း ဖွင့်တာ ရပ်သွားတယ်။ ကျနော်တို့ ရွာက  ကြံ့ ဖွံ့ လူကြီးကောင်းမှုပေါ့ဗျာ။

ဖြစ်ရပုံက စုံစမ်းကြည့်တော့ ဒီလိုဗျ။

တနေ့ ဘိုဘိုဟန်တိတ်ခွေကို သူ့ လက်ဘက်ရည်ဆိုင်(ရွာ လူတွေ အခေါ် --ကာကာဆိုင်)ဆိုင်မှာ လူစည်နေတုံး  ဖွင့်တယ်။

အဲဒီအချိန်မှာ မြို့ ကကြံ့ ဖွံ့ အဖွဲ့ ကလည်း ရွာ မှာ စည်းရုံးရေးဆင်းတုန်း သူ့ ဆိုင်မှာ အဖွဲ့ လိုက် ရောက်နေတဲ့ အချိန်ပေါ့ဗျာ။

သူ့ သီချင်းထဲမှာ “စီးကရက် တစ်ကျပ်ကို သုံးလိပ်၊ ခေါင်းမူးသွားပီ ဒူးယားသယ်ရေ” တဲ့။

 

ဆောင်းဘောက်နဲ့ အကျယ်ကြီးဖွင့်တော့   ကြံ့ ဖွံ့  လူကြီးက ချက်ချင်းအရပ်ခိုင်းတယ်။

နောက်သီချင်းပြောင်းအဖွင့်ခိုင်းတယ်။

နောက်ပြောင်းဖွင့်လိုက်တော့ ---

မဟာ ရန်ကုန် မြို့ လယ်ခေါင်မှာ အကြွေ ဆယ်ပြား ဆောင်မထားမိလို့ရယ်၊ ရေခဲရေလဲ ကျနော်ငတ်ခဲ့တယ်၊ မြေအောက် အိမ်သာ မတက်ခဲ့ရဘူးကွယ်တဲ့။ ”

ဒီတော့   ကြံ့ ဖွံ့  လူကြီး မျက်နျာ ပိုနီသွားတယ်။ ဒေါသလည်း ပိုထွက်လာတယ်။

ပြီးတော့ ဒေါသတကြီးနဲ့   ဒီသီချင်းနောက်ဖွင့် ရင် ထောင်ဒဏ် နှစ်အကန့် အသတ်မရှိ ကျနိုင်တာ မသိဘူးလားတဲ့။

 

 

ကိုဒေါင်းမြိုင်က မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့  ပြန်အကြည့်မှာ- ကြံ့ ဖွံ့  လူကြီးဆီက ဆက်တိုက်ထွက်လာတဲ့ စကား လုံးတွေက-----

ဒါ လက်ရှိ ကုန်ဈေးနှုန်း ဖြစ်နေတာကို လှောင်ပြောင် သရော် သလို ဖြစ်နေတယ်။

ပြီးတော့ ဟိုကျောင်းသားတွေရဲ့  ကုန်ဈေးနှုန်း ကျဆင်ေးရး လှုပ်ရှားမှုကို ထောက်ခံ အားပေးရာ ကျနေတယ်။

လူထုက အ၇င်တုံးက ကုန်ဈေးနှုန်းတွေ ပြန်သတိရပြီး မကြေနပ်ကြလို့  ဆူပူရင်“ နိုင်ငံတော် ဆူပူမှု ကို စတင်ရန် သွေးထိုးမှု တွေနဲ့ နော်။။ဟင်းဟင်း-- နှစ်အကန့် အသတ် မရှိနော်---”တဲ့

ပြီးတော့ နင့်နာမည်ကြီးကိုက ထောင်ကျချင်စရာကြီး။ ကိုဒေါင်းမြိုင် လို့ ၊ ထောင်ကြိုက်နာမည် -မှည့်မှ မှည့် တတ်ပလေတဲ့။

 

စံပေလုံး ၂၅။၁၂။ ၂၀၀၉

 
 

ရသ ၀တ္တုတို(၂၁)

ကာလ ကွာခြားချက်နဲ့  အမြင်---

ဦးဘမောင်သည် တရားစာအုပ်ကို ဖတ်ပြီး မြေးဖြစ်သည့် မောင်မျိုးအေး ရှေ့တွင် မှတ်ချက်ချသည်။
ဘုရားရှင် လက်ထက်က ဘဒ္ဒကုဏ္ဍလ- ဟာ ၃ နှစ် ကျွန်ခံပြီးစားရမယ့် ၁သိန်းတန် ထမင်းကို ရဟန္တာကို ရက်ရက်ရောရော လှူ လိုက်သတဲ့ကွာ။  ဒါန ပါရမီများ အားကျဖို့ ကောင်းလိုက်တာ။

မောင်မျိုးအေး- ဟုတ်ပါ့မလား ၊အဘရာ။

ဦးဘမောင်--- နကုလ တို့ ကျတော့ သမီးလေး ရွေးမယ့် ငွေ ၁၂ ကျပ်နဲ့ ထမင်းတထုပ် ၀ယ်ပြိး ရဟန်းကို ဆွမ်းလှူ ပြန်သတဲ့။

မောင်မျိုးအေး--အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ်။အဘ။တခုခုတော့ မှားနေပြီ။

ဦးဘမောင်---မှားပါဘူးကွ။ဟောဒီ တရားစာအုပ်မှာ အထင်အရှား ပါတာ။

မောင်မျိုးအေးက `“အဲဒီ စာအုပ်မှာ ပါမေမယ့် ခုအချိန်မှာ မဖြစ်နိုင်ဘူး-အဘ ရာ --”

 

ဦးဘမောင်---ဟေ ။ မင်းက ဘာကြောင့် မဖြစ်နိုင်ဘူးလို့ ပြောနေရတာလဲ။

မောင်မျိုးအေး--အခုအချိန်မှာ လဘက်ရည်တခွက်ကို ၂၅၀ ဖြစ်နေပီဗျ။ အဘမသိဘူးလား။

ဦးဘမောင်---ဟေ--

 

ဖိုးသောကြာ

 
 

ရသ ၀တ္တုတို(၂၀)

အပြစ်မဲ့သူတို့၏ ၀ဋ်ကြမ္မာ---လူဗိုလ်

 

(၁)


ကုန်းတက်ကိုအကျော် တိုးနိုးနိုပါတို့တဲစုကို လှမ်းမြင်လိုက်ရမှ သက်ပြင်းချမိသည်။ လျှောက်ခဲ့ရသည့် ခရီးက မိုင်၂ဝ ကျော်၊ တောင်ကုန်းအဆင်းအတက်တွေချည်း။ ခုမြင်လိုက်ရတဲ့တဲစုတွေက လယ်ခိုဒိုးသာရွာ သင်္ချိုင်းကုန်းအနီး တောင်ကြောတွေ ရဲ့ ကြားက ပုန်းတဲတွေ။ ၁၉၉၇ - ခုနှစ် ရွာတွေမီးရှို့ခံရပြီး ရွာအနီးအနားမှာတောင်မှ နေခွင့်မရကြတဲ့ ရွာ သားတွေကို သံတောင် မြို့အနီးမှာ စုစည်းပြီးထားလို့ “စုစည်းရွာ” ဟူ၍ပေါ်ပေါက်လာခဲ့၏။ စုစည်းရွာမှာနေကြရတဲ့ မိသားစု တွေ ရိက္ခာစုနိုင်ဖို့နဲ့ ရွာပြန် ပြီး၊ ပုံမှန်ခြံလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် ဒီတဲစုကလေးတွေက ခေတ္တတည်းခိုစရာ … ။


“ဟာ ဆရာလူဗိုလ်၊ ဆရာတယောက်ထဲလား၊ အခု ဘယ်ကလာတာလဲ”
ကျနော်ကိုမြင်လိုက်သည်နှင့် တိုးနိုးနိုပါရဲ့ အံ့သြတကြီးနှုတ်ဆက်သံ။ သူ့နံဘေးမှာ ကျော်ကဒါ၊ ပြီးတော့ လယ်ခိုဒိုးသာ ရွာသား အချို့။
“ကျနော် ကိုမူဒိုရွာကလာတာလေ။ စုစည်းမှာနေထိုင်ရတဲ့ အခြေအနေလေးတွေသိချင်လို့ ပြန်လာလည်တာ။ ဟိုမှာ နေရထိုင်ရ တာ အဆင်ပြေကြရဲ့လား”
၁၉၉၆ - ခုနှစ် လယ်ခိုဒိုးသာရွာမှာ ကျနော်က ကျောင်းဆရာ။ နှစ်ကုန်လို့ နွေရာသီကျောင်းပိတ်ချိန်လည်းရောက် စစ်အစိုးရတပ် များ ကရင်ပြည်နယ် သံတောင်တမြို့နယ်လုံးက ရွာတွေအားလုံးကိုမီးရှို့ခဲ့သည်။ မီးရှို့ပြီးစမှာ ရွာသားတွေက ရွာနီးတဝိုက်မှာ ပုန်း အောင်းနေကြသေးသည်။ ကျနော်လည်း လယ်ခိုဒိုးသာရွာသားတွေနဲ့အတူ၊ ငှက်ပျောပင်တွေကိုခင်း၊ ငှက်ပျောရွက်တွေကို မိုး တဲကလေးတွေဆောက်ပြီး နေခဲ့ကြသည်။ ခွေးဟောင်သံကြားရင်၊ ကြက်တွန်သံကြားရင်၊ ကလေး ငိုသံကြားရင်၊ မီးခိုးထွက် တာ မြင်ရင် နအဖစစ်တပ်တွေက သေနတ်နဲ့လှမ်းလှမ်းပစ်တတ်ပေမယ့် ရွာသားတွေမှာ မျက်နှာက အပြုံးမပျက်ကြ။ မွေးက တည်းကကြုံလာရသည့် အဖြစ်အပျက်တွေမို့ ရိုးနေကြပုံပေါ်၏။ တောတောင်ထဲ ဖါးရှာ၊ ငါးရှာ၊ သဘာဝအသီးအရွက်တွေ လုရှာကြရင်း ပျော်နေကြရှာသည်။
တလလောက်ကြာမှ စုစည်းရွာကိုအားလုံးလာကြ။ မလာရင် တွေ့တဲ့လူအကုန် ပစ်မယ်ကြားတော့မှ ရွာသားတွေ တစုပြီးတစု ထွက်သွားကြသည်။ နောက်ဆုံးကျနော်တယောက်ထဲ။ အစားအစာအခက်အခဲနဲ့ လူသူမရှိ တယောက်ထဲနေရ တဲ့ဒုက္ခကို ဆက် မခံနိုင်တဲ့အဆုံး ရွာသားတွေရှိနေသေးတဲ့ ကရင်နှင့်ကရင်နီ နယ်စပ်က ရွာတွေဘက်မှာသွားနေခဲ့ရသည်။
“အဆင်ပြေပါတယ်ဆရာ၊ ရောက်စက အိုးခွက်နဲ့ ဆန်ကအစထုတ်ပေးတယ်။ နောက်ပိုင်းကြတော့ ကိုယ့်ဖါသာ ကိုယ်ရှာစားရ တယ်။ ဆန်ကိုတော့ ဟိုမှာဝယ်စားလိုက်၊ တခါတခါဒီမှာ လာပြန်သယ်လိုက်ပဲ။ ဟင်းချက်စရာကတော့ ဝယ် မစားနိုင်ဘူးဆရာ ရေ၊ ကျနော်တို့က ကျွဲလိုနွားလိုစားကြတာဆိုတော့ ဝယ်မစားနိုင်ကြဘူး၊ တွေ့ရာအသီးအရွက်တွေကို ခူးစားရင်း ကြာလာတော့ အပင်တွေက အရွက်ရင့်တွေတောင် မကျန်ကြတော့ဘူး။ ဒါကြောင့်ခွင့်တောင်းပြီး ဒီမှာဟင်းစား လာပြန်ရှာနေရတယ်”
“ဆရာကကံကောင်းတယ်။ မနေ့ညက ကျနော် ဂျီတကောင်ရထားတယ်။ အခု ဝမ်းတွင်းသားတွေချက်ထားတယ် ဆရာရေ။ တခါထဲထမင်းစားတော့မလား”
“ထမင်းဆာလာတာနဲ့အတော်ပဲ တိုးနိုးနိုပါရေ။ ကျနော်လည်း ဒီမှာလာပြန်နေချင်ပြီ”
ကျော်ကဒါတို့အဖွဲ့က ထမင်းဝိုင်းပြင်နေကြပြီ။ ကျနော်ကတော့ တိုးနိုးနိုပါကိုတွေ့လိုက်ရတာနဲ့ ဟင်းကောင်းစားရ တော့မယ်လို့ ကြိုတွေးပြီးသား။ ဟိုးအရင်သူတို့အိမ်မှာ အတူတူနေခဲ့ရတဲ့အချိန်ကဆိုရင်၊ တောဝက်သား၊ ဂျီသား၊ တော ကြက်၊ ငှက်၊ ဖား၊ ငါး တမျိုးပြီးတမျိုး မရိုးနိုင်အောင်ရှာကျွေးနေကျ။ တချို့တောကောင်တွေဆိုရင် နာမည်တောင်မခေါ် တတ်ဘူး။ ကြက်လိုလို ငှက် လိုလိုအကောင်တွေ၊ ကြောင်လိုလို ကြွက်လိုလိုအကောင်တွေ အစုံပါ၏။ ရစ်တို့၊ ဖြူတို့၊ ပွေး တို့ဆိုလျှင် လယ်ခိုဒိုးသာရွာမှာနေမှ ကျနော်မြင်ဖူး၊ စားဖူးသည်။
“ကဲ လက်ဆေးဆရာရေ စားကြမယ်”
ကြမ်းပြင်မှာဝိုင်းထိုင်ကြပြီး ထုံးစံအတိုင်း မစားခင်ဝတ်ပြုဆုတောင်းကြသည်။ ဒီနယ်တဝိုက်မှာက ခရစ်ယာန်ဘာ သာဝင်တွေ ချည်း။ ကျနော်လည်း သူတို့နည်းတူ မျက်စိမှိတ်ငြိမ်နေလိုက်ရ၏။

“စားလို့ရပြီဆရာရေ၊ အားရပါးရစား” ဆိုမှ မျက်စိဖွင့်ကြည့်လိုက်မိသည်။
“ဆရာရော ကိုမူဒိုရွာမှာနေရတာ အဆင်ပြေရဲ့လား”
“ပြေတယ်လည်းမဟုတ်ပါဘူးဗျာ၊ လူတွေနဲ့အတူနေရတယ်၊ စိတ်ချလက်ချအိပ်လို့ရတယ်၊ ထမင်းမငတ်ဘူး ဆိုရုံ ပါပဲ။ ကျနော် လည်းဟိုရောက်မှ ပညာတွေတိုးလာတယ်။ အခုစပါးလည်းရိတ်တတ်ပြီ၊ ဆူးလည်းထိုးတတ်ပြီ တိုးနိုးနိုပါရေ၊ အခု ကျနော်ဟိုမှာ ဒီးဒါးခိုရွာ၊ မာဘွယ်ခိုရွာနဲ့ ဂေလော်ခီးရွာက ကလေးတွေကိုပါခေါ်ပြီး စာသင်ပေးနေတယ်”
“ကောင်းတယ်ဆရာ။ ကလေးတွေလည်း ရွာတွေမီးရှို့ခံထားပြီးကတည်းက တောထဲပုန်းနေကြရတော့ လူနဲ့ကို တူကြတော့မှာ မဟုတ်ဘူး။ စာလည်းမသင်ရ၊ အိမ်နဲ့လည်းမနေရ”

စကားပြောရင်း တိုးနိုးနိုပါက အသည်းဖတ်ကြီးကြီးတဖတ်ကို ကျနော့်ပန်းကန်ထဲ ခပ်ထည့်ပေးကာ အူဖတ်တဖတ် ကိုခပ်၍ သူ့ပါးစပ်ထဲသို့ တန်းထည့်လိုက်၏။


(၂)


“ဝုန်း”
ထမင်းဝိုင်းမှ စကားသံများလည်းရပ်၊ ဆောင်းပုဇင်းရင်ကွဲသံများလည်းရပ်သွားကြ၏။ ရွာအနောက်ဖက်မှ အသံ ဖြစ်သည်။ ကျနော်တို့နှင့်ဆိုလျှင် အများဆုံး တမိုင်ကျော်ကျော်သာ ကွာနိုင်သည်။


“ဟာ မိုင်းသံပဲ၊ ဘာဖြစ်ပြန်ပြီလဲမသိဘူး”
“တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးထင်တယ်၊ လက်နက်ငယ်အသံတွေ မကြားရဘူး”

ကျနော်တို့ထမင်းဝိုင်းကို လက်စသတ်လိုက်ကြပြီး သတိဝီရိယဖြင့် မီးမှုတ်၊ အသံတိတ်ကာ ငြိမ်နေ လိုက်ကြသည် ကျနော် လည်း တနေကုန်လမ်းလျှောက်ထားရသဖြင့် လှဲနေရင်းက အိပ်ပျော်လုလု။
“တိုးနိုးနိုပါ၊ တိုးနိုးနိုပါ”
ဟိုမှာ မိုရှေးမိုင်းနင်းမိလို့ ဟုလှမ်းပြောရင်း နေသာဆိုးပါတယောက် ဒါးပလိုင်းကိုလွယ်လျှက် အမောတကော ရောက်လာသည်။
“ဘာ … ဘယ်လိုဖြစ်တာလဲ”
မိုရှေးမှာ တိုးနိုးနိုပါ(တိုးနိုးနို၏အဖေ)ရဲ့ ယောက်ဖ။ တိုးနိုးနိုမို(တိုးနိုးနို၏အမေ) ရဲ့ အကို။
“ညနေက မိုရှေးကို တောကြက်ထောင်ဖို့ပြင်နေတာတွေ့တယ်။ ခိုဒိုးကားရွာဖက်သွားတဲ့လမ်းမှာ သွားထောင်မလို့ လုပ်နေလို့ သူ့ ကိုသတိပေးခဲ့သေးတယ်။ အဲ့ဒီလမ်းက စစ်သားတွေဖြတ်ဖြတ်သွားတတ်လို့ ဗိုလ်သဲဒယ်အဖွဲ့က မိုင်းထောင် တဲ့ ကျော်ဂေါ်အယ် က ဒီလမ်းမှာမိုင်းထောင်မယ်လို့ အကြောင်းကြားထားပြီးသား”
ဗိုလ်သဲဒယ်ဆိုတာက ကေအန်ယူကတပ်ခွဲမှူး၊ နှုတ်ခမ်းမွှေးစစ၊ အရပ်မြင့်မြင့်နှင် ဆက်ဆံရေးကောင်းသူ။

ပညာ တတ်တ ယောက်။
“ဒါဆိုရင် ဒီဖက်ကထောင်တဲ့မိုင်းပေါ့” လို့ ကျနော်ဖြတ်မေးလိုက်သည်။
“သေချာတာပေါ့၊ ထောင်မယ်ဆိုရင်လည်း ဘယ်နေရာလောက်မှာဆိုတာ မပြောထားဘူး။ လမ်းဆိုတာက အရှည် ကြီး။ ဘယ်နား မှာဆိုတာ ဘယ်လိုခန့်မှန်းမလဲ”
“မိုရှေးကလည်းဂရုမစိုက်တာပါ၊ ကြက်ထောင်စရာနေရာတွေအများကြီးပဲ”
အချိန်က ၁၂ - နာရီကျော်ကျော်။ လကွယ်ညမို့ တလောကလုံးမှောင်မဲနေသည်။ ဒီဇင်ဘာလမို့ အအေးဓါတ်က အားကောင်းဆဲ။ ကျနော်မျက်လုံးထဲတွင်တော့ သဘောကောင်းကောင်း၊ ခပ်အေးအေးနေတတ်သည့် ကိုမိုရှေးမျက်နှာကို မြင်ယောင်နေမိသည်။
“ဒီလိုနေလို့တော့မဖြစ်ဘူး၊ မိုရှေးကိုဒီည တွေ့အောင်သွားရှာမှဖြစ်မယ်။ ဆရာလည်းလိုက်ခဲ့ပေါ့”
တိုးနိုးနိုပါ စဉ်းစားနေရင်းမှ ရုတ္တရက်ပြောလိုက်သည်။ တိုးနိုးနိုပါက ကျနော့်မွေးစားအဖေ။ အသက်သိပ်မကွာလှ ပေမယ့် မိဝေး ဖဝေးဖြစ်နေတဲ့ကျနော့်ကို မိဘတဦးလို သဘောထားနိုင်သူ။ သူ့သားတိုးနိုးနို ကျောင်းတက်ရင်းဖျားလို့ ကျနော်ဆေးသွားကုဖူး သည်။ တိုးနိုးနိုအထက်ကနှစ်ယောက်နဲ့ အောက်ကတယောက် ရောဂါနဲ့ဆုံးပါးဖူးသဖြင့် သူ့သား ရောဂါကို ပျောက်အောင်ကုသ ပေးသူ၊ ကျေးဇူးရှင်အဖြစ်ကျနော့်ကို သတ်မှတ်ထားဟန်ရှိသည်။ သူ့အိမ်တွင် လာနေဖို့ ဖိတ်ခေါ်ကာ၊ သား အရင်းတယောက် လို သဘောထားခဲ့သူလည်းဖြစ်သည်။
“ဆရာမှာဆေးပါတယ်မဟုတ်လား”
တိုးနိုးနိုပါမှ ဆက်၍မေးသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျနော်နားချင်နေသည်။ တနေကုန်ပင်ပန်းခဲ့သည်နှင့် အိပ်ချိန် လွန်နေခြင်းများကြောင့် အလွန်အိပ်ချင်လှပြီ။ သို့သော်မိုရှေးက တိုးနိုးနိုပါရဲ့ယောက်ဖ၊ လယ်ခိုဒိုးသာရွာရဲ့ သင်းအုပ် ဆရာ၊ ဒါထက်အရေးကြီးတာက ကလေးငယ်(၂) ယောက်ရဲ့ဖခင်၊ သူ့မိသားစုကို စုစည်းရွာမှာထားခဲ့ပြီး ရွာမှာဟင်းစား ပြန်လာရှာစား သူ၊ တခုခုများဖြစ်သွားရင် …
“ကျနော့်မှာပါပါတယ်၊ ဆေးမစုံပေမယ့် တတ်နိုင်သလောက်ကြည့်လို့ရတာပေါ့”
“ဟုတ်တယ်ဆရာ၊ ဆရာပါလာတယ်ဆိုရင် မိုရှေးလည်းအားရှိမှာ”
“ဒါဆိုရင်မြန်မြန်သွားကြမယ်၊ ကျော်ကဒါက ဆရာ့ဆေးပုလိုင်းကိုလွယ်ကူလိုက်”
ဟုပြောကာ တိုးနိုးနိုပါက ဒါးချင်းကို လွယ်၊ တူမီးကိုထမ်းကာ ရှေ့ဆုံးမှထွက်သွားသည်။ ကျနော်နှင့် ရွာသားများက နောက်မှ …။


(၃)

 


ရွာကိုဖြတ်တက်၍ ၁၅ - မိနစ်လောက်လျှောက်အပြီး ဓါတ်မီးရောင်နှင့် လူတစုကိုမြင်လိုက်ရသည်။ ဓါတ်မီး အလင်းရောင်များ မှာ အတန်းလိုက်မဟုတ်ပဲ အစုလိုက်ဖြစ်နေခြင်းနှင့် ကရင်လိုစကားပြောသံများကိုကြားနေရသဖြင့် ရွာ သားများ ဖြစ်ကြောင်း ခန့်မှန်နိုင်သည်။ ကျနော်စိုးရိမ်မိသည်မှာ ဗုန်းကွဲသံကြားသဖြင့် အစိုးရစစ်တပ်များတောနင်းနိုင်၍ တည့်တည့်တိုးမိမည်ကိုသာ။ ပို၍နီးလာလေလေ စကားသံများမှာ ပို၍ရှင်းလာလေလေဖြစ်ပြီး၊ လယ်ခိုဒိုးသာရွာသူကြီး ဦးစောထူးနှင့် ရွာသားများဖြစ် နေ ကြသည်။
“တိုးနိုးနိုပါရေ၊ မိုရှေးတော့ ခြေတဖက်ပြတ်သွားပြီ၊ ခုနက နေဆဲပြန်ရောက်လို့ပြောပြတယ်။ သူနဲ့အတူတူသွားတာ တဲ့၊ ကြက် ထောင်ချောက်တွေလိုက်ချပြီးအပြန် မိုရှေးက တောကြောင်သွားစောင့်မယ်လို့ပြောပြီး စားပင်ဖက်ကိုအသွား နင်းမိ သွားတာတဲ့။ နေဆဲလည်းလန့်ပြီးပြန်ပြေးလာတယ်။ ခက်တာက ညကလည်းမှောင်၊ အဲ့ဒီနားတဝိုက်မှာက မိုင်းက ၂ - လုံး ကျန်သေးတယ် ဆိုတော့ သွားရမှာ ခပ်လန့်လန့်ဖြစ်နေကြတယ်”
“ဟာ ဆရာလူဗိုလ်လည်းပါတာပဲ၊ အတော်ပဲဆရာရေ၊ ဆရာ့ကိုပဲ အားကိုးရမှာပဲ”
ဟု နေဆဲမှလှမ်း ပြောသည်။
သူဆိုလိုတာကို ကျနော်သဘောပေါက်၏။ ကျနော်က ဒီရွာမှာစာသင်တဲ့ဆရာဆိုပေမယ့် ကျောင်းသားတပ်မ တော်ကဆိုတာ ရွာသားတိုင်းသိကြသည်။ သို့ကြောင့်ပင် မိုင်းအကြောင်းကို ကျနော်နားလည်လိမ့် မည်ဟုထင်ပုံရသည်။ အမှန်က ကျနော်နဲ့ မနီးစပ်ခဲ့။ ကျနော်က ABSDF ရဲဘော်တယောက်ဖြစ်ပေမယ့် ကျနော်ထမ်းဆောင်ဖူးသည့် တာဝန်များ ထဲတွင် တိုက်ခိုက်ရေး ကဏ္ဍမပါ။ ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် ပညာရေးဌာနများတွင်သာ လုပ်ကိုင်ခဲ့ဖူးသဖြင့် မိုင်းကိစ္စ ကို နားမလည်ရိုးအမှန်။
“ဆရာရေ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့လည်း ခြေမချရဲဘူးဖြစ်နေကြတယ်။ မသွားရင်လည်း သွေးထွက် လွန်ပြီး မိုရှေးတယောက် ဒုက္ခရောက်မှာ”
ကျနော်ဘာဆက်လုပ်ရမည်နည်း။ လမ်းသိသည့်ရွာသားများကလည်း ရှေ့ကမသွားရဲ။ ကျနော်ကိုယ် တိုင်က လည်း ထိုနည်းတူ စွာ။ ပို၍ဆိုးသည်ကား မိုင်းကိစ္စကိုကျနော်နားမလည်ကြောင်း ရွာသားများကိုရှင်းပြရင်လည်း ကြောက်၍ ပြောသည်ဟု ထင်နိုင် သည်။ ယုံကြည်မှုကင်းမဲ့သွားနိုင်သည်။ မတတ်နိုင်တော့၊ မိမိ၏ကျေးဇူးရှင်များအပေါ် ကျေးဇူးဆပ် နိုင်ခွင့်ကို လက်ရှိအခြေ အနေနဲ့ပဲ အရယူရတော့မည်။ ဘဝဘဝတွေနဲ့ရင်းပြီး ဗမာမှန်ရင် လူဆိုး၊ လူယုတ်မာဟု သတ်မှတ် ထားခဲ့ကြသော တောင်ပေါ် ဘွဲကရင်များကို ကောင်းသည့်ဗမာဆိုတာ ရှိသေးကြောင်းကို ကြုံတုန်းသက်သေပြရမည်။
“ဒါဆိုရင် ကျနော်ရှေ့ကသွားမယ်။ ခပ်လှမ်းလှမ်းကလိုက်ခဲ့ကြ၊ ကျနော်ကလမ်းမသိတော့ လမ်းခွဲရှိရင် အော်ပေး ပေါ့။ ကဲ သွားကြစို့”
ရှေ့မှသာလျှောက်ခဲ့ရသည် ကျနော့်စိတ်မှာ လေးနေ၏။ ခြေ (၂) ဖက်မှာ ခဲကြီးကြီးဆွဲထားသလိုလို။ အရဲစွန့်၍ ရှေ့မှထွက်ခဲ့ရ ပေမယ့် ဘုရားတနေမိ၏။ လမ်းကလည်းမှောင်၊ ဓါတ်မီးကလည်းအားနည်းနေသဖြင့် တောင်ကြောတ လျှောက် အဆင်း တက်ကိုလမ်းလျှောက်ရသည်မှာ မဖြောင့်။ ဖြစ်နိုင်လျှင် ဤအဖြစ်အပျက်ကို အိပ်မက်သာ ဖြစ်စေချင်တော့သည်။


(၄)


ဗီဒီယိုကြည့်သလို၊ ကက်ဆက်နားထောင်သလိုသာ ကျော်လို့ရရင် လက်ရှိအခြေအနေကို ကျော်လိုက်ချင်၏်။
“ဆရာ … ဆရာ့ဓါတ်မီးက သိပ်အားမကောင်းဘူး၊ ကျနော့်ဓါတ်မီးနဲ့လဲပေးမယ်၊ ခဏစောင့်ပါဦး”
နောက်မှ တိုးနိုးနိုပါအသံကြောင့် ခဏရပ်စောင့်၍ဓါတ်မီးလဲလိုက်သည်။ တိုးနိုးနိုပါ၏ ကျနော့်အပေါ် မေတ္တာထား နိုင်မှုနှင့် ဂရု တစိုက်ရှိမှုတို့ကို သတိပြုလိုက်မိသည်။ ကျနော့်မှာတော့ ခဏတာ ခုလိုရပ်နားခွင့် ရရှိလိုက်ခြင်းသည်ပင် မဟာ အခွင့်အ ရေးတ ရပ်။ စိတ်ကိုအတင်းချုပ်တည်းကာလျှောက်နေရခြင်းမှ ကင်းလွတ်ခွင့်၊ လွတ်မြောက်ခွင့်ပေတည်း။


ဓါတ်မီးလဲလိုက်ခြင်းကြောင် လမ်းကိုကောင်းကောင်းမြင်ရလေပြီ။ လမ်းမမြင်ရ၍ ဖြေးဖြေးလျှောက်နေရသည်ဟု ဆင်ခြေပေး ခွင့်မရှိတော့။ ခပ်သွက်သွက်လျှောက်မှဖြစ်တော့မည်။ ကျနော့်ကိုကျနော်လည်း အမျိုးမျိုးအားပေးနေရသည်။
တပ်ရင်းမှရဲဘော်များ၏ နောက်ပြောင်ပြောခဲ့ဖူးသည်များကို ပြန်သတိရမိသည်။ မိုင်းမှာ ကိုယ်ပိုင်နံပါတ်နဲ့ နာမည် တွေ ကပ်ပါ ပြီးသားတဲ့။ အတွေ့အကြုံများထဲမှ စကားများဖြစ်၏။ ရှေ့ကသွားတဲ့လူမထိပဲ နောက်ကလူကိုထိတဲ့ အဖြစ်တွေ၊ လူအများသွား လာနေကျနေရာနဲ့ အမြဲနေနေကျနေရာတွေမှာ ခဏလာလည်တဲ့လူကျမှ ထိတတ်တဲ့အဖြစ်တွေကနေ ပေါ် လာတဲ့စကားလေ။
ဟုတ်သည်။ ကံပါရင်တော့ နင်းမိမှာပဲ။ ခုမနင်းမိလည်း နောက်နင်းမိချင် နင်းမိနိုင်တာပဲ။ ဖြေးဖြေး လျှောက် လျှောက်၊ မြန်မြန် လျှောက်လျှောက်၊ နောက်ကလျှောက်လျှောက်၊ ရှေ့ကလျှောက်လျှောက် ထိချင်တဲ့သူထိမှာပဲ။ မထူးတော့ ပါဘူး၊ ရဲရဲသာ လျှောက် တော့လူဗိုလ်ရေဟု စွတ်အတင်းအားပေးကာ သွက်သွက်ကလေး လျှောက်လိုက်မိသည်။


အတော်ကလေးလျှောက်မိပြီး ခပ်ညည်းညည်းအော်သံကိုကြားလိုက်ရ၍ အပြေးလေးသွားကြည့်မိသည်။ သေချာ တာပေါ့ ကိုမို ရှေး။ ညာဖက်ခြေ ဒူးဆစ်အောက်တွင်မရှိတော့။ ပက်လက်အနေအထားဖြင့်လဲနေသည်။ သွေးများမှာ မြင်မ ကောင်း။ မျက်နှာမှာလည်း စိုးရိမ်သောကများနှင့်အတူ ညှိုငယ်နေ၏။
“ကိုမိုရှေး၊ ကျနော်ဆရာလူဗိုလ်ပါ။ ကျနော်တို့ရောက်လာကြပြီ ဘာမှအားမငယ်နဲ့။ တိုးနိုးနိုပါလည်းပါတယ်”
ဟု တတ်နိုင်သမျှ အားပေးစကားဆိုရင်း သူ့လက်တဖက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။
“ဆရာရယ်ကယ်ပါဦး၊ ကျနော်တော့ဒုက္ခရောက်ပြီ၊ ခြေထောက်လည်းမရှိတော့ဘူး” မိုရှေးရဲ့မျက်နှာမှာ မျက်ရည် အရွှဲသား။
ဒီအချိန်မှာပဲ ရွာသားတဖွဲ့လုံးရောက်လာကြသည်။ ကျနော်က ကိုမိုရှေးခြေထောက်ကို ပါလာသည့်ပု ဆိုးဖြင့် ဖြန့်အုပ်ထားပေး လိုက်သည်။ မြင်နေရလျှင် ရွာသားတယောက်ဝင်လာတိုင်း “ဟာ” “ဟယ်” အသံများနှင့် မျက်နှာပျက်ပျက် သွားတတ်မှုများ ကြောင့် လူနာအားငယ်သွားမှာကို စိုးရိမ်မိ၍။
ကျိမ်းသေသည်မှာ ကျနော်သည် ဆေးပညာကျွမ်းကျင်သူတယောက်မဟုတ်။ အထူးသဖြင့် ခုလိုထိခိုက်ဒဏ်ရာ များနှင့် ပို၍ပင် မနီးစပ်။ လေ့လာဖတ်ရှုဖူးသမျှများနှင့် အတန်အသင့်သော အတွေ့အကြုံများအရသာ ကုသနေရခြင်း ဖြစ်သည်။ ကျောင်းစာသင်ပေးရင်းက ကျောင်းသားများကို စ၍ကုသခဲ့သည်။ ပထမ စားဆေးများနှင့်သာ။ နောက်ပိုင်း ဖြေ ဆေး၊ အသက် ကယ်ဆေးများရှိလာမှ ထိုးဆေးများကိုအသုံးပြုခဲ့သည်။ ကျောင်းသားများကိုကုသနိုင်မှုများအပေါ် ရွာသား များမှ ယုံကြည် လက်ခံလာကြ၍ ရွာမှပင် ဆေးဝါးများဝယ်ယူပေးကာ ကုသစေခဲ့၏။ မိမိ၏စေတနာထားမှု၊ ရွာသားများ၏ ယုံကြည်မှုနှင့် ဆေး ပညာကို တတ်နိုင်သရွေ့လေ့လာကာ စနစ်တကျအသုံးချနိုင်မှုများကြောင့် လယ်ခိုဒိုးသာရွာသာမက နီးစပ်ရာရွာများမှပင် မိမိကို အားကိုးလာကြသည်။ “ဖြစ်တတ်လျှင်ပျောက်တတ်သည်”ဟူသော ရိုးရာအစွဲများဖြင့် ရောဂါကို ရင်ဆိုင်နေရာမှ ကုသမှုကို အလေးထားလာကြခြင်းဖြစ်၏။


ပါလာသည့်ဆေးများထဲမှပင် သွေးတိတ်ဆေး၊ သွေးအားနည်းမှုမှ သက်သာစေနိုင်သည့်ဆေးများပေးပြီး သူကြီး နှင့် တိုးနိုးနိုပါ တို့ကို ခပ်လှမ်းလှမ်းသို့ခေါ်ကာ လူနာရှေ့တွင် မျက်နှာမပျက်မိကြဖို့၊ စိတ်ဓာတ်ကျစေနိုင်မည့်စကားများကို မပြောမိစေဖို့၊ ပုခက် နှင့်ပင် ထမ်းစင်ကိုအမြန်လုပ်ကြဖို့တို့ကိုသတိပေးလိုက်သည်။ ပုခက်မှာ ကျနော့်တွင်အသင့်ပါလာ၍ အဆင်ပြေသွားပြီး၊ ထမ်း စင်အတွက်ဝါးခုတ်ရန်ကိုမူ တိုးနိုးနိုပါမှတာဝန်ယူလိုက်၏။
ထိုအချိန်တွင် ကိုမိုရှေးမှ ရေဆာသည်ဆို၍ ဗီတာမင်ကေစားဆေး (၂) လုံးကို ရေဗူးအဖုံးနှင့်တခွက်စာရေဖြင့် တိုက်ပေးလိုက် သည်။ ရေများများပေးသောက်၍မဖြစ်။


(၅)


နှစ်ယောက်တဖွဲ့ဖြင့် လူနာကိုအလှည့်ကျထမ်းကာ ပြန်ခဲ့ကြသည်။ လမ်းကလည်းဆိုး၊ မှောင်ကလည်းမှောင်မို့ ခက်ခက်ခဲခဲ သွားနေရသဖြင့် ခရီးကသိပ်မတွင်။ စိတ်မကောင်းမှုများကြားက ကြည်နူးမှုဖြစ်ရသည်မှာ ရွာသားများသည် ခိုကပ်ခြင်းမရှိ သည့်အပြင် အတင်းလုထမ်းနေကြသဖြင့် တားနေရသည့်အဖြစ်ကိုပင်။
“ဆရာလူဗိုလ် … ဒီညတော့ နီးစပ်ရာဖာလာခြံတခုမှာပဲ အိပ်လိုက်ကြတော့မယ်။ ညဥ့်လည်းသိပ်နက်နေပြီ။ ဆရာလည်းရှိသမျှ ဆေးနဲ့ အတတ်နိုင်ဆုံးကူညီပေးပါ။ မနက်စောစောထပြီး ကျနော်တို့မိုရှေးကို သံတောင်ကိုပြန်ခေါ်သွား မယ်လေ”
“ရပါတယ်သူကြီးရယ်၊ ကျနော့်ကိုတော့ ဘာမှထည့်တွက်မနေပါနဲ့။ ကျနော့်မှာဆေးမစုံလို့သာ စိတ်မကောင်းဖြစ် နေရတာပါ။ ဒီအချိန်မှာ ဒရစ်သွင်းနိုင်ရင်သိပ်ကောင်းမယ်။ ကျနော့်မှာလည်းမပါဘူး”

သူကြီးနှင့်စကားပြောနေစဉ် လူနာခေါ်ခိုင်းသည်ဆို၍ အမြန်လိုက်သွားရပြန်သည်။ ရာသီဥတုမှာအေးလွန်းသဖြင့် ဒဏ်ရာမှ ကိုက်ခဲနေဟန်ရှိသည်။
“ဆရာရေ၊ ကျနော့်ကိုကယ်ပါဦး။ ခြေထောက်ကတအားနာနေလို့”
“ဟုတ်ကဲ့ပါကိုမိုရှေး၊ ကျနော် အခုပဲဆေးတလုံးထိုးပေးမှာပါ။ ဒီဆေးထိုးပြီးရင် သက်သာသွားမှာပါ”
ကျနော်အရေးပေါ်သိမ်းထားသည့် ဆိုဆီကွန် ထိုးဆေးပေးလိုက်ပြီး၊ ဗီတာမင်ကေစားဆေးကိုပါ ထပ်ပေးလိုက် သည်။ ဒီအချိန်လူနာအိပ်ပျော်သွားပါက လူနာရော ကျန်ရွာသားများပါအကျိုးရှိနိုင်သည် မဟုတ်ပါလား။
“ဘာမှအားမငယ်နဲ့ကိုမိုရှေး၊ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီလိုအဖြစ်မျိုးတွေ အများကြီးတွေ့ခဲ့ဖူးတယ်။ ရဲဘော်တယောက်ဆို မာနယ်ပလောမကျခင်တိုက်ပွဲတခုမှာ လက်ထဲကမိုင်းထကွဲလို့ လက်(၂) ဖက် ပြတ်သွားပြီး မျက်လုံ(၂) လုံးပါထိသွားတယ်။ မျက်လုံးတလုံးတော့ပြန်မြင်ရတယ်။ သူနာမည်က မိုးကျော်တဲ့”
“သူကစိတ်ဓါတ်မကျတဲ့အပြင် ဒဏ်ရာရပြီးနောက်ပိုင်းစိတ်ဓါတ်က ပိုပြင်းထန်လာတယ်လို့တောင် ပြောလို့ရ တယ်။ လက်(၂) ဖက်နဲ့ မျက်လုံးတလုံးမကောင်းတော့ပေမယ့် တစက်ကလေးမှ အနားမနေဘူး။ ရှေ့တန်းစခန်းကုန်းတွေ အထိ လိုက်နေနိုင် သေးတယ်။ လမ်းလျှောက်ရင်လည်း သူ့ကိုတွဲခေါ်တာမျိုးကို မကြိုက်ဘူး။ ဘယ်သူ့ကိုမှလည်း အားမကိုးဘူး”
တတ်နိုင်သမျှ အားပေးနေရင်းနဲ့ပဲ လူနာအိပ်ပျော်သွားသည်။ ကျနော်လည်းအိပ်ချင်နေပြီ။ အိပ်စရာနေရာ ရှာ ကြည့် တော့ ဝါးသဲ့ပြားတချပ်ခင်းထားသော နေရာလွတ်တခုကိုတွေ့ရသည်။ ဘေးနားမှာမီးဖိုနှင့်။
“ဆရာ ဒီမှာဆရာအတွက်နေရာလုပ်ထားတယ်။ ခဏအိပ်လိုက်ပါလား”
“ကျေးဇူးပဲ တိုးနိုးနိုပါရေ”

အချိန်က ည ၂ - နာရီခွဲတောင်ကျော်သွာပြီ၊ ကျနော်လည်းခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားသည်။


(၆)


“ဆရာ ဆရာ ခဏလောက်ထပါဦး၊ မိုရှေးခေါ်ခိုင်းလို့”
အိပ်ပျော်လို့ တနာရီတောင်မပြည့်သေးမီတွင် တိုးနိုးနိုပါလာပြန်နှိုးသည်။ ဆေးပလိုင်းကိုလွယ်၍ ချက်ချင်းလိုက် သွားလိုက် သည်။
“ဆရာရယ် ဆရာ့ကိုလည်းအားနာပါတယ်၊ ကျနော်ဘယ်လိုမှ အိပ်လို့မရတော့လို့ပါ။ ဒဏ်ရာက တအားနာတာပဲ ဆရာရယ်၊ ကျနော့်ကိုဆေးထပ်ထိုးပေးပါဦး”
ရာသီဥတုကအေးလွန်း၍ ဒဏ်ရာမှနာသည်ဆိုသည်မှာ သဘာဝကျပါသည်။ သို့သော် ကျနော့်မှာဆိုဆီကွန် မရှိ တော့၊ ဒိုင်ယာဇီဖင်ထိုးဆေးတလုံး ထပ်ထိုးပေး၍၊ နောက်ထပ် ဒိုင်ယာဇီပင်စားဆေးနှင့် ဗီတာမင်ကေ ထပ်ပေးလိုက်သည်။
“ကိုမိုရှေးရေ၊ စိတ်ထဲမှာ ဒဏ်ရာအကြောင်းပဲတွေးပူနေရင်တော့ အိပ်လို့ရမှာမဟုတ်ဘူး၊ ဖြစ်ခဲ့ပြီးမှတော့ ရတဲ့ နည်းနဲ့ ဆက်ရင် ဆိုင်ကြရမှာပဲ။ ဘုရားသခင်လည်းခင်ဗျားကို ပစ်ထားမှာမဟုတ်ပါဘူး၊ တတ်နိုင်ရင် ဟိုး ငယ်ငယ်က အကြောင်းတွေဖြစ်ဖြစ်၊ လူပျိုအရွယ်တုန်းက အကြောင်းတွေပဲဖြစ်ဖြစ် တွေးနေလိုက်ပါလား။ ခင်ဗျားအိပ်ပျော်သွား လိမ့်မယ်”
ကျနော်ပြောသလို လုပ်၍ပေလား၊ ဆေးတန်ခိုးကြောင့်ပေလားမသိ၊ ခဏကြာတော့ လူနာပြန်အိပ်ပျော်သွား သည်။ ကျနော်လည်းနေရာကိုပြန်၍ မီးခဏလှုံပြီး ပြန်အိပ်လိုက်သည်။ တိုးနိုးနိုပါတယောက်သာ လူနာဘေးတွင် စောင့်နေပြီး၊ ကျန် ရွာသားအားလုံးမှာ အိပ်ပျော်နေကြလေပြီ။


(၇)


ကျနော်ပြန်နိုးလာတော့ နံနက် ၄ - နာရီခွဲပြီးပြီ၊ ရွာသားတချို့က ခရီးထွက်ဖို့ပြင်နေကြပြီး၊ တချို့က ထမင်းချက်နေ ကြသည်။ လူနာကို လှမ်းအကဲခပ်ကြည့်တော့ အိပ်ပျော်နေဆဲ။ တိုးနိုးနိုပါလည်းလူနာဘေးတွင် အိပ်ပျော်လျှက်။ တညလုံး စောင့်နေရ သဖြင့် အိပ်ချင်ရှာမှာပေါ့။
“နိုးပြီလားဆရာ၊ နဲနဲလင်းလာတာနဲ့ ကျနော်တို့ခရီးထွက်ကြမယ်။ လမ်းမှာလိုမယ်ထင်တာလေးတွေကိုလည်း ပြင် ဆင်ပေး လိုက်ပါဦးဆရာ”
သူကြီးမှနှုတ်ဆက်ရင်း လူနာအတွက်စိတ်ပူပင်နေမှုများကို ထုတ်ဖေါ်ပြသည်။
“ဟုတ်ကဲ့ပါသူကြီး၊ ကျနော့်မှာရှိတဲ့ဆေးတွေထဲက လိုအပ်မယ့်ဆေးတွေ ပေးလိုက်ပါမယ်။ ဒါပေမယ့် ဆေးထိုး တတ်တဲ့ လူတ ယောက်တော့လိုမယ်”
“ဒါဆိုရင် ကျော်ကဒါဖြစ်မလားဆရာ”
“ကောင်းတယ်သူကြီး၊ အရင် ကျနော့်ဆီမှာ လာလေ့လာဖူးတယ်။ ဆေးလည်းထိုးဖူးတယ်။ သူ့ကိုခဏခေါ်ပေးပါ လား သူကြီး၊ ကျနော်လိုတာလေးတွေ မှာလိုက်ချင်လို့”
“နေဆဲရေ၊ ကျော်ကဒါကို ခဏသွားခေါ်ပေးစမ်းပါဦး၊ ငါခေါ်ခိုင်းတယ်လို့ပြောလိုက်”

ဆေးပုလိုင်းထဲမှ လိုအပ်မယ်ထင်တဲ့ဆေးတွေကို ထုတ်ကြည့်နေသည်။ လမ်းမှာလိုနိုင်တာတွေက သွေးတိတ် ဆေး၊ စိတ်ငြိမ် ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အသက်ကယ်ဆေးတွေ။ သံတောင်မြို့ရှိဆေးရုံကို အချိန်မီရောက်သွားဖို့ပဲ လိုသည်။ လမ်းမှာအနည်းဆုံး (၈) နာရီလောက်ကြာနိုင်တာမို့ လိုအပ်မည့်ဆေးတွေကို တွက်လိုက်၏။
“ဆရာ ကျနော်ရောက်ပြီ၊ ဘာကိစ္စလဲဆရာ”
“သြော် ကျော်ကဒါရေ ဒီလို၊ ကျနော်ကခင်ဗျားတို့နဲ့လိုက်လို့မရဘူး။ လူနာကလမ်းမှာ ဆေးထိုးဖို့လိုဦးမယ်။ ဒါကြောင့်ခင်ဗျားကို ဆေးပစ္စည်းတွေအပ်လိုက်ပြီး လိုတာတွေမှာလိုက်ချင်လို့”

“ပြောပါဆရာ”
“အရေးကြီးတာက လူနာကိုရေများများမတိုက်မိဖို့ ဂရုစိုက်ပါ။ ရေများများသောက်ရင်သွေးထွက်များမယ်။ ဒါကြောင့် လမ်းမှာ သူရေတောင်းသောက်ရင် ရေဗူးဖုံးတဖုံးစာပဲတိုက်ပါ။ ရေတိုက်တိုင်း ဗီတာမင်ကေ (၂) လုံးထည့်တိုက်၊ နောက်ပြီး သိပ်နာ၊ သိပ် ကိုက်တယ်ပြောရင် ဒိုင်ယာဇီဖင်ထိုးဆေးကို အကြောထဲကနေထိုးပေးပါ။ လူနာအခြေအနေဆိုးလို့ ဥပမာ ထူးထူးခြားခြားအမူ အရာပျက်နေရင်တော့ အသက်ကယ်ဆေးကိုအကြောထဲကပေး။ နောက်ပြီး ဆေးတွေကိုလည်း သေသေ ချာချာသိမ်းထားပေး နော်။ ရှင်းရဲ့လား ကျော်ကဒါ၊ မရှင်းရင်၊ နားမလည်ရင်ပြန်မေးနော်”
“ရှင်းပါတယ်ဆရာ”

ဆေးတွေနဲ့ ဆေးပစ္စည်းတွေကို ကျော်ကဒါကိုအပ်လိုက်သည်။ ခဏနေတော့ မိုးလင်းစပြုလာပြီး၊ လူနာပါနိုးလာ သဖြင့် ဆေး ထပ်ပေးရင်း အားပေးစကားပြောရပြန်သည်။ လူနာမှာ ဆေးအရှိန်ကြောင့်ပေလား၊ သူ့ကိုယ်သူထိမ်းနိုင်လာ၍ ပေလားမသိ၊ အရင်လောက်မညည်းတော့။
“ကဲ ကိုမိုရှေးရေ၊ နောက်မှပြန်တွေ့ကြမယ်၊ အားလုံးပဲဗျာ လမ်းမှာဂရုစိုက်ကြပါ။ ရေများများမတိုက်မိစေဖို့တော့ အားလုံးပဲ တိထားကြပါဗျာ”
လူနာကိုထမ်းပြီးထွက်သွားကြပြီ၊ တိုးနိုးနိုပါတယောက် ရှေ့အတော်ရောက်ပြီးမှ ကျနော်ရှိရာသို့ပြန်လာကာ …
“ဆရာရေ ကျနော်တို့ ၂ - ရက်၊ ၃ - ရက်လောက်ကြာရင်ပြန်လာမယ်။ ဆရာ ကျနော်တို့တဲမှာ ပြန်စောင့်နေပေါ့၊ ဂျီသားတွေ ဆရာကြိုက်သလိုလုပ်စား၊ သွားလိုက်ဦးမယ်နော်ဆရာ”
ရွာသားများ ကျနော့်မြင်ကွင်းထဲမှ တစစပျောက်ကွယ်သွားကြပြန်ပြီ။ လယ်ခိုဒိုးသာရွာအနီးတဝိုက်တွင် လူဆို၍ ကျနော် တယောက်ထဲ။ ဒုတိယအကြိမ်မြောက် တယောက်ထဲ။


(၈)


တိုးနိုးနိုပါ ပြန်အလာကို (၅) ရက်ကြာစောင့်ပြီး ပြန်မလာနိုင်တော့ဟုယူဆမိသဖြင့် ကျနော်ကို မူဒိုရွာသို့ပြန်ခဲ့ သည်။ သို့သော်လမ်းရှိ သော့ခေါ်စောရွာသို့အရောက် အရေးပေါ်လူနာရှိနေသဖြင့် (၂) ည ဝင်အိပ်လိုက်ရသည်။ ဒုတိယ ညနေတွင် သံတောင်မှ ပြန်လာသောရွာသားအချို့ထံမှ လယ်ခိုဒိုးသာရွာမှ သတင်းများကို ကြားလိုက်ရ၏။
“ဆရာရေ၊ သောက်ရေခပ်ချောင်းရောက်တော့ မိုရှေးကရေဆာလို့တောင်းသောက်တယ်။ ရေနဲနဲပဲတိုက်ကြပါ တယ်။ ဒါပေ မယ့်သူကဒေါသထွက်ပြီး ငါ့ကိုရေလေးတောင် မသထာကြတော့ဘူးလားလို့ပြောရင်း အော်အော်ပြီးငိုလို့ ရေအဝပေး သောက် လိုက်ကြတယ်တဲ့။ သောက်ရေခပ်ချောင်းကထွက်ကတည်းက သွေးထွက်ပိုများလာတယ်တဲ့။ နောက် သံတောင်မြို့ လည်းဝင် ရော စိတ်လျှော့လိုက်ပုံရတယ်၊ ဆေးရုံမရောက်ခင် လမ်းမှာပဲအသက်ထွက်သွားတယ်”
“ဟာ ဒါဆို သွားတဲ့နေက့ထဲက မိုရှေးဆုံးတာပေါ့”
”ဟုတ်တယ်ဆရာ၊ ဆရာဆီပြန်အကြောင်းကြားဖို့ လူကြုံကလည်းမရှိ၊ ဟိုမှာလည်းနာရေးကိစ္စနဲ့ လူတွေကလည်း မအားကြ။ ဆရာ့ကိုတော့ အားနာစရာဖြစ်သွားတယ်”
“မလိုပါဘူးဗျာ၊ အစအဆုံးမကူညီလိုက်နိုင်တာကိုပဲ ကျနော်စိတ်မကောင်းဖြစ်မိတာပါ”

 


ဟုတ်ပါသည်။ ကိုမိုရှေးအခြေအနေမှာ စိုးရိမ်လောက်စရာ အခြေအနေမရှိ။ ငြိမ်းငြိမ်းချမ်းချမ်းကာလဖြစ်ပြီး လမ်း ပန်းဆက် သွယ်ရေးသာကောင်းခဲ့လျှင် ခုလိုဝမ်းနည်းကျေကွဲဖွယ်ရာ အဖြစ်ဆိုးမျိုးနှင့်ကြုံနိုင်စရာမရှိပေ။ ခုတော့ ခလေး (၂) ယောက်နှင့် သူ့မိန်းမခမျာ ဒုက္ခဝဋ်ကျွေးကြမ္မာတွေကို ဆက်ခံရရှာပေဦးတော့မည်။ ဆရာစောဘွဲ့မှူး သီချင်းထဲက “တောင် ပေါ်မှာဝေ၊ တောင်ပေါ်မှာနေ၊ တောင်ပေါ်မှာကြွေ သစ်ရွက်တွေလို တို့ဘ၀ဟာလည်း” စာသားလေးလို… ။ ။

လူဗိုလ်----၇.၁၂.၂၀၀၉
 

(ကရင်ပြည်နယ်၊ တပ်မဟာ (၂)နယ်မြေ၊ သံတောင်မြို့နယ်ရှိ ဘွဲကရင်များ၊ အထူးသဖြင့် လယ်ခိုဒိုးသာရွာသားများနှင့် တိုးနိုးနိုပါတို့မိသားစုအား လွမ်းဆွတ်သတိယခြင်း အမှတ်တရ…)

 
 

ရသ ၀တ္တုတို(၁၉)

အတုနဲ့  အစစ် - ညွန့် သစ်

 

အတုမတုမရှိ စတိုးဆိုင်ပိုင်ရှင် `“ဦးအလျောင်” သည် နယ်မှာရှိသည့် ဆိုင်များသို့  သူ့ ဆီမှ ပစ္စည်းများ မှန်မှန် ပို့ ပေးရလေ့ ရှိသည်။ ပက်ကင် အရက်ပုလင်းများကိုလည်း ဖောက်သည်များထံ ပို့ ပေးရသည်။

သိုသို့ ပို့ ပေးရာတွင် ပုလင်း အစစ်များကို အပြင်သို့ ထုတ်ပြီး အတုများကိုသာ ပို့ ပေးလေ့ရှိသည်။

တနေ့ တွင် တပည့်များက မှားပြီး အရက်ပုလင်း အစစ်များကို ပို့ လိုက်မိလေသည်။

ဤတွင် ဦးအလျောင်က---`“ငါတော့ နာမည် ပျက်ပါပြီကွာ။ မင်းတို့ က ပို့ နေကျမဟုတ်တဲ့ ပုလင်းတွေကို ပို့ လိုက်လို့  ၊ ငါ့ ဖောက်သည်တွေ ပျက်ကုန်ပြီ။” ဟု မြည်တွန်တောက်တီးတော့သည်။

 

မကြမီ ကာလတွင် နယ်မှ ဖောက်သည်များက အတုတွေ ပို့ လိုက်သည်ဆိုပြီး အရက်ပုလင်းများ ပြန်လဲပေးရန် ပြန်ပို့ ပေး လေ သည်။

ဤတွင် ဦးအလျောင်က--

`“တော်သေးတာပေါ့ကွာ၊ ငါ့ဖောက်သည်တွေက ငါ့ကို စိတ်မဆိုးပဲ ပြန်လဲခိုင်းတယ်၊ ကျေးဇူးကြီး လှပေတယ်”ဟု ပြောရင်း

`“ ဟင်း” --ကနဲ သက်ပြင်းချလိုက်လေသည်။

 

ညွန့် သစ်----၂၄.၁၁.၂၀၀၉

 
 

ရသ ၀တ္တုတို(၁၈)

သတ်ချင်တယ်- ဖိုးသောကြာ


(၁)

ကျနော့်နာမည် ကိုမာဒင်

နာမည်နှင့် တကယ်ကိုလိုက်ပါတယ်။ အသက် ၈၀ နားနီးတာတောင် မမာမကျန်း ထွေထွေ ထူးထူးမဖြစ်။

ကုန်ဈေးနှုန်းတွေ တက်ကာမှ စားလို့ သောက်လို့  အထူးကောင်းမွန်နေတယ်။

အလုပ်ကလည်း မလုပ်နိုင် ။ ၀င်ငွေကလည်ူးမရှိတော့။ မီးရထား လမ်းလုပ်သား ပင်စင်လစာကလည်း တလမှ ဆန် ကြမ်း တပြည်ဖိုးပင် မပြည့်ချင်။

(၂)

သားဖြစ်သူက ကြိုးစား အလုပ်လုပ်သော်လည်း ကလေး ၃ယောက် ပါးစပ်ပေါက် နဲ့ အထွေထွေ ကုန်ကျ စရိတ်က ကျပန်း လုပ်သား တစ်ယောက် ၀င်ငွေက မဖူလုံနိုင်။

အိမ်က ချွေးမ က သားကို ကြောက်လို့  ဘာမှ မပြောသော်လည်း မျက်နှာထားကို ကြည့်ပြီး အခြေအနေ မလှသည်ကို သိသည်။

ဒါကြောင့် ကပ္ပိယ အဖြစ် ဘုန်းကြီးကျောင်းမှာ သွားနေတဲ့ နေ့ မှာပဲ ကျောင်းမှာ ခေါင်းလောင်းတွေ ဆင်းတုတွေ ပျောက်တာနဲ့  လူစိမ်းတွေ လူသစ်တွေ ဖမ်းဆီးစစ်ဆေးတော့ အသက်ကြီးမှာ တော်တော် အထု ခံလိုက်ရသည်။ အရပ်ထဲ ပြန်လာတော့ ဘေးဘီက မသင်္ကာ မျက်လုံးတွေနဲ့  ကြည့်သည်။ လူ့ လောကမှာ မနေလိုပြီ။

သားဖြစ်သူ အငှားဖြန်းနေရာက ပြန်မပို့ ရသေးတဲ့ ပိုးသတ်ဆေးပုံးထဲက လက်ကျန် ကို ပုံးထဲက စစ်ကာ သောက်ထဲ့လိုက် သည်။

 

 

(၃)

သေပြီ။ သေတော့ ယမမင်းထံမှာ အစစ်ခံရသည်။ ဦးစွာ ပါးစပ်ထဲက -ကူးတို့ ခ တစ်မတ် ရှိမရှိ အရင်စစ်သည်။

ပါးစပ်ထဲပါလာတာက မတ်စေ့ မဟုတ်။ ၁၀၀ တန် အနွမ်းလေး တစ်ရွက်။ ငွေတစ်ရာတန်ကို မယူကြ။ တစ်မတ်ထက်များ နေသည်။

ယမမင်း အဖွဲ့ သားတွေက လာဘ်ထိုးတာလား ဆိုကာ ထောင်းထုကြပြန်သည်။ ဒီကောင် ရှိနေရင် တို့ ဆီမှာလည်းလာဘ်ပေး လာဘ်ယူတွေ ဖြစ်ကုန်မယ်ဆိုကာ လူ့ ပြည်ပြန်ပို့ လိုက်သည်။

မသေပဲ သတိပြန်လည်လာတဲ့ သူ့ ကို -လူတွေက မနှစ်မြို့ စွာ ၀ိုင်းကြည့်ကြသည်။

သေလို့ မရရင် သတ်ချင်သည်။ ဘယ်သူ့ ကို သတ်ရမလဲ။

ကုန်ဈေးနှုန်းကြီးအောင်လုပ်တဲ့ကောင်တွေ။ အကြွေရှားပါးအောင်လုပ်တဲ့ကောင်တွေ။ ပိုက်ဆံ အရွက်ကြီးကြီး ထုတ်တဲ့ ကောင်တွေ။ပြီးတော့ -တိုင်းပြည်ကို ပြစား၊ရောင်းစားတဲ့ ကောင်တွေ--တွေ--တွေ-

 

ဖိုးသောကြာ----၁၂.၁၁.၂၀၀၉

 
 

ရသ ၀တ္တုတို(၁၈)

အချိန်သူဌေး ဒုက္ခသည်- လူဗိုလ်


(၁)
ပါးစပ်ပေါက်မှ စားရမှန်း
နားလည်စွမ်း မရှိလေသူကို
လူဟုယူဆ
ရ မရ။ ။

ပိုနေသည်အထင်ရှိသည့် ရေးထားပြီးအပိုဒ်များကို ဖြတ်ထုတ်လိုက်၍ ကဗျာပုံပေါက်လာ၏။ တချို့ကိစ္စက များတိုင်းလည်း မ ကောင်းတတ်။ ပြန်ဖတ်ကြည့်တော့ ကျေနပ်သွား၍ ဒါဝင်သို့ တိုင်တည်ချက် ဟု ခေါင်းစဉ်တပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် စိတ် ထဲမှာတော့ တင်းကြပ်မှုတစုံတရာ လျှော့သွားသယောင်။ အချိန်က သန်းခေါင် ကျော်လုပြီမို့ ညဥ့်ပရစ်သံများမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်လျှက်။ ဖယောင်းတိုမီးကို အသာမှုတ်ကာ အနားပေးလိုက်ပြီး အိပ်ရန်အနေအထားသို့ အသင့်ပြင် လိုက်သည်။


ဝုန်း
့ 
တခါးကိုကြမ်းကြမ်းဆောင့်ဖွင့်၍ အိမ်ပေါ်တက်လာသောခြေသံနှင့် အိမ်ရှေ့ခန်းတွင်အိပ် နေသော တူအကြီးကောင်ကိုနှိုး၍ ပြောနေသောစကားသံများ။ အသံတွေက အသဲမကွဲ။ ယောက်ဖ အကြီးကောင်မူးလာပြန်ပြီ။
အိပ်ပျော်နေပြီးသော ဇနီးသည်က ကျနော့်လက်မောင်းကို တင်းတင်းလှမ်းဖျစ်လိုက်ရာ ကြားတယ်ဟု လေသံနှင်ပြန်ဖြေ လိုက် ၏။ နှစ်ဦးသားဆက်ပြီးငြိမ်နေလိုက်စဉ် တူအကြီးကောင် အိပ်ချင် မူးတူးဖြင့် မီးထထွန်းပြီး မီးဖိုဖက်သို့ လျှောက်သွားသံကို ကြားလိုက်ရသည်။

 


တူအကြီးကောင်၏ ထမင်းအိုးဖွင့်သံ၊ ထမင်းခူးသံ၊ ထမင်းစာပွဲသို့ယူလာသံများကို အကုန်ကြားနေရသည်။ တူအကြီးကောင်အိပ်ယာဖက်သို့ပြန်လျှောက်သွားပြီး အတန်ကြာမှ ယောက်ဖအကြီးကောင် ထမင်းစာပွဲသို့ လျှောက်သွားသံပေါ် လာ၏။ တော်တော်နှင့် ဘာအသံမှဆက်မကြားရသဖြင့် ကျနော်တို့လင်မယားနှစ်ယောက်လုံး နားစွင့်နေမိကြသည်။
ခလွမ့့်  ဂွမ်း
ထမင်းစာပွဲမှဇွန်းများ လွင့်စင်သွားသံဖြစ်သည်။ ကျနော်တို့နှစ်ယောက်လုံးတိုင်ပင်မထားပဲ အသံမကြား ရအောင်ထရင်း အခန်း နံရံ ဝါးသဲပြားများကြားမှ ချောင်းကြည့်မိကြသည်။ ယောက်ဖအကြီးကောင်မှာ ထမင်းပန်းကန်ကို ဒေါသတကြီးအမူအယာဖြင့် ကြည့်နေ၏။ မျက်နှာမှာလည်း မဲ့ရွဲ့လျှက်။ အံကိုကြိတ်ထားသယောင်ထင်ရသည်။
ကျနော့်ဇနီးသည် ရုတ္တရက် ခြင်ထောင်ထဲမှတဆင့် အခန်းပြင်သို့ သွက်သွက်ကလေး ထွက် လိုက်သည်။ ပန်းကန်စဉ်ပေါ်မှ ပန်းကန်ပြားဖြင့်အုပ်ထားသော ဟင်းခွက်ကိုလှမ်းယူ၍ သူ့မောင်ရှေ့ထမင်းစာပွဲပေါ်သို့ချပေးလိုက်သည်။
ဝုန့်း့  ခလွမ်
သူ့အမကို အကြည့်စူးစူးဖြင့် တချက်မော့ကြည့်ကာ စာပွဲပေါ်သို့ရောက်လာသည့် ဟင်းခွက်ကို ရိုက်ချလိုက်သည့်အသံဖြစ်သည်။ ဟင်းခွက်မှာ လွင့်စင်သွားပြီး နံရံနှင့်စောင့်မိကာ အောက်သို့ပြုတ်ကျ သွားသည်။
ကျနော့်ရင်ထဲမှာ အလုံးကြီးဆို့တက်လာသည်။ မျက်စိတွေပြာလာသည်။ စောစောက ကျနော့်ဇနီးသည် ထွက်သွားသည့် အလျှင်ထက် အဆများစွာသာမည့်အလျှင်ဖြင့် အခန်းအပြင်သို့ ကျနော် ရောက်သွားကာ့ 
ပူတူ့း့  ထမင်းမစားချင်ရင် ကောင်းကောင်းသွားအိပ်တော့နော်၊ ဘေးအိမ်တွေ အကုန်အိပ်နေကြပြီ
ကျနော့်စကားဆုံးသည်နှင့် ယောက်ဖအကြီးကောင်သည် ဇက်ကျိုးကျနေသောခေါင်းကို ဖြည်းဖြည်းချင်းမော့စေကာ ကျနော့်မျက်နှာသို့ စူးစူးရဲရဲလှမ်းကြည့်သည်။ သူ့မျက်လုံးတွေက မီးတောက်နေသယောင်။

(၂)
ကျနော့်လက်များက ယောက်ဖအကြီးကောင်၏ ကျောပေါ်တွင်စုချည်ထားသော ဆံပင်ရှည်ကြီးများကို တင်းတင်းဆုပ်ကိုင် လိုက်မိပြီး ကျနော်သည် ကျနော့်ယောက်ဖကို အိမ်ရှေ့ခန်းဆီသို့ တရွတ်တိုက်ဆွဲခေါ်လာခဲ့ မိလေသည်။
မစော်ကားနဲ့၊ မစော်ကားနဲ့
ကျနော့်ပါးစပ်မှ အသံကျယ်ကြီးနှစ်သံ ထွက်သွားပြီး၊ ထမင်းစာပွဲခုံအောက်ရှိ သစ်သားထိုင်ခုံကို ပြေးယူ မိပြန်သည်။ သည်တော့မှ ဇနီးသည်လည်း ကြောင်ပြီးရပ်ကြည့်နေရာမှ အသက်ဝင်လာကာ လဲကျနေသော သူ့မောင်အပေါ်သို့ ပြေး၍ မှောက် ချလိုက်သည်။ ပါးစပ်မှလည်းငါ့မောင်လေးကို မလုပ်နဲ့၊ ငါ့မောင်လေးကို မလုပ်ပါနဲ့ ဟု တုန်ရီနေသော အသံဖြင့် အော်ပါ တော့သည်။
ကျနော့်မှာ အသိတခုပဲရှိပါတော့၏။ ကျနော့်ရိုက်ချက်များ ဇနီးသည်ကိုမထိစေဖို့။ ဒါကြောင့် မှောက်လျှက် ကာထားသည့် ဇနီးသည်နှင့်လွတ်ရာ ယောက်ဖအကြီးကောင်၏ ခြေထောက်များကို ထိုင်ခုံဖြင့် ၃၊ ၄ ချက်ဆင့်၍ ရိုက်ချလိုက်သည်။
ငါ့မောင်လေးမှာ အသက်မရှိတော့ဘူး၊ အသက်လည်းမရှူတော့ဘူး။
ပူတူ့း့  ပူတူ့း့  ပူတူး
ယောက်ဖအငယ်ကောင်နှင့် တူနှစ်ယောက်ပါ နိုးလာကြပြီး၊ သတိလည်လာစေရန် လှုပ်နှိုးရင်း အော်နေကြသည်။ ကျနော့်မှာ ဘာဆက်လုပ်ရမှန်းမသိ၊ ထိုင်ခုံကိုကိုင်ထားလျှက် ကြောင်တောင်တောင်။
(၃)
သေသွားပြီနဲ့တူတယ်
ဟုတ်ပါသည်။ အသက်မရှူတော့၊ တကိုယ်လုံးပျော့ခွေနေပြီ
ခုမှ ကျနော်ကြောက်စိတ်ဝင်လာ၏။ ကျနော်ရိုက်လိုက်တာက ခြေထောက်ကို။ ဘာကြောင့် ခုလိုဖြစ်သွား တာပါလိမ့်။ နံဘေးအိမ်များမှ လူတွေရောက်လာကြသည်။ နှိပ်ကြနယ်ကြသည်။ ပရုပ်ဆီ နှင့် နှာခေါင်းကို ပွတ်ပေးသူလည်းရှိသည်။ အခြေအနေကတော့ပြန်ထူးမလာ။ ကျနော် ဘာဆက်လုပ်ရ မှန်း မသိတော့၊ စကားလည်းတခွန်းမှ မပြောမိ။ ဇနီးသည်ကတော့ တရှုပ်ရှုပ်ဖြင့်ငိုနေသည်။ ခဏအကြာမှာ နောက်ဖေးအိမ်မှ ကိုဝတုတ်က ဆေးရုံကိုခေါ်သွားလိုက်ရင်ကောင်းမယ်။ ပုခက်ရှိလား ဟုလှမ်းမေးသည်။
ကျနော့်ဇနီးက ရှိတယ်၊ ရှိတယ်ဟု ချက်ချင်းပင်ပြန်ဖြေလိုက်ကာ ကလေးတွေအတွက်ထောင်ထားသော ပုခက်ကို ဖြုတ်ပေး လိုက်သည်။ ဒီပုခက်က ညဖက်ညဖက် ရပ်ကွက်ထဲက အရေးပေါ်ဖျားနာကြသည့် လူတွေ ဆေးရုံထမ်းပို့သည့်အခါ သုံးနေကျ။
အိမ်အောက်မှ ဝါးလုံးကိုဆွဲထုတ်ကာ ပုခက်ဆင်ကြသည်။ ပြီးတော့ ပူတူးကိုထည့်ကာ ထမ်းခေါ်သွားကြသည်။ ညကလည်းမှောင်လိုက်တာမှ မဲမဲနက်။ တချို့လူတွေ ဓါတ်မီးပါမလာကြသဖြင့် ဇနီးသည်မှပင် အိမ်မှဓါတ်မီးများနှင့် နံဘေး အိမ်များမှဓါတ်မီးများကိုယူပြီး ထည့်ပေးလိုက်သည်။ ဆေးရုံသွားကြသည့်အထဲမှာ ယောက်ဖအငယ်ကောင်နှင့် တူအကြီး ကောင်  လည်းပါသွားသည်။
အိမ်မှာတော့ ကျနော်နှင့် ကျနော့်ဇနီး၊ ဖယောင်းမီးတိုင်ကို အလယ်မှာထားကာ ဆက်ထိုင်နေ ကြမြဲ။ တယောက်နှင့်တယောက် စကားလည်းမပြောဖြစ်၊ ကြည့်လည်းမကြည့်ဖြစ်၊ အတွေးကိုယ်စီနှင့်။ တူအငယ်ကောင်လည်း ပြန်အိပ်နေပြီ၊ သားနဲ့ သမီးတို့က တော့ အိပ်မက်ကောင်းနေကြဆဲ။

 


(၄)
ခွေးကောင်ပူတူး၊ လူလိုသောက်မလာဘူး၊ ငါက သေပြီမှတ်နေတာ
အေးလေ၊ ခုနက အသက်မှမရှူတော့တာ
သောက်ရမ်းသောက်ခဲ့လို့ ရှော့ဖြစ်သွားတာနေမှာပေါ့  စသဖြင့် တယောက်တပေါက်သော အသံများဖြင့် လူနာပို့သည့်အဖွဲ့ပြန် ရောက် လာ ကြသည်။
ဟူ့း့  တော်သေးတာပေါ့
သက်ပြင်းချသံနှင့်အတူ ကျနော့်ရင်တွင်းမှ စကားသံဖြစ်သည်။ နို့ဖိုးဒုက္ခသည်စခန်းမှ ၃ နှစ် တာကာလ အတွင်း မိသားစုတွေထဲ က တဦးဦးကျန်ခဲ့ပြီး တတိယနိုင်ငံတွေကို ထွက်သွားရခြင်းတွေ များပြီ။
မိသားတစုဆို ရှိတာက သားအမိနှစ်ယောက်ထဲ။ သားဖြစ်သူက တောထဲသွားအလည်၊ သစ်ကိုင်း ခေါင်းပေါ် တည့်တည့်ကျိုး ကျပြီး ဆုံးသွားသည်။ သူ့သား အသုဘချသည့်နေကနှင့် အမေရိ ကားကိုထွက်သည့် မနက်က အမေဖြစ်သူ၏ ခံစားချက်ပုံရိပ် တွေသည် မြင်ရသူတိုင်းအာရုံတွင် မေ့ပျောက်နိုင်စရာမရှိ။ ပြန်မြင်ယောင်မိတိုင်း နင့်အောင်ခံစားနေရဆဲ။
အလားတူပဲ ကျနေုာ်တို့နှင့် ဇလားဒုက္ခသည်ထဲက အတူတူနေလာခဲ့ကြသော ဆရာခိုင်ဝင်းတို့ မိသားစု အဖြစ်။ ဆရာခိုင်ဝင်းသမီးအငယ်ဆုံးလေး ဂျူးလိယက်ရွှေ။ ဇလားကျောင်းမှာတုန်းက ၅ တန်း ကျောင်းသူ။ နှစ်စဉ် ပထမဆုရမြဲမို့ စာ တော်သူအဖြစ် အသိအမှတ်ပြုခံထားရသူလေး။ သူတို့ မိသားစု အမေရိကားနိုင်ငံကို ထွက်ခါနီးကျမှ အသည်းရောင် အသားဝါ ရောဂါနဲ့ ဆုံးသွားခဲ့သည်။ စခန်းကထွက်ခွာကြသည့်အချိန်မှာ သူတို့မိသားစု ဘယ်လိုခံစားကြရမည်နည်း။
လမ်းတဝက်ရောက်မှ လေအေးနဲ့တွေ့လို့လားမသိဘူး၊ ဒီကောင်ပြန်သတိရလာတယ်
ကျနော်တို့အဖြစ်က သေကွဲကွဲသည်ဇာတာ မပါသေး၍ဖြစ်မည်။ ပူတူးကတော့ ခုထိခေါင်းမထောင်နိုင်သေး။ စကားလည်းမပြောနိုင်သေး။ စောစောက ရေတွေလောင်းထားကြသဖြင့် စိုနေသော အဝတ်များကို သူ့အမက ပြန်လဲပေးနေ သည်။
အာလုံးပဲကျေးဇူးတင်တယ်နော်။ ကျမမောင်လေးက မူးလာရင်ဒီလိုပဲ
ဇနီးသည်က ဓါတ်မီးလိုက်ထိုးပြရင်း ကျေးဇူးစကားဆိုနေသည်။ ကျနော့မှာ စကားပြောချင် စိတ်လည်း မရှိ၊ တကိုယ်လုံး အား ကုန်ခမ်းနေသလိုခံစားနေရ၏။ အတွေးများမှာလည်း ရှုပ်ယှက်ခတ်လျှက်။ ငါဘာကြောင့် ဒေါသထွက်သွားရတာလဲ။ ဘာကြောင့် ရိုက်မိသွားတာလဲ။ စသည်ဖြင့် ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်နေမိသည်။ အရင်က ဒီလိုမဖြစ်ခဲ့ဖူးပါဘူး။ အရင်းခံကတော့ ဒေါသကြောင့်လို့ပဲဆိုရမည်။
ဒီဒေါသကြောင့်ပဲ မျိုးမျိုးတို့မိသားစုဘဝလေး ပျက်ခဲ့ရပုံကိုလည်း ကျနော်အသိ။ ကျနော်တို့ပင် မနေသာပဲ ရန်သူတော်ဖြစ် နေ ကြသည့် သူတို့လင်မယားကြားမှာ စေ့စပ်ဖြေရှင်းပေးခဲ့ရသေးသည်။ နောက်ဆုံးတော့ လင်မယားကွဲကြ။ NPO ခွဲကြနှင့် ခုတော့ မျိုးမျိုးတို့သားအမိတွေက ဆွီဒင်ကို ရောက်သွားကြပြီ။ ဖိုးခွါးကတော့ နို့ဖိုးမှာ တယောက်ထဲ။ ဒီရှင်ကွဲဖြစ်စဉ်ထဲမှာလည်း ဒေါသ ဆိုတာက အဓိကတရားခံ။
(၅)
ကျနော့်ဇနီးက တောင်ပေါ်ဘွဲကရင်။ ကျနော့်ယောက်ဖတွေက ကျနော်တို့အိမ်ထောင်ကျပြီး ကတည်းက သံတောင်မြို့မှာ မနေ ကြတော့ပဲ ကျနော်တို့နှင့်အတူ တောထဲလာနေသည်။ သူတို့နှင့် ကျနော်က သူ့အမနှင့်မရခင်က ဖါလာလုပ်ငန်း အတူလုပ်ကြ ရင်း ခင်မင်ရင်းစွဲရှိခဲ့သည်။ သူတို့မှာ အဖေမရှိတော့ခြင်းနှင့် ကျနော့်မှာ မိဘ၊ ညီအကိုမောင်နှမတွေနှင့် ဝေးနေရခြင်းများ ကြောင့် သံယော ဇဉ်ပိုခဲ့ကြသည်ဟုလည်း ပြော၍ရနိုင်သည်။
ကျနော်တို့ထိုင်းနယ်စပ်ကိုပြန်လာပြီး ဇလားဒုက္ခသည်စခန်းမှာနေကြတော့လည်း အတူတူ။ မဲဆောက်မှာ ဒုက္ခသည်လျှောက် ဖြစ် တော့လည်း အတူတူ။ နို့ဖိုးဒုက္ခသည်စခန်းမှာရောက်တော့လည်း အတူတူပင်ဖြစ်သည်။ ခုဆို သူတို့နှစ်ယောက်သာမက သူတို့ အမအကြီးဆုံး၏ သားနှစ်ယောက်ပင် ထပ်ရောက်နေပြီ။ ကလေးတွေကို စစ်တပ်ထဲဝင်ဖို့ အတင်းကောက်နေလို့ ပြေး လာကြရခြင်းဖြစ်သည်။ ကျောင်းလည်းဆက်တက်ချင်ကြသေးသည်ဆို၍ ကျနော်တို့ဆီကို အားကိုးတကြီး ပို့လိုက်ကြခြင်း။ ဆွေမရှိမျိုးမရှိဖြစ်နေသည့် ကျနော့်အတွက်တော့ ဆွေမျိုးများလာခြင်းသည် ပျော်စရာ။ နောက်တခုက ဘွဲကရင်များအပေါ် ကျေးဇူဆပ်ခြင်းတခု။
ဒီအရင်းခံအကြောင်းကြောင့်ပဲ၊ ယောက်ဖနှစ်ယောက်ကိုလည်း ကျနော်နဲ့နေစဉ်တလျှောက် အလုပ်လုပ်ဖို့ကို အားမပေးခဲ့။ ပညာရရေးကိုပဲ အာရုံစိုက်စေခဲ့သည်။ ကျနော်တယောက်ထဲသာ အိမ်ထောင့်တာဝန်ကိုယူခဲ့သည်။
ယောက်ဖအငယ်ကောင်ဆို ကျောင်းဆက်တက်နေတုန်း။ ရောက်စက ၉ တန်း၊ ခုဆို ၁ဝ တန်းတောင် အောင်ပြီးပြီ။ သူတို့မိသားစုမှာ ၁ဝ တန်းအောင်သူရှိပြီဟု ဂုဏ်ယူနိုင်ပြီ။
ယောက်ဖအကြီးကတော့ အဆိုးသား။ ကျောင်းတက်ဖို့ကိုလည်း စိတ်မဝင်စား။
ဇလားဒုက္ခသည်စခန်းမှာနေတုန်းက မူးမူးပြီးပြဿနာရှာလို့ ခြောက်ပေါက်ထဲ ရောက်ဖူးသည်။ မူးပြီး အိမ်သာထဲအိပ်ပျော်နေလို့ သွားခေါ်ရ။ မြောင်းထဲပြုတ်ကျနေလို့ သွားထမ်းရနဲ့။ မဲဆောက်ရောက်ပြန်တော့လည်း ထိုင်းလမ်းသရဲတွေဝိုင်းရိုက်ကြလို့ ၉ ချက်တောင် ချုပ်ခဲ့ရ။ မူးမူးနဲ့ သူများဆိုင်ကယ်တက်စီးပြီးမှောက်လို့ ဆိုင်ကယ် ပြင်ခ လျှော်ရ။ ခု နို့ဖိုးရောက်တော့လည်း အိမ်မကပ်။ အရက်မူးခြင်းကလည်းမပြတ်။ မနက် ၈ နာရီ၊ ၉ နာရီလောက်မှထ၊ ထမင်းစားပြီးကတည်းက အိမ်ကထွက်သွား သည်။ တနေကုန်ပျောက်နေပြီး ညည သူများအိပ်ချိန်လောက်မှ အိမ်ပြန်ရောက် တတ်သည်။
(၆)
ကျောင်းသားတပ်မတော်မှာ တာဝန်ရှိစဉ်က ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ၊ ဇလားဒုက္ခ သည်စခန်းမှာ ကျောင်းဆရာ လုပ်ခဲ့ သည့်ကျနော် ဒီစခန်းကိုရောက်တော့လည်း ကျောင်းဆရာပဲ ဆက် လုပ်ဖြစ်သည်။ ကျောင်းဆရာဇာတာ ပါပုံပေါ်၏။
ခုတောင် နွေရာသီကျောင်းပိတ်ရက်မို့ နားနေရခြင်းဖြစ်၏။ မနေ့က အမက(၄)ကျောင်းအုပ်ကြီး စောမြအောင် သတင်း လာပေး သွားသည်။ ကျောင်းဆရာတွေအားလုံး ZOA ပညာရေးအဖွဲ့ကပေးမယ့် နွေရာသီ ကျောင်းဆရာမွန်းမံသင်တန်းကို မနက်ဖန် ကစပြီး တက်ရမည်ဟု။ ဒီလိုသင်တန်းတွေမှာက ကရင်ဘာသာနဲ့ရှင်းပြကြ တာများပြီး၊ ကျနော်ကိုယ်တိုင်ကလည်း ဒီလိုသင် တန်း မျိုးကို ခဏခဏ တက်ဖူးထားသဖြင့် တက်ချင်စိတ်သိတ်မရှိလှ။
ခုတလော အိမ်မှာငွေပြတ်နေသည်။ လူကြီးတွေက ပြဿနာမရှိပေမယ့် ထမင်းစားချိန်မှာ ကလေးတွေ လည်တဆန့်ဆန့်ဖြစ် နေတာကိုမြင်ရလျှင် စိတ်မကောင်း။ ဒုက္ခသည် စခန်းမှာ ကိုယ့်ထက်ပိုဆိုးသည့် မိသားစုများအခြေအနေကို မသိ၍လည်း မဟုတ်။ တအိမ်လုံးမှာ ဘာဝင်ငွေမှ မရှိကြ။ ဒုက္ခသည်ရိက္ခာကိုပဲ အမှီပြု အသက်ရှင်နေကြရသည့်သူများမှာ အများစုဆိုတာ ကိုလည်းသိသည်။ တောထဲမှ သစ်ချောက်၊ ဝါးချောက်တွေကို အားကိုးကာ၊ ထုတ်ပေးသည့် မီးသွေးကို ရောင်း၍ ဟင်းဖိုးသုံး နေကြရသည့် မိသားစုများအကြောင်းကိုလည်း သိပါသည်။ ဒါပေမယ့် ကျနော့် ကလေးတွေက ပဲဟင်းကို မကြိုက်ကြတော့။ မုန်းနေကြပြီ။

 


ဒီမနက် မတက်ချင် တက်ချင်နှင့်ပင် သင်တန်းကို သွားတက်ဖြစ်သည်။ သင်တန်းတက်ခြင်း လတ်တလော အကျိုးအမြတ်က တရက်ကို ဘတ် (၃ဝ) ရသည်။ ၅ ရက်ဆိုတော့ ၁၅ဝ သေချာသွားပြီ။ ကလေးမုန့်ဖိုးနှင့် ဟင်းဖိုးကို မျှော်ကိုး၍တက်သည်ဟု စွတ်စွဲလျှင်ပင် ကျနော်ငြင်းမည်မဟုတ်။
၅ ရက်စာကြိုထုတ်ပေးသည့် သင်တန်းတက်ခလေးကိုယူပြီး၊ ဒီနေ့ညနေစာအတွက် ကြက်ဥ ကျော်ချက်ကို ခရမ်းချဉ်သီး အနှစ် များများနှင့် ကျနော်ကိုယ်တိုင်ချက်သည်။ တယောက်ကို တလုံးစကေး နှင့် ကြက်ဥ (၈) လုံးချက်ရသည်။ ချက်ပြီးပြီချင်းပင် ယောက်ဖအကြီးကောင်မှလွဲ၍ တအိမ်သားလုံး ထမင်းအတူစားကြသည်။ ဟင်း မစားရတာကြာ၍ဖြစ်မည်။ အားလုံးထမင်းမြိန်ကြ၏။ အိုးထဲမှာထမင်းပြတ်သွားသဖြင့် ပူတူးအတွက်ပြန်ချက်ပေးထားရသေးသည်။
(၇)
ဒုက္ခသည်စခန်းမှာ လူတော်တော်များများ အချိန်ချမ်းသာကြ၏။ ဒီအထဲမှာ စားဝတ်နေရေးနှင့် ပညာရေးအတွက်ကို အချိန်ပေး ထားရသဖြင့် အချိန်ပါဆင်းရဲနေသူတချို့လည်းရှိကြသည်။
ပဲပြုပ်၊ ပဲပြုပ် အော်လိုက်။ မုန့်ဖက်ထုတ်၊ မုန့်ဖက်ထုတ် အော်လိုက်နှင့် မိသားစုတာဝန်ကို ထမ်းဆောင်ရင်း၊ သမီးအပျိုပေါက် တွေ ရှိသည့်တိုင် အင်္ဂလိပ်စာကို ဒုက္ခသည်စခန်းမှာပင် အရယူသွား နိုင်သည့် ကိုမင်းနိုင်လိုမျိုး။
ခဏနေ မုန့်လုံးကြီးကျော်ရောင်းလိုက်၊ ခဏနေ ဝက်သားထမ်းရောင်းလိုက်နှင့် အင်္ဂလိပ်စာ သင်တန်းချိန်ရောက်လျှင် ရောင်း နေ သည့်ပစ္စည်းကို နီးစပ်ရာအိမ်မှအပ်ပြီး သင်တန်းအရောက်ပြေးလေ့ရှိသော ညီငယ်လေး ထွန်းထွန်းဝင်းလိုမျိုး ကျနော့် ယောက်ဖတွေနှင့် တူတွေကို ဖြစ်စေချင်သည်။ အချိန်ဆင်းရဲသည့်ဒဏ်ကိုပဲ ခံစေချင်သည်။

လူတို့သည် အချိန်ဆိုသည်ကို မနောကံ၊ ကာယကံ၊ ၀ဇီကံဆိုသည်တို့နှင့် အသုံးချကြသည်တည်း။ ဒီနေရာမှာ ကိုယ့်အတွက် ဖြစ်ဖြစ်၊ ကိုယ့်မိသားစုအတွက်ဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ဖြစ်ဖြစ် တခုခု အကျိုးဖြစ်ထွန်းဖို့သာ လိုပါသည်။ ကောင်းကျိုးတခုခုမပြုနိုင်ခဲ့ရင်တောင် အနည်းဆုံး ဆိုးကျိုးကိုတော့ မပြုစေလို။ အကယ်၍များ ကျနော့်ယောက်ဖအကြီးကောင် သာ ကျနော့်ဆန္ဒနှင့် တစုံတရာ ကိုက်ညီခဲ့မယ်
ဆိုခဲ့လျှင့့် 
 

၂၂.၇.၂၀၀၉

 
 

ရသ ၀တ္တုတို(၁၇)

ကျွန်တော်နာမည် - အရှေ့ဘက်စာရေး


ကျွန်တော်နာမည်က မောင်အရှေ့ဘက်စာရေးလိုခေါ်ပါတယ်။ စာရေးဆိုလို့ ခင်ဗျားတို့အထင်မသေးလိုက်နဲ့နော်။ ဟဲဟဲ- အမှု တစ်ခုဖြစ်လာလို့ တရားရုံးများရောက်လာပြီဆိုရင် ကျုပ်နဲ့အရင် တွေ့တော့တာပဲ။ တရားသူကြီးတို့၊ ဥပဒေအရာရှိတို့ဆိုတာ ဟိတ်ဟန် ရှိတယ်လေဗျာ။ တော်တန်ရုံလူမျိုး ချက်ချင်းဘယ်တွေ့လို့ရမလဲ။ သူတို့ကအိမ်ဆိုရင် ကျုပ်ကအိမ်ရှေ့ တံခါးချပ် ပေါ့ ဗျာ။ သူတို့နဲ့ဆက်ဆံချင်တယ်ဆိုရင်ကျုပ်ကိုဆက်ဆံရတော့မယ်လေ။ ဘာဗျ ကျူပ်ကဘာလုပ်ပေးနိုင်လို့တုန်း ဟုတ်လား။

 

ခင်ဗျားဗျာ--သေတော့မယ်နော်။ ကျုပ်လုပ်ပေးနိုင်တာပြောပြလိုက်ရင် ခင်ဗျားရူးတောင်သွားလောက်တယ်။ အဲဒီအမှုတစ်ခုလုံး ကို ကျွမ်းထိုးမှောက်ခုံ (အမှန်ကနေအမှား) ဖြစ်အောင် ကျုပ်လုပ်နိုင်တယ်ဗျ။ ဒီခတ်က မှန်တိုင်းမရဘူးဗျ၊ လမ်းကြောင်း သိရ တယ်၊ အထူအပါးနားလည်ရတယ်၊ အာဏာမရှိရင်ငွေရှိဖို့လိုတယ်ဗျ။
ကျုပ်ကလည်း လူပဲဗျာ ဘာသားနဲ့ထုထားတာမို့လို့လဲ၊ အစိုးရလစာလေးနဲ့ ဘယ်လိုလုပ်လူတန်းစေ့အောင်နေနိုင်မှာလဲ။ အဲဒီ တော့ငွေများပေးလာလို့ကတော့ အမှန်တွေအမှားတွေကြည့်မနေအားပါဘူးဗျာ။ ကျုပ်ဂွင်ထဲကနေတော့လုပ်ပေးလိုက်တာပဲ။ မင်းလို အရှေ့ဘက်စာရေးက လေလုံးတွေ ထွားနေ ရ အောင်မင်းကဘယ်လောက်များစွမ်းလို့လည်းဟုတ်လား။ အေးလေ ခင်ဗျားက သိချင်တော့ လည်းပြောပြ ရတော့မှာပေါ့။ကျုပ်တို့နဲ့ ပတ်သက်နေတဲ့ တရားသူကြီးတွေ၊ ဥပဒေအရာရှိ တွေဆိုတာ လည်း အမှန် တော့ လာဘ်ငွေမယူဘူးတဲ့လူမရှိသလောက်ကိုရှားတာပေါ့ဗျာ။ အနည်းဆုံးအစိုးရခန့်ထားတဲ့ဆွဲချ ဆိုတဲ့(ဥပဒေ အရာရှိ) တောင် တရားလိုကငွေလေးကြေးလေး ကမ်းထားမှသေချာအလုပ်လုပ်တာဗျ။

 

 

တရားလို မလိုက်ပါနိုင်တဲ့ အမှုမျိုးဆိုရင် အစိုးရကတရားဝင်ခန့်ထားပေးတဲ့ တရားလိုရှေ့နေဆိုတဲ့ဂုဏ်ကိုမှမထောက်၊ အမှုကို တရား ခံ သဘောကျ မမြင်ချင်၊မကြားချင်ယောင်လည်းဆောင်လိုက်သေးတာပေါ့ဗျာ။ တရားသူကြီးလား ပိုတောင်ဆိုးသေး ပေါ့ဗျာ။တရားလို ဖိဖိစီးစီး မလိုက်တဲ့ အမှုတွေဆိုရင် တရားခံများကငွေကြေး ပံပိုးမူအပြည့်အ၀ သာပေးလိုက်။အမှုက လယ်ပြင် မှာ ဆင်သွားသလ ထင်ရှားနေရင်တောင် လုံးဝလွတ်ပေးလိုက်သည်အထိတရားခံအလိုကျ စီရင်တာပေါ့ဗျာ။ တရားလိုလိုက်ရင်တောင်မှ အာဏာ ပိုင် အဖွဲ့အစည်းက မဟုတ်ဘူးဆိုရင် ခုနှစ်နှစ်လောက် ချရမယ့်ပြစ်မှုကို လေးငါးလလော က်နဲ့ ဇာတ်လမ်းဖြတ်ပြစ်လိုက်သေးတာပေါ့။ ဘာဗျ ဥပဒေအရာရှိက ပြစ်ဒဏ်နဲ့စီရင်ချက် မမျှတရင် စောဒကမတက်ဘူးလား ဟုတ် လား။ ဟဲဟဲ ဒီပုတ်ထဲကဒီပဲတွေပဲလေ၊ စည်းဝါးရိုက်ထားပြီးသား။ မြန်မာလူမျိုးတွေလေသိတယ်မို့လားရုံးရောက် ဂါတ် ရောက်ဖို့ဆိုသေမလောက်ကြောက်ကြတာ။

စီရင်ချက်ချပြီးလို့မတရားရင်တောင်မှကံကိုပဲပုံချလိုက်တဲ့လူမျိုးတွေလေဗျာ။ လူတိုင်းကိုလုပ်တာလား လို့ခင်ဗျားမေးလိုက် သ လား။


ပညာရှိတွေလေဗျာ အဲသည်လောက်နုံအပါ့မလား။ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် လုံးဝလက်ရှောင်တာပေါ့ဗျာ။ အဲသည်အချိန်ကျရင် ဘယ်လောက်ပေးပေးမယူရေးချ မယူပဲ။ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ပေါင်ချိန်ကြီးအတိုင်း တရားစီရင်တော့ တာပဲဗျ။ သူတို့က အာဏာပိုင်အဖွဲ့အစည်းနဲ့ပတ်သက်တာကို ဘယ်လိုသိလဲ ဟုတ်လား။ ဟဲဟဲ အမှုလိုက်အရာရှိတွေလေဗျာ၊ သူတို့လက်ထဲကမှတဆင့်ရုံးရောက်လာတာမို့လား။ ဘယ်ဟာကိုတော့ စားလို့ရတယ်၊ဘယ်ဟာကတော့ အရိုးစူးမယ်ဆိုတာတစ် ခါတည်းပြောထားတာပေါ့။အမူလိုက်အရာရှိရယ်၊ တရားသူကြီးရယ်၊ ဥပဒေအရာရှိရယ်ဆိုတာ အမြဲတမ်းချိတ်ဆက်ထားတဲ့ ကွန် ယက်ပေါ့ဗျာ။ အဲသည်လိုကြောင့် တရားရုံးရောက်လာတဲ့ မသိနားမလည်တဲ့အမှုသည်တွေခင်ဗျာမှာ လှိမ့်ပိမ့်နေအောင်ခံရတော့ တာပေါ့။ ဒါပေမယ့် တရားလိုတွေကလည်းဥပဒေ နားလည်တဲ့ ရှေ့နေဌားထားမယ်ဆိုရင်ဟုတ်လား။ အင်းမဆိုးပါဘူး။

 


ဒါပေမယ့်တစ်ရုံးတည်းကရှေ့နေတော့သွားမဌားမိစေနဲ့နော်။ စောစောကပြောတဲ့ကွန်ယက်ထဲမှာ အဲဒီရှေ့နေဆိုတာတွေ က လည်း တစ်ခါတစ်ခါ ပါသွားတတ်တာပဲ။ရှေ့နေယုံမှ ထောင်လုံးလုံးကျဆိုတာရှိသလိုရှေ့နေ အဌားမှားလို့ တရားခံလွတ်သွား တာတွေ လည်းအများကြီးရှိတာပေါ့ဗျာ။ခင်ဗျားယုံမလားမသိဘူး။ တရားခံ၊တရားလို နှစ်ဘက်ခွတုပ်တဲ့ရှေ့နေတွေတောင် ကျွန်တော်တွေဘူးတယ်။ အဲဒီအခါမျိုး မှာဆို ငါးပါးမကဘူး သံဃာစင်ပါ မှောက်တော့တာပဲဗျို့။ ခွဲခြားရတာလွယ်ပါတယ်ဗျာ၊ သူတို့ရဲ့အပြောအဆို အပြုအမူတွေကလည်းရှေ့နေနဲ့ အမူသည်ပုံမပေါက်တော့ဘူး၊ ပိုက်ဆံကလည်းယူထားပြီးပြီ၊ မိမိတို့ကို လည်း အလေးမထားတော့ဘူး။ အမှုအကြောင်းမေးမြန်းလို့ ရှိရင်လည်းစိတ်ဝင်စားပုံ မပေါက်တော့ဘူးဆိုရင် အဲဒီမိမိရှေ့နေမှာ အမှောင့်ပယောဂတစ်ခု ၀င်နေပြီလို့သာ သဘောပေါက်လိုက်တော့။


အဲဒီ အခါမျိုးမှာ ခင်ဗျားကိုသတိပေးလိုက်မယ်၊ ရဲရဲဝံ့ဝံ့သာ ရှေ့နေပြောင်းလိုက်ပေတော့။ ပေးထားရတဲ့ပိုက်ဆံ နှောမျောပြီး ဆက်ဌားထားရင်မြွေပွေးကို ခါးပိုက်ပိုက်ထားတာနဲ့ ဘာမှမထူးတော့ဘူး။
အကောင်းဆုံးကတော့ ရုံးခြင်းမတူတဲ့ရှေ့နေကိုဌား၊ ဘာမှမျက်နှာနာစရာမလိုလို့ ဖိုက်စရာရှိတာ ဖိုက်ပြီးရင် သူ့ရုံးသူပြန်သွား လိမ့်မယ်။ မင်းပြောတာတွေများနေပြီ မင်းလုပ်ဆောင်ချက်လည်း တစ်ခုမှ မတွေ့ရသေးဘူးဟုတ်လား။ ခင်ဗျားညံပါဗျာ၊အခုပြောနေတဲ့ အကြောင်းအရာတွေအားလုံးကို ကျုပ်ပဲဒါရိုက်တာ၊ကျုပ်ပဲ စီစဉ်ညွှန်ကြားသူ လုပ်နေတာဗျ။ ဘယ်သူ့ကိုဘယ်နေရာမှာသွားတွေ့၊ ဘယ်လိုပြော၊ ဘယ်လိုပေး၊ ဘယ်လောက်ပေးခဲ့ ဆိုတာတွေ အားလုံးက ကျုပ်ကွန်ထ ရိုး တွေ ဗျ။ မြန်မာပြည်မှာရှိတဲ့တရားသူကြီးတွေရဲ့အကြောင်းကိုကျုပ်တို့က အူမချေးခါးမကျန် အကုန်သိတယ်ဗျ။ တစ်ချို့တရားသူကြီးတွေဘယ်လိုအကျင့်မကောင်းတာ၊ ဘယ်လိုလာဘ်စားတယ်ဆိုတာကျုပ်တို့လိုအရှေ့ဘက်စာရေးတွေက
အသိဆုံးဗျ။ သူတို့ရဲ့မကောင်းကြောင်းတွေ သိချင်ရင်များဗျာ လွယ်လွန်းလို့ ကျုပ်တို့ကိုသာမေး။ သူတို့အကြောင်းအားလုံး သိ စေရမယ်။အဲသည်လောက်ဆို ကျုပ်ဘာကောင်လဲ၊ ဘယ်လောက်အရေးပါလဲဆို တာ ခင်ဗျားသိပြီနော်။
မှတ်ထားဦးဗျ၊ ကျုပ်နာမည် မောင်/မ အရှေ့ဘက်စာရေးတဲ့။
 

ပေးပို့သူ---

myanmar burma  ၆-၁၀-၂၀၀၉

 
 

ရသ ၀တ္တုတို(၁၆)

အကို ဖားထွက်ရိုက်သလိုမျိုး----လူဗိုလ်


(၁)
ခုလိုမျိုးမိုးဦးညတွေမှာ သံစုံတီးဝိုင်းဆန်ဆန် ဖားအော်သံတွေကြားရပြီဆိုရင် ကျနော့်အကို့ကို သွားသွားသတိရ မိတယ်။ အကိုက ကျနော်တို့မောင်နှမတွေထဲမှာ ဒုတိယ။ ကျနော်နဲ့က တယောက်ခြား။ မောင်နှမတွေက တယောက်နဲ့ တယောက် ၅ နှစ်လောက်စီ ခြားကြတော၊့ အကိုနဲ့ကျနော်က ၁၀ နှစ်လောက် အသက်ကွာတယ်။ ကျနော်တို့ကြားမှာ အမဖြစ်နေတော့ အကိုနဲ့ကျနော်က ယောက်ျားလေးချင်း ပြောဖော်ဆိုဖော်လေ။ အသက်ကကွာတော့ သူငယ်ချင်းပေါင်း တော့လည်း မဖြစ်ခဲ့။ အကိုကြီးအဖရာ လိုလို။ ဆရာတပည့်လိုလို ဆက်ဆံရေး။
အလွယ်ပြော ပြောရရင် ခပ်ငယ်ငယ်ကဆိုပါတော့ဗျာ။ ကျနော်က ၅ တန်းကျောင်းသား။ အကိုကတော့ ၁၀ တန်းကို(ခ) အဆင့် နဲ့အောင်ထားပြီး ရပ်ကွက်သမ၀ါယမဆိုင်မှာ စာရေးဝင်လုပ်ရင်း ၁၀ တန်းကိုပြန်ဖြေနေတဲ့ အချိန်ပေါ့။ အကိုက ကျနော်တို့ကို ညည စာသင်ပေးတတ်တယ်။ သူ့လစာလေးထဲက ကျနော်တို့လိုအပ်မယ့် ကျောင်းသုံးပစ္စည်း လေးတွေ ၀ယ်ဝယ်ပေး တတ် တယ်။ မုန့်ဖိုးလေးတွေ မကြာမကြာပေးတတ်တယ်။ အထူးသဖြင့် ပန်းချီဝါသနာပါတဲ့ ကျနော့် ကို ပုံဆွဲစာအုပ်တို့၊ ရောင်စုံခဲတံ တို့ ၀ယ်ပေးတတ်တယ်။ ဒါအပြင် ရွှေသွေးတို့၊ တေဇတို့ကိုလည်း ပုံမှန်ဝယ်ပေးလေ့ရှိတယ်။


ဒီတော့အကိုက ကျနော်တို့အတွက် လေးစား၊ အားကိုးရာ။ အကို့စကားဆို ကျနော်တို့နားထောင်ကြတယ်။ လေး လေးနက်နက် လည်းခံယူကြတယ်။ ပြောကြစတမ်းဆို အဖေတို့အမေတို့ထက်တောင် အကိုစကားကအောင်တယ်။
တမနက်။ တိတိကျကျပြောရရင် သောကြာနေ့မနက်၊ ကျနော်တို့ကျောင်းသွားဖို့ ပြင်နေချိန်။ အကိုလည်း ရုံးသွား ခါနီး။ တခုခုပြောချင်နေတဲ့မျက်နှာနဲ့ အကို ကျနော့်အနားကိုကပ်၊ ပုခုံးကိုတချက်ပုတ် ပြီ့း့  ညီလေ့း့  အကို ဒီညဖားထွက်ရိုက်မယ် ကွ တဲ့။
ဒီလောက်သာပြောပြီး အိမ်ပေါ်ကဆင်းသွားတဲ့ အကို့ကျောပြင်ကိုကြည့်ရင်း ကျနော့်အတွေး၊ စိတ်ကူးတွေက အကို ဖားရိုက် မထွက်ခင် ဖားတွေလိုက်ရိုက်နေပြီ။ အကို့ဖားတွေကို မမြင်ရသေးခင် ဖားသားဟင်းတွေကို စားနေမိပါပြီ။
ဟုတ်တယ်။ ကျနော်ကဖားသားဟင်းဆို သိတ်ကြိုက်တာ။ ဖားကိုအချောက်လှမ်းပြီး အကောင်လိုက်ပဲကျော် ကျော်၊ နုတ်နုတ် စင်းပြီး ငြုပ်သီးများများ၊ ကြက်သွန်များများနဲ့ ဘာလချောင်ကျော်သလိုပဲ ချက်ချက် ကြိုက်တယ်။ ကြက် သွန်ဖြူဥလေးတွေ လို လို အရေခွံကျွတ်နေတဲ့ ဖားခြေထောက် ကြွက်သားလေးတွေကို အကြိုက်ဆုံးပဲ။ မာပြင်းပြင်းလေး။
အကိုဖားထွက်ရိုက်မယ်ဆို့  တ၀စားရဦးတော့မှာပေါ့။

 


(၂)
နို့ဖိုးဒုက္ခသည်စခန်ုးထဲရောက်ကတည်းက ကျနော်ကကျောင်းဆရာ။ ကျနော် BLC မှာအလုပ်လုပ်နေစဉ် လုပ်ငန်း အရ အဆက် အစပ်ရှိခဲ့တဲ့ မငယ်က ဒီနို့ဖိုးဒုက္ခသည်စခန်းမှာ စခန်းပညာရေးကော်မတီဝင်။ စခန်းထဲ ရောက်တာနဲ့ ကျနော် လည်းအလုပ်ရှိရ အောင်၊ သူတာဝန်ယူထားရတဲ့ ကျောင်းဆရာရှာဖွေရေးလုပ်ငန်းလည်း အဆင်ပြေအောင်စီစဉ်လိုက်တာ။ ကျနော် ဒုက္ခသည် စခန်းထဲရောက်တာ ၃ နှစ်ကျော်ပြီ။ မငယ်တောင် ဆွီဒင်နိုင်ငံကိုထွက်သွားတာ ၂ နှစ်ပြည့် တော့မယ်။
နို့ဖိုးမိုးနဲ့ကျနော်နဲ့ကမတဲ့ဘူးဗျ။ ကျနော်ကလည်း အအေးဒဏ်မခံနိုင်။ နို့ဖိုးမိုးကလည်း တနှစ် မှာ ၆ လကျော် ကျော်လောက် ရွာတယ်။ ရွာပြီဆိုရင်လည်းတပတ်နှစ်ပတ် ဆက်တိုက်။ ဒီတော့ အဆုပ်ခဏခဏပွတတ်တဲ့ကျနော် မိုးရွာထဲ ကျောင်းနဲ့အိမ်နဲ့ကို တနေ့ ၄ ခေါက်လောက် ပုံမှန်အသွားအပြန်လုပ်နေရတော့ ခြေအေးလက်အေးဖြစ်။ ခေါင်းကို မိုးမိတာ များရတဲ့အထဲ စာသင် ချိန်တွေမှာ ဘလက်ဘုတ်ကိုဖျက်လိုက်တိုင်း မုန်တိုင်းထထသွားတတ်တဲ့ မြေဖြူမှုန့်တွေက ကျနော့် နှာခေါင်းထဲ အလုအယက် ပြေး ပြေးဝင်တတ်ကြတော့  ။
ကျနော်ကိုယ်တိုင်ပဲ ကျောင်းအုပ်ကတဆင့် စခန်းပညာရေးမှူးဆီ ထွက်စာတင်လိုက်ပါတယ်။ ရောဂါကြောင့် ကျောင်းမကြာ မကြာပျက်နေရတာက တကြောင်း၊ ကျနော့်ဆီကရောဂါတွေ ကလေးတွေဆီ ကူးဆက်သွားမှာစိုးရိမ်မိတာက တကြောင်း၊ ဒီနှစ် ကြောင်းကြောင့်ပဲ ကျောင်းဆရာအဖြစ်ကို နိဂုံးချုပ်ခွင့်ြ့ပုပါရန် ဆိုပြီ့း့ ။

 


(၃)
ပြဿနာကခုမှ စတယ်။ ဒုက္ခသည်စခန်းမှာ အလုပ်အကိုင်မရှိတော့ ၀င်ငွေမရှိ။ ၀င်ငွေမရှိတော့ စားဝတ်နေရေး ကြပ်တည်း။ နောက်ဆက်တွဲဆိုးကျိုးက အိမ်တွင်းရေးပြဿနာတွေတက်။ ဒီတော့ အလုပ်ရှိဖို့ လိုလာပြန်တာပေါ့။
ဝင်ငွေရမယ့်အလုပ်ပဲခက်တာပါ။ ငွေမရမယ့်အလုပ်ကတော့ ပေါမှပေါ။ ကျနော်က ဒီအလုပ်မျိုး ဆိုကျွမ်းကျင်ပြီး စိတ်လည်းဝင် စားတယ်။ စိတ်ဝင်တစားရှိလေ အလုပ်ကလည်းများလေပဲ။
ခုတလောကျနော့်မှာ အလုပ်တွေက အတော့ကိုများတာ။ ကျနော့်လို ၀င်ငွေမဲ့အလုပ်မျိုး ၀ါသနာပါတဲ့လူနဲ့ တွေ့ရရင် ကောင်း မယ်။ ကျနော်တယောက်ထဲမနိုင်တော့ တွဲလုပ်ချင်လို့။
ပထမဆုံး ကျနော်လုပ်ချင်တဲ့အလုပ်က ဒီမိုကရေစီယဉ်ကျေးမှုစစ်တမ်း ကောက်ယူဖို့။ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီတော်လှန် ရေးကြီးစခဲ့တာ အနှစ် ၂၀ ကျော်ပြီ။ ဘာကြောင့် ဒီမိုကရေစီနဲ့ မနီးစပ်သေးတာလဲ။ ဘာတွေအားနည်းခဲ့ လို့လဲ။ ဘယ်သူတွေမှာတာဝန်ရှိလဲ။ ဘာတာဝန်တွေမကျေခဲ့လို့လဲ ဆိုတာတွေကို အနည်းဆုံးသိဖို့လိုပြီ။ ပြန်သုံးသပ်ကြဖို့ လိုပြီ။ သဘောထားစစ်တမ်းတွေကောက်ဖို့ လိုပြီ။ ကျယ်ကျယ်ပျံ့ပျံ့လုပ်နိုင်လေ အကျိုးရှိလေပဲ။ လူတန်းစား၊ အလွှာ၊ နေရာ စုံလေ ကောင်းလေပဲ။ တစု၊ တဖွဲ့၊ တဖက်ထဲရဲ့အသံချည်းသက်သက်ဆိုရင်လည်း အဖြေမှန်းနဲ့နီးစပ်ဖို့မလွယ်ဘူး။ ဆင်ခြေတွေပဲ များနေဦးမှာ။
ဒုတိယတခုက ဖြတ်သန်းမှုသမိုင်းလေးရေးချင်တဲ့ကိစ္စပါ။ ကျနော်က ABSDF ရဲဘော်ဟောင်းဆိုပေမယ့် အများ သိနေကြတဲ့ ကရင်ပြည်နယ်က ABSDF မဟုတ်ဘူး။ ဟိုး ရှမ်းပြည်နယ်၊ ပအိုဝ့်နယ် မြေက ABSDF။ တပ်ရင်အနေနဲ့တော့ (၆၀၁) တပ်ရင်း။ အောင်ဟမ်းရိုင်းတပ်ရင်းလို့လည်းခေါ်တယ်။ ဒါက ပအိုဝ့်လိုခေါ်တာ။ အဓိပ္ပါယ်က ရဲရင့်အောင်မြေ တဲ့။

 

ကျနော်တို့တပ်ရင်းမှာလည်း ထူးခြားတဲ့ဖြတ်သန်းမှုသမိုင်းလေးတွေ ရှိတယ်။ ဥပမာ ကျနော်တို့တပ်ရင်း ABSDF မဖြစ်ခင် က ဒီမိုကရက်တစ် လူငယ်များတပ်မတော် Democratic Youth Army ဆိုပြီးစ ဖွဲ့စည်းခဲ့တာမျိုး။ PNA ပအိုဝ့်တပ်မတော် စစ်အစိုး ရဆီ အလင်းပြန်ဝင်သွားတော့ ကျနော်တို့တပ်ရင်းတခုလုံး ထွက်ပြေးရတဲ့အဖြစ်တွေ။ ဒါမျိုးလေးတွေကို မှတ်တမ်း တင်ချင် တာ။ ခုဆို ကျနော်တို့တပ်ရင်းဆိုတာ နာမည်တောင်မရှိတော့ဘူး။ ရဲဘော်တွေလည်း အကုန်နီးပါး မရှိကြတော့ဘူး။ မှတ်တမ်းတင်မယ့်လူသာ မရှိရင်၊ ကျနော်တို့သမိုင်းတွေဟာ ဖြစ်ပျက်ဆိုတဲ့ဖြစ်စဉ်ထဲ ခဏလေးအတွင်း လွယ်လွယ်နဲ့ပဲ ပျောက် ပျက်သွားတော့မှာပေါ့။ နောင်းလူတွေအတွက် တစုံတရာ မှတ်တမ်းရှိဖို့လိုမယ် ထင်လို့ပါ။
နောက်တခုက တတိယအမြင်နဲ့ သဘောထားလေးတွေကို ထူးခြားတဲ့အခြေအနေအလိုက် ထုတ်ပြန်ဖို့ကိစ္စ။ စစ်အစိုးရအဆက်ဆက်ရဲ့ သဘောထားတွေကိုသိပြီး တော်လှန်ခဲ့ကြတဲ့ ကျနော်တို့ဟာ၊ အတိုက်အခံအင်အားစုတွေရဲ့ သဘော ထား အမြင်တွေကိုလည်း ရိပ်မိနေကြပြီလေ။ ဒီတော့ ၂ ဖက်အမြင်၊ သဘောထားတွေကို သိနေတဲ့လူတွေက ပို ပြည့်စုံမယ့် အမြင်သစ်တခုကို ပြပေးခဲ့ဖို့လိုလိမ့်မယ်။ တာဝန်လည်းရှိတယ်။ တဖက်ဖက်ကိုယိမ်းပြီး အခြေအနေအရ တင်ပြ နေကြတာတွေ ရှိခဲ့ပေမယ့် ဒါမျိုးကို တတိယအမြင်လို့ မပြောနိုင်ပါဘူး။
ကျနော်ဆိုလိုတဲ့တတိယအမြင်ဆိုတာက ဘက်နှစ်ဖက်လုံးကို ကန့်ကွက်ခြင်း၊ထောက်ခံခြင်းနဲ့ ဆန့်ကျင်ခြင်းတွေ ကင်းဖို့လို လိမ့် မယ်။ လိုနေတဲ့ကွက်လပ်ကို ရှာဖြည့်ပြဖို့ပဲဖြစ်ရမယ်။ အပြုသဘောနဲ့ ဘက်လိုက်မှုကင်းဖို့လည်း လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဘက်နှစ်ဖက်လုံးမှာ ဆုပ်ကိုင်ထားကြတဲ့ အမှန်ဆိုတာတွေရှိနေကြပေမယ့် အမှားတို့၊ အားနည်း ချက်တို့မကင်းကြဘူးလေ။ အနည်းအများပဲ ကွာမှာ။ ဒီအခြေခံပေါ်ကရေးချင်တာ။ တဖက်အမြင်တွေထက်တော့ ပြည့်စုံ မယ်လို့ ယုံတယ်။


သေးသေးဖွဲဖွဲအလုပ်လို့ ပြောရမယ့်ဟာတွေကလည်း အများသား။ မြန်မာပြည်သူကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဒုက္ခ သည်ဘ၀ တွေ အကြောင်းလည်း မှတ်တမ်းတင်ထားချင်တယ်။ ဒုက္ခသည်ထဲကမှ အတိုက်အခံဟောင်းတွေရဲ့ ဖြစ်တည်မှု တွေ။ ဥပမာ အကြမ်းဖက်အဖြစ်အသတ်မှတ်ခံထားရပြီး အမေရိကန်နိုင်ငံရဲ့ ဟိုး(Hold) လုပ်ခံထားရတဲ့အခြေအနေတွေ။ နစ်နာမှု၊ ခံစားချက် တွေ။ ဒီကိစ္စတွေက မီဒီယာတွေကလည်းစိတ်မ၀င်စား၊ အဖက်ဖက်ကပိတ်ပင်ထားကြတော့ တိတ်တိတ်လေး ကြိတ်ခံစား နေကြ ရတဲ့ အဖြစ်အပျက်တွေလေ။
ကျနော်လုပ်ချင်တာတွေက ငွေကုန်ဖို့သက်သက်။ မနောကံ၊ ၀ဇီကံကို ကျော်လိုက်တာနဲ့ ငွေမကုန်ရတာ မရှိ။ စာရေးတာကအစ စာရွက်၊ ဘောပင်၊ ညဖက်စာရေးနိုင်ဖို့မီးခ တခုခု။ ဒါတင်မကဘူး စာရိုက်ဖို့ ကွန်ပျူတာခ၊ အီးမေးနဲ့ လှမ်းပို့နိုင်ဖို့ အင်တာနက်ခ။ ဒါတောင် အသံဖမ်းဖို့၊ ဓါတ်ပုံမှတ်တမ်း ယူဖို့တို့မပါသေးဘူး။ ကျနော်တို့အတွက်ပဲ ခက်နေ တာပါ၊ တချို့အတွက်တော့ ဒါတွေ က အလျှံအပယ်။
တကယ်လိုအပ်တဲ့သူကို တတ်နိုင်သူတွေက ကူညီ၊ ဝေမျှတတ်ကျတဲ့ယဉ်ကျေးမှု ကျနော်တို့ကြားမှာ ထွန်းကား လာမယ်ဆိုရင် တော့  ။

 


(၄)
မိသားစုစားဝတ်နေရေး၊ စိတ်ဝင်စားရာ အကောင်အထည်ဖော်နိုင်ရေး၊ ဒါတွေအတွက် လိုနေတာက ငွေ။ ဒီငွေကို ရှာဖို့ကိစ္စ က ကျနော့်အတွက် မဟာအခက်အခဲ။ မကျွမ်းကျင်ဆုံးနဲ့ စိတ်မ၀င်စားဆုံး။ ဒါကြောင့်ပဲ အပူတွေ အကူးခံထားရတဲ့ ရဲဘော်ရဲဘက် တွေက အကြံပေးကြပါတယ်။
ခင်ဗျားက စာလေးဘာလေး ရေးတတ်တော့ ၀တ္ထုလေး၊ ဆောင်းပါလေးတွေရေးပြီး ပိုက်ဆံရမယ့်ဝက်ဆိုက်တွေ ကို ပို့ကြည့် ပေါ့ဗျာ တဲ့ 
ဒီအကြံက လက်ခံချင်စရာ။ ဒီလိုနည်းတွေနဲ့ပဲ ဒုက္ခသည်စခန်းမှာ ရပ်တည်နေကြတဲ့ လူတချို့လည်းရှိလေရဲ့။ တချို့ ဒေါ်လာ စားတွေရှိသလို၊ ကဗျာတပုဒ် ၃၀၀၊ ၀တ္ထုတပုဒ် ၅၀၀ တွေနဲ့ အဆင်ပြေနေကြသူတွေလည်း ရှိတာကိုး။
ခက်တာက ကျနော်ကစိတ်ပါပြီး ရေးချင်စိတ်ရှိလာမှ ရေးထွက်တာ။ နောက့့်  ကိုယ်စိတ်ဝင်စားတဲ့ အကြောင်း ကိုပဲ ရေးချင် တာ။ သေချာတာက ဟိုစပ်စပ်ဒီစပ်စပ်ရေးဖူးပေမယ့် ဘာတခုမှ ပရော်ဖက်ရှင်နယ် မဖြစ်ဘူး။
လုပ်ချင်တာလေးတွေလုပ်နိုင်ဖို့ တချို့ကိစ္စကိုတော့ တွဲလုပ်ရမယ်ဆိုတဲ့ တကိုယ်တော်မူနဲ့ စာလေးတွေကို အားစိုက်ရေးဖွဲ့ကြည့် ပါတယ်။ ဖြစ်လာတာတွေလည်းရှိသလို ပျက်သွားတာတွေလည်း အပုံကြီး။
လုပ်ရင်းက ခုဆို မိသားစုအကြပ်အတည်းဘ၀ကို ကုန်ကြမ်းအဖြစ် ကြည့်မြင်တတ်လာပြီ။ စကားဝိုင်းတွေထဲ မှာကုန်ကြမ်းရှာ တတ် လာပြီ။ စာရွက်တဖက်လွတ်တွေကို တန်ဖိုးထားတတ်လာပြီ။ ဖရီးကွန်ပျူတာ သုံးနိုင်ခွင့်ကို ထွင်တတ် လာပြီ။ အင်တာနက်တက်နိုင်ခွင့်ကို ပျောက်ကျားပစ်တတ် နေပြီ။
ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဗိုလ်ကျားကို ပြေးသတိရမိတယ်။ မာနယ်ပလော ခေတ်ကောင်းချိန် လောက်က နာမည် ကြီးခဲ့တဲ့ ကဗျာဆရာ ဗိုလ်ကျားပေါ့။ မာနယ်ပလောတခွင်လုံးကို ဗိုလ်ကျားရဲ့ကဗျာတွေက နေရာယူ ထားတာ။ သစ်ပင် တွေ၊ နံရံတွေတိုင်းမလွတ်ဘူး။ ကင်းစောင့်နေတဲ့ ရဲဘော်လေးတွေ၊ ထမင်းချက်နေတဲ့ စားဖိုမှူးတွေရဲ့ လက်ထဲ အရောက် သူ့ ကဗျာတွေကို ဖြန့်ချိနိုင်တယ်။ အခြားစာစဉ်၊ စာစောင်တွေ ပုံမှန်ထွက်နိုင်ဖို့ ခက်ကောင်းခက်နေ ကြမယ်။ ဗိုလ်ကျားရဲ့ သက္ကဌ စာစဉ် ကတော့ ပုံမှန်ပဲ။
ရလဒ်ကတော့ ဗိုလ်ကျားဆို ဘယ်ရုံးကမှ အ၀င်မခံကြတော့။ ဗိုလ်ကြားလာရင် စာရွက်တောင်းတတ်လို့၊ စာရွက်ဖိုး တောင်း တတ် လို့၊ စာရွက်ထုတ်တွေ ပျောက်တတ်လို့ တဲ့။
ခုလည်း ကျနော့်ကို ရပ်နီး၊ ရပ်ဝေးမိတ်ဆွေများကအစ ရှောင်လာကြပါပြီ။ အသေးအမွှားလို့ပြောရမယ့် ပရင့် ထုတ်တဲ့အချိန် ရိုက်ထားတဲ့စာ မှားနေတာမြင်လို့ တလုံးနှစ်လုံးကို ပြင်ဆင်ခွင့်လေး တောင်းရင်တောင်ခင်ဗျား တလုံးနှစ်လုံးကို ကြောက်နေ ပြီဗျာ တဲ့  ။
(၅)
အကူအညီတွေခေါင်းပါးလာတော့ ခိုင်ထူးသီချင်းထဲကလိုပဲ မင်းလောက်ကိုယ့်အပေါ် ဘယ်သူ မှမကောင်းဘူး ဆိုတဲ့ ဓါတ်ပြား ဟောင်းကိုပဲ ပြန်ဖွင့်ရတာပေါ့။ ဇနီးသည်ကိုမြှုပြီး စားစရိတ်မရှိမယ့်ရှိမယ့်ထဲက ရေညှစ်ရတာပေါ့။
မိန်းမရယ့့်  ငါ့စာမူခလေးရရင် ပြန်ပေးပါမယ်ကွာ။ စာသွားရိုက်ဖို့ လိုနေလို့ပါ။
ငါ့စာမူလေးပို့ချင်လို့ အင်တာနက်ဖိုးလေး ခဏ သွားချေးထားပေးပါကွာ။
စာမူခရတာနဲ့ ပြန်ပေးမယ် စိတ်ချ့ 
ဒီတခါ နောက်ဆုံးပါကွာ့ 
စာမူခ ရခြင်း၊ မရခြင်းက မသေချာပေမယ့် အရင်းအနှီးကတော့ ဒီနဲ့တင် ရပ်မနေပါဘူးဗျာတို့။
စာရေးဖို့ကြိုးစားမှ ညဖက်ညဖက် ကလေးတွေကို စာသင်ပေးနေကျက မသင်ဖြစ်တော့။ ဒါ့အပြင် စာလာလာမေးပြီဆိုရင်လည်း ရထားတဲ့စိတ်ကူးအတွေးလေး ပျက်သွားမှာစိုးလို့ အော်ရ၊ ငေါက်ရ။
ငါ့ဆီမလာကြနဲ့၊ သွာ့း့  နင်တို့အမေကို သွားမေးကြ
ခဏလောက် တိတ်တိတ်လေးနေပေးကြပါ။ ဒီမှာ အာရုံလေး ပျောက်မသွားအောင်လို့
စကားပြောဖော်၊ ဆွေးနွေးဖော် မိတ်ဆွေတွေနဲ့လည်း ဆက်ဆံရေးကျဲလာပြီ။ တွေ့ဖြစ်ရင် စကားပြောဖြစ်နေမှာမို့ အိမ်ရှေ့မှာ စာမရေးရဲပဲ၊ အခန်းမှောင်မှောင်ထဲ စာခိုးရေးရတာလည်း တဒုက္ခ။
ခါတိုင်းလုပ်နေကျ အဖွဲ့အစည်းအလုပ်တွေလည်း ပျက်ကွက်တာများပြီလေ။ စိတ်ရောကိုယ်ပါ အားတက်သရော ထူထောင်ခဲ့တဲ့ ဗမာအမျိုးသားအသင်းရဲ့ လုပ်ငန်းတွေနဲ့လည်း ကင်းကွာသွား။ တိုင်းရင်းသားရင်ပြင် သင်တန်းကျောင်းနဲ့ လည်း ခပ်စိမ်းစိမ်းဖြစ် သွား။ ဒါတွေက ပေးလိုက်ရတဲ့ မထင်မရှား အရင်းအနှီးတွေပေါ့ဗျာ။

 


(၆)
တညနေလုံး အကိုဖားထွက်ရိုက်ဖို့ပြင်တဲ့ လက္ခဏာကို အရိပ်အရောင်တောင်မမြင်ရ။ ညဖက်ရောက်တော့လည်း အခန်းထဲမှာ စာထိုင်ရေးနေတာပဲ တွေ့နေရတယ်။အကို မညာတတ်မှန်းသိပေမယ့် သံသယ၀င်ချင်ချင်။ အကိုဘယ်တော့ များ ဖားရိုက်ထွက် မလဲစောင့်ရင်းက ကျနော်သာ အိပ်ပျော်သွားခဲ့ရ။
မနက်နိုးနိုးချင်း မနေနိုင်မထိုင်နိုင် အကို့ကိုလိုက်ရှာပြီး မေးပစ်လိုက်တယ်။
ညက ဖားထွက်ရိုက်မယ်ဆို လို့ 
ဟုတ်တယ်လေ။ အိမ်မှာ ဖားတွေမှမတွေ့ရပဲ။ မနေ့ကတနေကုန် စိတ်ကူးယဉ်ခဲ့သမျှ အလကားဖြစ်ကုန်တာကိုး။
အကိုက ဘာမှပြန်မဖြေပဲ သူ့အခန်းထဲပြန်ဝင်သွားတယ်။ တအောင့်လောက်အကြာ ထွက်လာတော့ လက်ထဲမှာ လျှောက်လွှာ စာရွက် တထပ်နဲ့။ ပြီးတော့ ပြောလိုက်သေးတယ်၊ ဖတ်ကြည့် တဲ့။


ရေးထားတဲ့စာက ၀တ္ထုနဲ့တူပါတယ်။ (ရ) မျက်နှာလောက်ရှိတယ်။ ခေါင်းစဉ်က ဒီည ဖားထွက်ရိုက်မယ် တဲ့။
စာဖတ်နေရာက ရုတ်ကရက်ခေါင်းထောင်လာတဲ့ ကျနော့်ကို ကြည့်နေတဲ့အကိုက လှမ်းပြုံးပြရင်း၊ ဆက်ဖတ့့်  ဆက်ဖတ် တဲ့။
ကျနော်ဖတ်ကြည့်ပြီး နားလည်လိုက်တာက ဖခင်တယောက် သူ့မိသားစုစားဖို့ ဖားထွက်ရိုက်တဲ့ အကြောင်း။ ဖားတညထွက်ရိုက်လို့ ရလာတဲ့ဖားတွေနဲ့ ပေးလိုက်ရတဲ့ အရင်းအနှီးတန်ဖိုးတွေကို ယှဉ်ပြထားတာ။ ဖာရိုက်ဖို့ မီးခွက်ထဲ ထည့် ရတဲ့ ရေနံဆီဖိုး၊ တညလုံးမိုးရွာထဲ မိုးမိခံရတဲ့ဒုက္ခ၊ ကြုံတွေ့ရတတ်တဲ့ မြွေအန္တရာယ်တွေနဲ့ အိမ်မှာချန်ထားခဲ့ရတဲ့ သားသမီးတွေ အပေါ် ပျက်ကွက်မှု၊ ဒါတွေကိုရေးထားတာ။
ကျနော်တော့ ဒီလိုတခါမှဒါတွေ မတွေးမိပါဘူး။ အကိုရေးသလို ဖားရိုက်ထွက်သူတိုင်းလည်း စဉ်းစားမိကြမယ်လို့ မထင်ဘူး။ ဒီလိုသာလိုက်တွက်နေမယ်ဆိုရင် ဖားရိုက်တဲ့သူတောင် ရှိတော့မှာမဟုတ်ဘူး။
ဟာ့  အကို့ ဖားရိုက်ထွက်မယ် ဆိုတာကြီးကလဲ့ ။
၀၇ ၊ ၀၉ ၊ ၀၉
 

လူဗိုလ်  ၂၆-၉-၂၀၀၉

 
ယခင်ဖော်ပြပြီး ရသ စာမျက်နှာများ
 
အကို ဖားထွက်ရိုက်သလိုမျိုး----လူဗိုလ်
မိုင်ဟေမာတွင်း ထုံဝေစီ----လူဗိုလ်
ဖခင်ကောင်းတစ်ယောက် ပီသပါပေ့
ခါချဉ်
ပရမတ် မဟုတ်သော ပညတ်
တွေးနေစရာ လို လို့ လား
လက်မှတ် ၀ယ်ထားလို့
ကိုယ့်အကျိုးပေးနှင့် ကိုယ်
လမ်းပေါ်ကလူ၊ ကားပေါ်ကလူ
မျောက်မြီးနဲ့ မျောက် ကိုပြန်ချည်ခြင်း ---ဦးဝင်းဖေ
ကျွန်ုပ်နှင့် မောင်တိကျ  ---အောက်တိုဘာအောင်ကြီး
တပည့် ဥာဏ်မထိုင်းပါ
အစ်ကိုတွေလား၊ အကိုတွေလား
ကူညီပါရစေ
ဆီလုပ်ငန်းရှင်
ကျွန်တော်ရှာတာက